Bleeding Peptic Ulcer အစာအိမ်နာသွေးယိုခြင်း

၁။ မင်္ဂလာပါ ဆရာ။ ကျွန်မ အသက် ၂၂ပါရှင်။ မန္တလေးမှာနေပါတယ်။ အခုတလော ကျွန်မပတ်ဝန်းကျင်နှင့် Facebook ပေါ်မှာ အစာအိမ်သွေးကြောပေါက်လို့ ဆုံးသွားတဲ့သူတွေ တွေ့နေရပါတယ်။ အစာအိမ်သွေးကြောပေါက်ရခြင်း အကြောင်းနှင့် ဆောင်ရန်ရှောင်ရန်များကိုလည်း ပြောပြပေးစေလိုပါတယ်ရှင်။

၂။ ဆရာ အစာအိမ် သွေးယိုပြီး ဆေးရုံခဏခဏတက်နေရတယ်။ ရောဂါကို ဘယ်လိုစက်တွေနဲ့ရှာဖွေရမလဲ အချိန်ရမယ်ဆို ရှင်းပြပေးပါ။

၃။ ဆရာရှင့် ကျမအသက်က ၂၆ ပါ။ အိမ်ထောင်ရှိ ကလေး ၉ လကျော် နို့တိုက်မိခင်ပါ။ မနေ့က ချွဲသလိပ်ကပ်လို့ ချွဲခပ်ရင် ပျို့ အန်တာ သွေးလိုအရာတွေပါလာတယ်ဆရာ ဗိုက်မအောင့်မနာပါဘူး လူကလဲနေလို့ကောင်းပါတယ်။ ကျောနဲ့ရင်တော့ တော်တော်ပူတယ်။ သွေးကအနီမဟုတ်ပါ။ ဘာဖြစ်တာလဲမသိဘူးဆရာ။ ဘာဆက်လုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါအုံး။

၎။ ဆရာသမီ့း့ ပါ။ သိချင်တာလေရှိလို့ပါ။ gmail မှာမေးရင်ကြာလိုပါ။ အစားအိမ်သွေးကြောပေါက်ရင် အရေပေါ် ကုသနည်း ရှိပါသလားဆရာ။ ရှေ့ပြေးလက္ခဏာပြလားဆရာ။ အသိတယောက် ညတုန်းက အကောင်းကြီး မနက်ရောက်တော့ ဆုံးသွားလိုပါဆရာ။ အစားအိမ်သွေးကြောပေါက်တာလို့ ပြောပါတယ်ဆရာ။ သမီးလဲ ဗိုက်ခဏခဏ အောင့်လို့ပါဆရာ။

ဒီစာမှာ အစာအိမ်ကနေ သွေးယိုနေတာအတွက်သာ ရေးပါမယ်။ အစကတည်းက အစာအိမ်လေနာရှိမှန်းသိသူကနေ သွေးယိုလို့ အရေးပေါ်ဆေးရုံလာသူရှိသလို့ သွေးယိုမှ ဆေးရုံရောက်လာသူတွေလဲရှိတယ်။ ရင်ပူတာ၊ ဗိုက်အောင့်တာ။ အစာမကျေတာမျိုးရှိနေခဲ့နိုင်တယ်။ အလုပ်ပင်ပန်းပြီးနောက် ခေါင်းထဲပေါ့နေသလို နေမယ်။ ရုတ်ရက်အထမှာ မူးမယ်။ အားကုန်သလိုဖြစ်မယ်။

အကိုက်အခဲပျောက်ဆေး aspirin or ibuprofen သောက်ပြီးနောက်ဆက်ဖြစ်တာလဲရှိတယ်။ ဗိုက်နေရာကို နှိပ်ကြည့်ရင် နာမယ်။ ဝမ်းကိုစစ်ရင် သွေးနီဥတွေ့မယ်။ သွေးစစ်ရင် သွေးအားနည်းနေမယ်။ သွေးဖိအား BP နည်းနေမယ်။ အသားအရေ ဖြူရော်ရော်ဖြစ်နေမယ်။ အားမရှိသလိုနေမယ်။ ရေငတ်မယ်။ အနာနေရာက ရောင်လာလို့ အောက်မှာ သွေးကြောကို ပေါက်စေလို့ သွေးယိုတာဖြစ်တယ်။ သွေးအန်နိုင်တယ်။ ကော်ဖီရောင်အန်မယ်။ အောက်ဆက်တင်းရင် အဲဒီသွေးကို အစာချက်သလိုလုပ်ရာကနေ ဝမ်းအဆင့် ရောက်ချိန်မှာ မဲနက်နေတော့မယ်။ သွေးအနီရောင်ပါတာက အစာအိမ်ကနေ လာတာမဟုတ်ပါ။ အနက်ရောင်၊ ကတ္တရာစေးရောင်လို့ခေါ်တယ်။

အရေးကြီးတယ်။ အရေးပေါ်ဖြစ်တယ်။ ချက်ချင်းဆေးကုရမယ်။ ဆေးရုံတင်မယ်။ သွေးသွင်းရနိုင်တယ်။ အခြေခံ စစ်ဆေးတာတွေလုပ်မယ်။ အဆင့်မြင့်စစ်ဆေးတာတွေလုပ်မယ်။ အရေးပေါ်ခွဲစိတ်မှုလုပ်ရပါမယ်။ မြန်လေကောင်းလေ။ သွေးအားနည်းနေရင် သွေးရှာနေတုန်း ခွဲစိတ်ဘို့ ပြင်ဆင်ရမယ်။ ပေါက်နေတဲ့သွေးကြောကို ပိတ်တာနဲ့ အသက်ကို ကယ်နိုင်ပြီ။ အစာအိမ်နာကို ဆက်ကုသရမယ်။

တနည်းက Endoscopy အစာလမ်းထဲ ကိရိယာထည့်ပြီး သွေးတိတ်အောင် ဆေးထိုးမယ်။ လေဆာ သုံးနိုင်တယ်။ လျှပ်စစ်သုံးနိုင်မယ်။ ကလစ်နဲ့ညှပ်နိုင်တယ်။ မရသေးရင် Angiography နည်းနဲ့ဆေးထိုးမယ်။

ဘာလို့ သွေးယိုသလဲကို စစ်ဆေးပြီး ထပ်မဖြစ်အောင်လုပ်ရမယ်။ H. pylori ပိုးဆိုရင် Antibiotics ပိုးသေဆေးပေးမယ်။ ranitidine (Zantac), omeprazole (Prilosec, Zegerid) နဲ့ lansoprazole (Prevacid, Prevacid SoluTab) ဆေးတွေက အစာခြေရည် ထွက်တာကို နည်းစေမယ်။ Antacids အက်စစ်ပျယ်ဆေးတွေလိုမယ်။ Colitis အူရောင်တာအတွက် Anti-inflammatory drugs ဆေးပေးမယ်။ Polyps ရှိနေရင် ခွဲစိတ်ကုသမယ်။

လေနာရှိသူတွေ ခံစားရမှာတွေကတော့ ဗိုက်နာ၊ ရင်ပြည့်၊ လေတက်၊ ရင်ပူ၊ ပျို့-အန်။

လေနာကနေသွေးထွက်ရင် လေနာရောဂါရာဇဝင်ရှိသူကများတယ်။ တချို့မသိကြပါ။ အသားအရေဖြူနေမယ်။ အားမရှိဖြစ်မယ်။ ရင်ထဲပေါ့နေမယ်။ အသက်ရှူမဝဖြစ်မယ်။ ဝမ်းအမည်းရေင်သွားမယ်။ အန်တာက ကော်ဖီနှစ်ရောင် ဖြစ်မယ်။ သွေးထွက်တာမြန်လေ များလေ ဆိုးလေ။ စိမ်းယိုနေတာကလည်း မသိရင်ဆိုးတယ်။

Helicobacter pylori (H. pylori) ပိုးကြောင့် လေနာဖြစ်တယ်။ တချို့မှာ NSAIDs ခေါ် အနာသက်သာဆေးတွေကြောင့် ဖြစ်တယ်။ aspirin (Bayer Aspirin, Bufferin) ဆေး၊ ibuprofen (Advil, Motrin) ဆေး၊ ketorolac (Acular, Acuvail) ဆေး၊ naproxen (Aleve) ဆေးနဲ့ oxaprozin (Daypro) တွေဖြစ်တယ်။ Acetaminophen (Tylenol) ကြောင့်လည်း ဖြစ်တယ်။

အနာအကိုက်သက်သာဆေးတွေ များလို့၊ အရက်နဲ့တွသြောက်လို့၊ လူကအသက်ကြီးလို့၊ စတီရွိုက်ဆေးပါ သောက်နေလို့ကြောင့် သွေးထွက်နိုင်တယ်။ Zollinger-Ellison syndrome ကနေလည်း အစာအိမ်အနာဖြစ်နိုင်သေးတယ်။

အလားအလာ
စနစ်တကျကုသရင် ၈ဝ-၉ဝ% ကောင်းတယ်။ အစာအိမ်အနာကိုဖြစ်စေတဲ့ပိုးအတွက် ပိုးသေဆေးပေးမယ်။ အနာအကိုက်ပျောက်ဆေးတွေ သတိထားရမယ်။ လေ့လာမှုတခုအရ အစာအိမ်သွေးကြောပေါက်လို့ ဆေးရုံရောက်သူတွေ ရက် ၃ဝ အတွင်းမှာ ၁၁% သေဆုံးတယ်။ ဆောရီး။ အသက်ကြီးသူ၊ ကျန်းမာရေးအခံမကောင်းသူ၊ သွေးအားနည်းနေသူ၊ ဆေးလိပ်သောက်သူတွေ ပိုဆိုးတယ်။ ယောက်ျားတွေက ပိုဖြစ်တယ်။ Aspirin, ibuprofen ဆေးတွေ၊ အရက်နဲ့ ဆေးလိပ် ရှောင်ရမယ်။

1. Bleeding Peptic Ulcer အစာအိမ်နာ သွေးယိုခြင်း http://doctortintswe.blogspot.com/2014/11/bleeding-peptic-ulcer_25.html
2. Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/11/peptic-ulcer-diagnosis_25.html
3. Peptic ulcer လေနာဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://doctortintswe.blogspot.com/2014/11/peptic-ulcer.html
4. Heartburn ရင်ပူခြင်း http://doctortintswe.blogspot.com/2015/03/heartburn.html
5. Bloody or tarry stools ဝမ်းအမည်းရောင်သွားခြင်း http://doctortintswe.blogspot.com/2016/12/bloody-or-tarry-stools.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး