Chocolate cyst ချောကလက် ဆစ်

(ကန်တော့ပါ)

၁။ အသက် ၃၂နှစ် အမျိုးသမီးပါ။ လပ်ထပ်ပြီး ၄လအကြာထိ ကလေးမရသေးလို့ပါရှင့်။ Menstruation ကတော့လ စဉ်ပုံမှန် ၂၄/၂၅/၂၆ရက်တွေမှာလာပါတယ်ရှင့်။ သမီးမှာ chocolate cysts ဆိုတာရှိတာ၅နှစ်ရှိပြီ။ အိမ်ထောင် မကျခင်တည်းက ရှိတာပါဆရာရှင့်။ အခုကလေးလိုချင်တာပါရှင့်။ ဘယ်လိုလုပ်ရမယ်မသိလို့ ဆရာကို လှမ်းမေးရတာပါရှင်။ ညွှန်ကြားပေးပါအုံးရှင့်။ လေးစားစွာဖြင့်။

၂။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၃၆ နှစ်၊ အိမ်ထောင်ရှိပါတယ်။ သားသမီးမရှိသေးပါ။့ မှာနေပါတယ်ဆရာ။ အခုဒီမှာ OG နဲ့ ပြနေပါတယ်။ Ultrasound ရိုက်ပြီးသိရတာက Endometrioma / chocolate cyst လို့ ပြောပါတယ်ဆရာ cyst က အကြီး 4.1cm နဲ့ အခြာအသေး ၂ လုံးရှိပါတယ်တဲ့။ ကျွန်မကသားသမီးလည်းလိုချင်နေတာဆိုတော့ OG က ခွဲစိတ်လိုက်မှ ရမယ်ပြောပါတယ်။ ခွဲစိတ်ပြီးရင်ရဖို့ နဲနဲလွယ်သွားပြီဟု ပြောပါတယ်ဆရာ။ ခွဲစိတ်စရိတ်က မြန်မာငွေသိန်း ၃၀ ဝန်းကျင်ဆိုတော့ ကျွန်မစဉ်းစားရပါတယ်ဆရာ။ ကလေးရဖို့ ရာခိုင်နှုန်းများရင် ခွဲစိတ်ချင်ပါတယ်။ မခွဲစိတ်ဘဲ တခြားနည်းလမ်းနဲ့ သားသမီးရနိုင်ဖို့ ရှိပါသေးလားသိချင်မိပါတယ်ဆရာ။ ပထမအဆင့်ခွဲစိတ်ရမှာပဲလားဆရာ။ ငွေကုန်ကျခံပြီး သားသမီးရဖို့တော့ မျှော်လင့်မိပါတယ်ဆရာ။ ဒီမှာဘာသာစကားအခက်ခဲကြောင့် ဘယ်လိုမေးမြန်းပြီး ကျွန်မဘာကို ရွေးချယ်သင့်ပါသလဲ ကူညီပေးပါဆရာရယ်။ အထူးကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ့ဆေးပညာစာများကို ဖတ်ရှုလေ့လာမှတ်သားနေသူပါ။ ကျန်းမာချမ်းသာပါစေဆရာ။ လေးစားစွာဖြင့်

၃။ ဆရာရှင့် ကျွန်မအသက်က ၃၇ ရှိပါပြီရှင်။ အပျိုပါရှင်။ ကျွန်မ့ မှာ သားဥပြွန်မှာ ရေအိပ်တည်လို့ ခွဲရပါတယ်ရှင့်။ ချောကလက်လိုအရည်တွေ လို့ပြောပါတယ်ရှင့် ဆေးရုံဆင်းတော့ depo 150 mg ထိုးပေးလိုက်ပါတယ်ရှင်။ အခုဆို ကန်တော့ပါဆရာ ကျွန်မရာသီလာရင် ၅ ရက် ၆ ရက် လောက်များပြီးကျန်တဲ့ရက်က နည်းနည်းနဲ့ ဆင်းနေလို့ သိချင်ပါတယ်ဆရာ။ စိုးရိမ်ရပါ သလားရှင့်။ ဆရာဝန်နဲ့ ပြန်ပြရမလား သိချင်ပါတယ်ရှင်။ လေးစားစွာဖြင့်။

၎။ မင်္ဂလာပါဆရာ။ သမီးက ဗိုက်ခွဲပြီး ရေအိတ်ထုတ်ထားသူပါ။ ဘယ်ဖက်ရေအိတ်လို့ပြောပါတယ်။ သမီးက အိမ်ထောင်သယ်လည်း မဟုတ်ပါဘူး။ ကျန်တဲ့ညာဖက်မှာလည်း ချောကလက်ရောင် အနည်းငယ်ရှိသေးတယ်လို့လည်း ပြောပါတယ်။ အိမ်ထောင်ပြုရင်လည်း သားအိမ်မှာလည်း သန္ဓေမတည်တတ်ဘူးလို့ပြောပါတယ်။ ဆိုးကျိုးတွေ များနေလားဆရာ။ သမီးကို ကျေးဇူးပြုပြီးရှင်းပြပေးလားဆရာ။ အသက်က ၃၂ ပါဆရာ။့ ကပါဆရာ။ တားဆေးလည်း ၂ လုံးကို ၁ လတကြိမ် ၆ လထိုးရမယ်လို့ပြောပါတယ်။ သမီးဘက်က မပြည်စုံတာမေးတာများ မှားမိရင်လွှတ်ပါဆရာ။

၅။ ဒေါက်တာရှင့် သမီးအသက်က ၂၇ ပါ။ လူကအကောင်သေးပါတယ်။ ခုသမီးသားအိမ်ထဲမှာ ချောကလက်ရောင် အစွေလေးတွေ ၂ ဘက်စလုံးမှာရှိနေပါတယ်။ သေချာအောင်လည်း အထွာဆောင်းရိုက်ကြည့်ပြီးပါပြီ။ အိမ်ထောင်လည်း ရှိပါတယ်။ ကလေးလိုချင်တာလည်းမရပါဘူး။ ခု့ မှာရောက်နေပါတယ်။ ဆရာဝန်နဲ့ပြနေပါတယ်။ ကလေး မရနိုင်သေးဘူးလို့ပြောပါတယ်။ ပြီးတော့ သားတားဆေးထိုးခိုင်းပါတယ်။ လွန်ခဲ့တဲ့လေးနှစ်လောက်က ၃ လခံဆေး ထိုးပါတယ်။ ၃ ခါထိုးပြီး ဆေးလွတ်လိုက်တော့ သွေးတွေအများကြီး ဆင်းလာပါတယ်။ သွေးတွေက အင်ဂျင်ဝိုင် အဟောင်းတွေလို မည်းနေပါတယ်။ မတ်တတ်ရပ်လို့မရအောင်ဆင်းပါတယ်။ သွေးတိတ်ဆေးတွေ နေ့တိုင်းစားရပါတယ်။ ၂၅ ရက်လောက်စားပြီး တခြားဆရာဝန်တယောက်နဲ့ ပြောင်းပြတဲ့အချိန်မှာ ဆေးပြန်ထိုးပေးလိုက်တာ ကောင်းသွားပါတယ်။ ခုလည်း သားတားဆေးပြန်ထိုးရမှာကြောက်နေပါတယ်။ ပြီးခဲ့တဲ့လက တလအစမ်းထိုးကြည့်တာ ရာသီလာတာနည်းသွားပါတယ်။ အရင်လိုပြန်ဖြစ်မှာလည်း ကြောက်ပါတယ်။ ကလေးလည်းလိုချင်ပါတယ်။ ဘယ်လို လုပ်ရမလဲမသိတော့ပါ။ ရာသီလာရင်လည်း အရမ်းနာပါတယ်။ ခွဲစိတ်ဖို့မေးတော့လည်း အလုံးတွေအရမ်းသေးလို့ ခွဲမရဘူးလို့ ပြောပါတယ်။ ကျေးဇူးပြုပြီး အကြံဥာဏ်လေးပေးပါဆရာ ကျေးဇူးတင်ပါတယ်။

၆။ သမီး အိမ်ထောင်ကျတာ တနှစ်နှင့်လေးလရှိပါပြီ။ သမီးက ၃၇ နှစ်၊ အမျိုးသားက ၃၅ နှစ်ပါ။ သားသမီး မရသေးပါ။့ မှာ နေပါတယ်။ မြန်မာပြည်ပြန်စဉ်က အူအတက်ရောင်လို့ ခွဲစိတ်ရပါတယ်။ အဲဒီမှာ သားဥပြွန်ညာဘက်ဘေးမှာ ချောကလက်ရောင် သွေးတွေတွေ့ရတဲ့အတွက် ဆရာဝန်က သွေးတွေကို စုပ်ထုတ်ပေးပြီး မီးရှို့ပေးခဲ့ပါတယ်။ ယခင်ကလဲ ရာသီလာရင် ကိုက်ခဲတာ ၂ နှစ်လောက်ရှိပါတယ်။ OG နဲ့ပြတော့ သုံးလခံတားဆေး ၆ လဆက်ထိုးရမယ်ဆိုလို့ တကြိမ် ထိုးပါတယ်။ ကလေးယူဘို့ကြိုးစားနေတာပါ။ ဒီဇင်္ဘာလထဲမှာ သွေးနဲနဲဆင်းလို့ ရန်ကုန်က OG ကိုပြတော့ တားဆေး ဆက်မထိုးဘို့ပြောပါတယ်။ ဒီကိုပြန်ရောက်ပြီး သွေနည်းနည်းလာနေတာ တလကျော်ကြာနေပြီ။ ရိုးရိုးဆရာဝန်က Meliane ဆေးပေးပါတယ်။ ၂၁ ရက်သောက်ရတယ်။ ဆေးကုန်လို့ ရာသီပြန်လာတော့ အရမ်းကိုက်ခဲ့ပါတယ်။ သမီးကို အကြံပေးပါရှင့်။

၇။ အသက် ၃၉။ ၂၀၁၃မှာစဖြစ်ပြီး အရမ်းကြီးမနေနိုင်မှ ဆရာဝန်ပြတာ အပျိုပါ။ ရာသီလာချိန်မှာ ဆီးဝမ်းသွားရမှာကို ကျောက်နေပါတယ်။ ဆရာပြတဲ့ဆရာဝန်က ငယ်လို့မထုတ်ပေးစဉ်းစားခိုင်းပါတယ်ဆရာ။ နောက်ဆက်တွဲ ဆိုးကျိုမများရင်ထုတ်ချင်လို့ပါဆရာ။ သိချင်လို့ဖြေပေးပါဆရာ။ ရိုင်းရင်ခွင့်လွှတ်ပါဆရာ။

သတ်ပုံတွေအရင် ပြင်ပါရစေ။ ကြောက်နေလို့ ရေးရတယ်။ ဆိုးရိမ် မဟုတ်၊ စိုးရိမ်။ တိချင်တာလေးမဟုတ် သိချင်တာလေး။ ဗိုက်ခွဲပီမဟုတ် ဗိုက်ခွဲပြီး။ အနည်းငယ်ရှိတေးတယ်မဟုတ် အနည်းငယ်ရှိသေးတယ်။ သအိမ်မဟုတ် သားအိမ်။ ကျေးဇူးပြုပီမဟုတ် ကျေးဇူးပြုပြီး။

ဖြစ်တဲ့သူတွေက ၃၉ အပျို၊ ၃၂ အိမ်ထောင်ကျပြီးသူ၊ ၃၆ သားသမီးမရှိသူ၊ ၃၇ အပျို၊ ၃၂ အပျို၊ ၂၇ သားသမီးမရှိသေး၊ ၃၇ သားသမီးမရှိသေး။

ဒီစာကိုရေးတုန်းက ဗယ်လင်တိုင်းဒေးမို့ ချောကလက်တွေရောင်းကောင်းနေချိန်ကဖြစ်ပါတယ်။ ချောကလက်ဆစ် မျိုးဥအိမ်ရောဂါကို Endometrioid cyst နဲ့ Endometriosis of ovary လို့လည်းခေါ်တယ်။ ဒီရောဂါဟာ Endometriosis သားအိမ်ရောဂါတမျိုးကနေဖြစ်တယ်။ (စာ ၂ ပုဒ်ရေးထားပါတယ်။)

Endometrial tissue ခေါ် သားအိမ်အတွင်းဆုံးလွှာတစ်ရှူးတွေက ပုံမှန်မဟုတ်တဲ့နေရာတွေမှာ ရောက်နေတာကို ခေါ်တယ်။ သားအိမ်အတွင်းဆုံးလွှာဆိုတာ ရာသီစက်ဝိုင်းအတွင်းမှာ အမြဲမပြတ်ပြောင်းလဲနေတာမျိုးဖြစ်တယ်။ ပါးရာကနေ ထူတယ်၊ ကြီးရင့်မယ်၊ ပျက်စီးပြီး သွေးဆင်းတယ်။ အဲဒီ တစ်ရှူးတွေက မျိုးဥအိမ်မှာရောက်နေလို့ ဒီဖြစ်စဉ်ကလဲ အဲဒီနေရာမှာ ဖြစ်နေတော့မယ်။ ခက်တာက သားအိမ်လို ထွက်တဲ့သွေးက ဆင်းထွက်စရာ မွေးလမ်း (ဗဂျိုင်းနား) မရှိဘူး။ ဒါကြောင့် သွေးတွေက အောင်းနေ၊ စုဝေးနေပြီး အိတ်ဖြစ်လာတော့တယ်။ အရောင်ကသွေးဖြစ်လို့ ရက်ကြာလေ အရောင်ပြောင်းလေ။ နီညိုညိုအရောင်ကို ချောကလက်လို့ခေါ်ကြတာမို့ မျိုးဥအိမ်မှာ ချောကလက်အိတ်လို့ ခေါ်တယ်။ သွေးဟောင်းတွေက ပေါက်ထွက်လာနိုင်ပြန်တယ်။ ဘေးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်ကြတဲ့ သားအိမ်၊ ဆီးအိမ်နဲ့ အစာလမ်းတွေပေါ်ရောက်နိုင်တယ်။

ဘယ်လိုကုသမလဲ
(၁) ဆေးပေးနည်း
• NSAID အနာ-အကိုက်သက်သာဆေးတွေသောက်ရမယ်။ (စာတပုဒ်သပ်သပ်ရေးထားပါတယ်။)
• Hormonal contraception ဟော်မုန်းပါ ကိုယ်ဝန်တားဆေးပေးမယ်။ မျိုဥမထွက်တဲ့ ရာသီစက်ဝန်း ဖြစ်နေအောင် လုပ်ပေးမယ်။ ဒါကြောင့် ကလေးမရစေနိုင်ပါ။
• Progestational agents (Medroxyprogesterone), Danazol, Gestrinone, or Gonadotropin-releasing hormone agonists (GnRH) ဆေးတွေကိုသုံးတာ များတယ်။
• GnRH ဆေးကို estrogen နဲ့ progestogen ရောပေးတာလဲ လုပ်နိုင်တယ်။
• ဒီဆေးပေးနည်းတွေက အားလုံးကို ပျောက်စေတာတော့ မဟုတ်ပါ။ (ဆောရီး) ဘေးထွက်-ဆိုးကျိုးတွေလဲ ရှိပါမယ်။ ဥပမာ မျက်နှာနီမြန်းတာ၊ အရိုးထုထည်နည်းတာ၊ အသံနက်နဲတာ၊ ကိုယ်အလေးချိန်တိုးတာ၊ မျက်နှာမွှေးများတာ။

(၂) ခွဲစိတ်ကုသနည်း
• Laparoscopic surgical approaches ခွဲစိတ်ကိရိယာသုံးပြီး Ovarian adhesions မျိုးအိမ်မှာ တွယ်ကပ်နေတာတွေကို ရှင်းမယ်။ တချို့မှာ Surgical removal and excision ခွဲစိတ်ထုတ်ဘို့လိုမယ်။
• Laser surgery လေဆာနည်းနဲ့ Cauterization လျှပ်စစ်နည်းလဲသုံးပါတယ်။ ဒါပေမဲ့ သိပ်မထိရောက်တာ တွေ့ရတယ်။
• Endometrioma drainage နည်းနဲ့ Sclerotherapy နည်းတွေရှိပေမဲ့ သိပ်မကောင်းလှပါ။
• Conservative surgery ကလေးရနိုင်အောင် ထိန်းပြီးခွဲစိတ်နည်းကိုလဲ လုပ်ဘို့လိုတတ်တယ်။ သတိထားဘို့ရှိပြန်တာက
• FSH values ဟော်မုန်းတက်လာနိုင်ပြီး၊ မျိုးဥအိမ်အလုပ်ကိုနည်းစေနိုင်တယ်။
• Operative laparoscopic surgery ကိရိယာသုံးခွဲစိတ်နည်းကနေ မျိုးပွါးနိုင်ချေကောင်းစေနိုင်ပြီး၊ နာတာကို သက်သာစေနိုင်တယ်။
• Radical surgical options မရတဲ့အဆုံး အားလုံးထုတ်ပေးရတဲ့ခွဲစိတ်နည်းမှာ Singular or bilateral oophorectomy မျိုးဥအိမ်ကို တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ထုတ်ရတယ်။

ခွဲစိတ်ပြီး သားသမီး ရ မရ အာမခံချက်တော့ မရှိပါ။ ဆောရီး။ ရောဂါကိုတော့ စနစ်တကျ ကုသရပါမယ်။

Ovarian cyst မျိုးဥအိမ်အလုံး https://doctortintswe.blogspot.com/2015/02/ovarian-cyst.html

ဒေါက်တာတင့်ဆွေ
၁၂-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး