Anniversary Day နှစ်ပတ်လည်နေ့

ကျွန်တော်တို့တတွေ ၁၉၉၀ မှာ ဂန္ဓီအစည်းအဝေးကတည်းက အလုပ်ရှုပ်နေကြပါပြီ။ ကျွန်တော်တို့ဆိုတာ ပူပူနွေးနွေး အရွေးခံထားကြရသူတွေ။ ပိုပြီးတိကျအောင်ပြောရရင် NLD အမတ်၊ အရွယ်လတ်တွေပါ။ နဝတ စစ်အစိုးရကနေ ၁/၉ဝ ခေါ် အရွေးခံရတာဟာ လွှတ်တော်ခေါ်ဘို့မဟုတ်၊ အစိုးရလုပ်ဘို့မဟုတ်ဆိုတာ ထုတ်တဲ့အချိန်ကစပြီး ကျွန်တော်တို့ ခေါင်းအလုပ်၊ ခြေလက်အလုပ်တွေ ရှုတ်ကြတာပါ။

အညာမှာ မန္တလေးတိုင်းက ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးဘိုလှတင့်၊ စစ်ကိုင်းတိုင်းက ဦးဝင်းကိုနဲ့ ကျွန်တော်တို့ ခေါင်းချင်းဆိုင် ခြေချင်းလိမ်ကြရတယ်။ ကိုယ့်မြို့နယ်ကိုယ်စီကလွဲရင် ကျွန်တော်တို့ကို လူထုကမသိကြပါ။ အဲတော့ ခေါင်းဆောင်ရွေးကြတယ်။ ရွေးထားတဲ့သူကို သွားပြောဘို့တာဝန်က ကျွန်တော်နဲ့ ဦးဘိုလှတင့် ကျတယ်။ အဲတာနဲ့ ဒေါက်တာစိန်ဝင်းအိမ်ကို ရောက်တယ်။ ဆွဲဆောင်စည်းရုံးကြတယ်။ ဂရင်းလိုက်က ပဌမတခေါက်နဲ့မပြ။ နောက်တော့ သူလည်း ကောက်ကောက်ပါလာတယ်။

နောက်ပိုင်းအစီအစဉ်တွေမှာ ဦးဝင်းကိုကရှေ့ဆုံးက။ ဒိအရင်မှာ ဦးသိန်းဦး (မန္တလေး) နဲ့ ဦးလှဖေ (ပျော်ဘွယ်) တို့က အရင်ဆုံး အစိုးရအခေါ် သူပုန်စခန်းအထိသွားကြတယ်။ ကြိုဆိုပါ၏ ကတိစကားအရ ထိုင်းနယ်စပ်ကို ထွက်ကြဘို့ လုပ်ကြပါတယ်။ ကျွန်တော်နဲ့ ကိုဇော်မြင့်မောင်က လူထုတ်ပို့ရေး တာဝန်ယူကြတယ်။

တိုင်းနဲ့ပြည်နယ် (၁၄) ခုက (၂) ယောက်ကျစီရွေးတယ်။ (၁) ယောက်စီက အပြင်ထွက်၊ အစိုးရဖွဲ့။ ကျန် (၁) ယောက်စီက အထဲမှာ စည်းရုံးရေးလုပ်။ အဲတာနဲ့ စစ်ကိုင်းတိုင်းထဲက ဦးဝင်းကိုက ရှေ့ထွက်၊ ကျွန်တော်က ကားလိပ်နောက်က။

လောကကြီးမှာ ထင်ထားတာမဖြစ်၊ မထင်တာတွေဖြစ်လာတတ်တယ် မဟုတ်ပါလား။ ကိုဇော်မြင့်မောင်က ၂၅ နှစ်တာ ထောင်းနန်းစံရတယ်။ ကျွန်တော်က ထွက်ပြေးရသူ ဖြစ်လာတယ်။

ကျွန်တော်နဲ့အဖွဲ့ဟာ မောမောပန်းပန်း ချင်းတောင်တန်းကြီးပေါ်မှာ ခရီးတယောက်အိပ်ရင်း စင်ပြိုင်အစိုးရ ဖွဲ့လိုက်ပြီလို့ ဒီဇင်္ဘာ (၁၈) ရက်ညမှာ ရေဒီယိုကကြားရတယ်။ ဟော  တို့လုပ်တာ လူသိသွားပြီ။

ကျွန်တော် မာနယ်ပလော ခေါ် ထိုင်း-မြန်မာနယ်စပ် KNU ပိုင်နယ်မြေကို အိန္ဒိယကနေကြိုးစားပြီး မရောက် ရောက်အောင် သွားပါတယ်။ ရောက်တော့ ဆရာစိန်ဝင်းက ဘန်ကောက်မှာ။ ကုလအစည်းအဝေးမီ ယူအက်စ်အေသွားဘို့ ရောက်နေလို့ ဖုန်းနဲ့သာ စကားပြောရတယ်။ သူလည်း အဲဒီကတည်း ထိုင်းကိုပြန်မရတော့တာ ကနေ့အထိပါ။

ဒေါက်တာစိန်ဝင်းအိမ်သွားပြီး ဝန်ကြီးချုပ်လုပ်ဘို့ပြောခဲ့တဲ့နေ့ကနေ ဖျက်သိမ်းတဲ့အထိ ကျွန်တော်တို့ နှစ်ယောက်က အတူတူ။ NCGUB ကို အဲဒီ ၁၄-၉-၂ဝ၁၂ နေ့မှာဖျက်သိမ်းခဲ့တာမို့ ကနေ့နှစ်ပတ်လည်နေ့ပါ။ တည်ဆောက်ရတာလည်း ခက်ခဲ့တယ်။ ဖျက်သိမ်းရတာလည်း ခက်ပါတယ်။

ဓါတ်ပုံ = ၂၅-၃-၂ဝဝ၄ နေ့က ဝါရှင်တန်ဒီစီ၊ ဆီးနိတ် မြန်မာ့အရေးကြားနာပွဲမှာ - ဦးနွယ်အောင် (ဂျာမဏီ)၊ ဒေါ်စီစီ၊ ဒေါက်တာစိန်ဝင်း၊ ဒေါက်တာတင့်ဆွေ။ ပုံထဲကလူမှန်သမျှ ၁၅ နှစ်မက ပိုအိုကြပြီ။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၆
၁၄-၉-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး