ကြွေရွက်ဆင်

တာရာမဂ္ဂဇင်းမှာပါတဲ့ ကြည်အေးကဗျာ။ ဖေါလ် ခေါ် ရွက်ကြွေရာသီစာလေးတင်အပြီးမှာ တွေ့တယ်။ ကျေးဇူး။ ၁၉၄၉ ခုနှစ်က ရေးတာ။ ကဗျာက မြန်မာ့လွတ်လပ်ရေးထက် တနှစ်သာငယ်တယ်။

ကြွေရွက်ဆင်

ညိုခြေရင့်ကို
လေလွင့်ပတ်ချာ မြေညံ့ပြာထက်
ရွှေဝါတဝက် စိမ်းယော်ဖက်စပ်
ဆက်တိုပ်ပြုတ်ကြွေ စောင်းရွှေရွှေစီ
ရွာစွေသွန်းသည့် ရွက်ကြွေမိုး။

ပျော်တပျက်လေ
ကြွေရွက်တလိပ် အသွားစိတ်နှင့်
ညှာထိပ်မခြောက် မြထွက်ပျောက်နှင့်
လက်အောက်ကျလာ အနားမှာမို့
အသာလှမ်းပြီး တိတ်တိတ်ကောက်။

လန့်ဆုတ်မိရဲ့
ညံ့အိစက်စက် ထိတွေ့လက်၌
သစ်ရွက်ရုပ်ပုံ အဆင်စုံလေး
လေကြုံမှာလွန့် ပြာတကန့်နှင့်
ဝါဖန့်ယော်ရွှေ ခပ်ဗွေပွေရယ်
မေကနီးကပ် မိုးပြီးရပ်နေ
ဇာသပ်ပိုးပျော့ ဆင်ထမီ။

လက်ရေးမူဖြစ်လို့ ကွန်ပြူတာဆရာတွေ နောက်ပေါက်အယ်ဒီတာတွေ သတ်ပုံပြင်ဘို့ ခက်ရှာကြလိမ့်မယ်။ စာကူးရိုက်တာမှားရင် ကျွန်တော့်တာဝန်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ