Menstrual Suppression ရာသီကိုပြောင်းစေနည်း

သင်္ကြန်နဲ့ ရာသီရက် တိုက်နေမှာစိုးလို့ ရာသီရက်ရွေ့နည်းစာကို တလတိတိကကြိုတင်ပေးထားတယ်။ နောက် နှစ်ပတ်တော့တခါ ထပ်တင်ပေးထားတယ်။

၁။ Hi ဆရာ တခုလောက်မေးချင်လို့ပါရှင့် ကန်တော့ပါနော် ရာသီခုမှစလာတာ ရေပက်ခံထွက်လို့ရမရ ပြောပြပေးလို့ ရမလားရှင့်။

မေးတဲ့သူ အသက် မသိပါ။ အိမ်ထောင်ရေး မသိပါ။ ကျန်တာတွေလည်း မသိပါ။

မေးတဲ့သူ အရွယ်ရောက်မှ သင်္ကြန် ဘယ်နှစ်ကြိမ်ကျပြီးလဲ။ အရင်သင်္ကြန်တွေမှာကော ရာသီအတွက် ဘယ်လိုနေခဲ့လဲ။

၂။ ဆရာ သမီး အသက် ၁၈ နှစ်ပါ အရေးတကြီး project တခုရှိလို့ ဆရာဝန်ပြောတဲ့ norethisterone (Menoral) ကို period ရက်နဲ့မတိုင်ခင် ၃ ရက်မှာသောက်ပါတယ် (၂ရက်/၃ရက်)သောက်ခိုင်းပါတယ် ၁ရက်ခွဲ နှစ်ရက်ခွဲမသောက်ရလို့ ပြောပါတယ် ဆရာ။ ရာသီရက်ပြောင်းချင်လို့သုံးတာပါဆရာ ဒါပေမဲ့ ရာသီလာတဲ့ချိန်သောက်လိုက်မိပါတယ် ရာသီရက်တော့ ပုံမှန်သုံးရက် ခု ၆ ရက်လောက်ဖြစ်နေပါတယ်ဆရာ ဘယ်လိုမျိုးပြသနာဖြစ်နိုင်ပါသေးလဲဆရာရေ

၃။ ကျွန်မ အသက် ၃၄ နှစ်ပါ အိမ်ထောင်ရှိပါတယ်။ အခုလာမယ့် ၄ လပိုင်း သင်္ကြန်ကို ငပလီကို မိသားစုခရီးထွက်မှာပါ သွားမယ့်အချိန်နဲ့ ရာသီလာချိန် ကွက်တိသွားကျနေလို့ပါဆရာ။ ရက်ရှောင်နည်းလေး သိပါရစေရှင့် ဘာဆေးမှ အခု မသောက်ပါ အခု ၃ လပိုင်း ၁၄ ရက်က ရာသီလာမဲ့ရက်ပါဆရာ။

၎။ သမီးရဲ့ သူငယ်ချင်း model က show ပွဲရှိလို့ ရာသီလာတာ တရက်လောက်ရပ်ချင်ရင်ရလားဆရာ။ အသက်က ၂၀ ပါ ဆရာ။ ရာသီလာမယ့်ရက်ရဲ့ နောက်ဆုံးနေ့မှာ ပွဲရှိလို့ပါဆရာ။

၆။ သမီးအပျိုပါ။ ဒီသင်္ကြန်ပိတ်ရက် ခရီးထွက်တယ့်နေ့နဲ့ ကွက်တိကျနေလို့ စောလာချင်တာပါရှင့်။ ဖြစ်နိုင်တဲ့နည်းလေးများရှိရင် ဖြေကြားပေးပါရှင့်။ Menstrual cycle က သင်္ကြန်ရက်ကြီးမှာဖြစ်နေလို့ပါ။ ရက်နောက်ဆုတ်လို့ရတဲ့ဆေးလေးများ ရှိပါသလားဆရာ။

ဒီမေးခွန်းမျိုးကို အရင်က ရာသီအလိုက်လာတတ်တယ်။ သင်္ကြန်နီးရင်လာလေ့ရှိတဲ့ မေးခွန်းဖြစ်ပါတယ်။ မိန်းကလေးတိုင်း အပျိုစဖြစ်ကတည်းက သွေးမဆုံးခင်အထိ လစဉ်ရာသီလာတယ်။ အမြဲတန်းဖြစ်စဉ်မို့ ဓမ္မတာလို့လည်းခေါ်တယ်။ အဲလိုဓမ္မတာကို လိုသလိုလည်း ပြင်လို့ရပါတယ်။ ရာသီမမှန်တာကို မှန်အောင်၊ ရာသီလာလို့ မခံမရပ်နိုင် ဖြစ်တာတွေ သက်သာအောင် ရာသီတားနည်းကို သုံးနိုင်တယ်။ ရာသီမလာအောင်နှိမ်တာ ဖြစ်တယ်။ ရာသီကြောင့် ရှိနေပြီးသားရောဂါ ပိုဆိုးတာကို ရှောင်ချင်လို့လဲ လုပ်လို့ရပါတယ်။ တချို့မှာ ခရီးသွားချိန်၊ အလုပ်များချိန်မှာ ရာသီလာလို့ ဖြစ်ရမဲ့ဒုက္ခသုက္ခကို ရှောင်ချင်လို့လဲ ရာသီလာမှာကို လုပ်နိုင်တယ်။ ဟန်းနီးမွန်းထွက်ချိန်၊ အပျော်ခရီးထွက်ချိန်အတွက် လုပ်နိုင်တယ်။ စိတ်မမှန်သူတွေ၊ စစ်မှုထမ်းအမျိုးသမီးတွေ၊ အားကစားမယ်တွေပါတယ်။

အမေရိကားမှာ အသက် ၁၈-၅ဝ အတွင်း အမျိုးသမီး ၂့၅ သန်းမှာ ရာသီနဲ့ပတ်သက်ပြီး တခုခုတော့ဖြစ်ကြတယ်။ ၃၁% ဟာ တနှစ်မှာ ၉့၆ ရက်ကြာအိပ်ရာထဲ နေကြရတယ်။ ရာသီမလာအောင်နှိမ်နည်းကိုသုံးနေတာ နှစ်တွေကြာပါပြီ။ အဲလို လုပ်သင့်တယ်ဆိုတာကိုရော မလုပ်သင့်ဘူးဆိုတာအတွက်ပါ အထောက်အထားတွေမပြည့်စုံပါ။

ရာသီမလာအောင်နှိမ်နည်းတွေ
လူအများဆုံးသုံးတဲ့၊ ဆေးဝယ်ရလည်းလွယ်တဲ့၊ ဟော်မုန်း ၂ မျိုးတွဲတားဆေးကို သုံးနိုင်တယ်။ အိမ်ထောင်မရှိသူလည်း သောက်နိုင်တယ်။ ရာသီစလာတဲ့ရက်ကနေ သောက်ရတယ်။ အိမ်ထောင်မရှိသူဆိုရင် ရာသီပြီးတာနဲ့ စသောက်နိုင်တယ်။ ပဌမသောက်ရတဲ့ ၂၁ လုံးကုန်တာနဲ့ နောက်ဆေးကပ်ကို ဆက်သောက်ပါ။ ရာသီလာစေချင်ရင်တော့ အဲဒီဆေးကပ်သစ် မကုန်ခင် ရပ်လိုက်ပါ။ ၂-၃-၄ ရက်နေရင် ရာသီဆင်းပါမယ်။

ရာသီကို ၃ လနေမှသာတခါလာဘို့လိုအပ်သူတွေလည်းရှိတယ်။ ဥပမာ ရာသီလာချိန်မှာ မခံရပ်အောင်နာတဲ့သူတွေ။ ဆေးကပ် ၃ ကပ် (၂၁ X ၃ = ၆၃) ပြား ဆက်တိုက် သောက်ခိုင်းတာ ဖြစ်ပါတယ်။ ဆေးရပ်လိုက်တာနဲ့ နောက် ၃-၇ ရက်အတွင်းမှာ ရာသီပြန်လာမယ်။

တခြားနည်းတွေလဲ ရှိတယ်။
• Depot-medroxyprogesterone actetate injections (Depo-Provera) တနှစ်သုံးရင် ၅ဝ%၊ ၂ နှစ်သုံးရင် ၉ဝ% ရာသီမလာဘူး။
• Levonorgestrel intrauterine system (Mirena) ၈ဝ-၉ဝ% သွေးထွက်တာ နည်းတယ်။ တနှစ်သုံးရင် ၂ဝ% ရာသီမလာဘူး။
• Etonogestrel implantable contraceptive (ImplanonTM) ရက် ၉ဝ သုံးပြီးရင် ၂၁% ရာသီမလာဘူး။
• ImplanonTM အရေပြားအောက်ထားရတဲ့ ဆေးချောင်းတွေကိုလဲ သုံးနိုင်တယ်။
• Vaginal ring (NuvaRing) ကွင်းနဲ့ Contraceptive patch (Ortho Evra) ဆေးကပ်ခွါတွေကို FDA ကအသိအမှတ် ပြုမထားသေးပါ။

ရာသီမလာအောင်နှိမ်နည်းကိုသုံးလို့ရမယ့် အကျိုးတွေ -
ရာသီလာလို့ နာတာ သက်သာစေမယ်။ ရာသီဆင်းများတာ သက်သာစေမယ်။ ရာသီမလာခင်ဖြစ်ချင်တာတွေ သက်သာစေမယ်။ သွေးမဆုံးခင်ဖြစ်တာတွေ သက်သာစေမယ်။ ရာသီလာချိန်ဖြစ်တဲ့ (မိုင်ဂရင်း) အမူး-အကိုက်ရောဂါ၊ Endometriosis သားအိမ်ရောဂါ၊ ဝက်ခြံပေါက်တာတွေ နည်းစေမယ်။ နေကောင်းတယ်လို့ ခံစားရသေးတယ်။ ရင်သားတင်း-နာတာ၊ ရင်ပြည့်တာ၊ စတာတွေ သက်သာစေတယ်။

ရာသီမလာဘဲနေရင် သွေးတွေဟာ အထဲမှာအောင်းနေမယ်ထင်တာ မဟုတ်ပါ။ နောင်မှာ ကလေးမရတာလဲ မဖြစ်စေပါ။ ၁၉၆ဝ ကျော်က ကိုယ်ဝန်တားဆေးတွေပေါ်ကာစမှာ ဆေးသုတေသနလုပ်သူတွေက ရက် ၉ဝ မှတခါ ရာသီလာအောင် လုပ်ဘို့ပါ။ နောက်မှ ပုံမှန်နဲ့တူအောင် ၂၈ ရက်တခါလာတဲ့ဆေးကိုသာ ထုတ်လုပ်တယ်။ ရိုမန်ကက်သလစ်ဘုရားကျောင်း ရဲ့ သဘောတူညီချက်ရအောင် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

- Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ချင်တာတွေ http://doctortintswe.blogspot.com/2014/10/premenstrual-syndrome-pms.html
- Antidepressant and premenstrual syndrome http://doctortintswe.blogspot.com/2014/12/antidepressant-and-premenstrual-syndrome.html
- Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု http://doctortintswe.blogspot.com/2014/11/menstrual-mood-swings.html
- Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://doctortintswe.blogspot.com/2014/11/menstrual-suppression.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး