PMS ရာသီမလာခင် ဖြစ်ချင်တာတွေ

(ကန်တော့)

၁။ ဆရာရှင့် ရာသီလာခါနီး ရင်သားနာတာနဲ့စစလာချင်းမှာ ဗိုက်နာတာက များသောအားဖြင့်ဖြစ်ကြပါလားဆရာ။ သားအိမ်ရောဂါတခုခုရှိလို့ပါလားဆရာ။ ဗိုက်နာတာကတော့ ရာသီစလာလာချင်း ၁နာရီ လောက်ပဲ နာပါတယ်ဆရာ။ ဒါပေမဲ့ တခါတလေကြလဲ ဘာမှမဖြစ်ပါဘူးဆရာ။ သမီးတို့က ကလေးယူနေတာ အခုထိမရသေးလို့ပါရှင့်။ ဆရာဝန်နဲ့ စစ်ကြည့်တော့လည်းအားလုံး normal လို့ပြောပါတယ်။ ဘာကြောင့် ဖြစ်နိုင်မလည်းသိချင်လို့ပါရှင့်

၂။ ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။ လစဉ်လတိုင်း ရာသီ လာခါနီး ရက်တွေတိုင်းမှာ အချို့သော မိန်းကလေးတွေရဲ့ စိတ်တွေက အရမ်းကို ထိခိုက်ခံစားလွယ်ပြီး၊ ဘာမှ မဟုတ်တဲ့ အကြောင်းအရာလေး ပေါ်မှာတောင် အရမ်း Sensitive ဖြစ်လွန်းတယ်လို့ ထင်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ အဲလို ရက်မျိုး နီးပြီဆိုရင် စိတ်ခံစားမှု အရမ်း Sensitive ဖြစ်ပါတယ်။ အကြောင်းအရာ သေးသေးလေးပေါ်မှာလည်း ဒေါသ အကြီးကြီး ထွက်နေတတ်ပါတယ်။ ဘာမှ မဟုတ်တာလေးနဲ့လည်း ရင်ထဲမှာ ဝမ်းနည်းထိခိုက်လွယ်ပါတယ်။ အဲလို ရက်နီးရင် ကျွန်မက သိပ် Sensitive ဖြစ်တော့ ဘာမှ မဟုတ်တာလေးနဲ့လည်း အမျိုးသားနဲ့ စကားများ ရန်ဖြစ်ရပါတယ်။ အဲဒါက ကိုယ့်ကိုကိုယ် သတိထားမိတာပါ။ ကျွန်မလည်း အဲလိုမျိုး မဖြစ်ချင်ပါဘူး။ ဒေါသလည်း မဖြစ်ချင်သလို၊ ထိခိုက် ခံစားလွယ်တာမျိုးလည်း မဖြစ်ချင်ပါဘူး။ ဒါဟာ ပြုပြင် ပြောင်းလဲလို့မရတဲ့ သဘာဝပဲလား၊ တခုခုများ အကောင်းဘက်ကို ပြင်ဆင်လို့ ရမလားဆိုတာကို သိချင်ပါတယ်ရှင်။ ပြီးတော့ အဲလိုစိတ်မျိုးနဲ့ဆို သွေးဆုံးမယ့်အချိန်ဆိုရင် ကျွန်မ ဘယ်လို နေမလဲလို့ တွေးပြီး တော်တော်လေး တုန်လှုပ်မိပါတယ်။ ကျွန်မအသက်က ခုမှ ၂၃ ပါ၊ ဒါပေမယ့် ကျွန်မ သိထားသင့်တယ် ထင်လို့ပါ။ အဲဒါ ဘယ်လို ဆင်ခြင် နေထိုင်သင့်သလဲ။

မိန်းကလေးတယောက် မွေးလာတာနဲ့ သူမှာ မျိုးဥပေါင်း ၄ သိန်းခွဲ ရှိနေမယ်။ အသက် ၁၃-၁၄ နှစ် ရောက်လာတာနဲ့ မျိုးဥအိမ်ကနေ ဟော်မုန်းတွေ ထွက်လာပြီ။ FSH နဲ့ LH ဆိုတဲ့ ဟော်မုန်းတွေက လုပ်ပေးတယ်။ မျိုးဥလေးတွေ တလ တလုံးကျ ရင့်မှည့်လာကြမယ်။ ရာသီ ဆိုတာဆင်းပြီ။ တလကို ရာသီသွေး ၂ဝ-၈ဝ စီစီ (၁-၂ အောင်စ) ဆင်းတယ်။ ရေငတ်တတ်တာ၊ ထမင်းဆာတတ်တာ၊ အိပ်ခြင်တာ၊ ရာသီဖြစ်တာ၊ လိင်စိတ်ဖြစ်တာ၊ မျိုးပွါးစေနိုင်တာတွေကို ဒီနေရာကနေ ထိန်းချုပ်တယ်။ မရှက်တရား သုံးပါးလုံး။

ရာသီမလာခင် ဖြစ်ခြင်တာတွေကို Premenstrual syndrome (PMS) ဆိုပြီး သပ်သပ်ဆေးစာမှာ ရှိတယ်။ အရွယ်ရောက် အမျိုးသမီး ၈ဝ% မှာ ခံစားကြရတယ်။ ဆေးကုဘို့လိုတာ ၂ဝ-၃ဝ% လောက်သာ ရှိပါတယ်။ ဆိုးဝါးတဲ့ Premenstrual Dysphoric Disorder (PMDD) ခေါ်တာမှာ ၂-၆% သာဆေးကုဘို့ လိုတယ်။ ဘာလို့ ဖြစ်ရသလဲဆိုတာ သဲသဲကွဲကွဲ မသိကြပါ။ အဲလိုမသိလေလေ ဖြစ်နိုင်ခြေသီအိုရီတွေ များလေပေါ့။

ရုပ်ပိုင်း၊ စိတ်ပိုင်း၊ စိတ်လှုပ်ရှားမှု၊ စိတ်မူအပြောင်းအလဲတွေ ဖြစ်တယ်။ တချို့မှာ မသိသာပေမဲ့ တချို့ကြ ပြဿနာကြီးတဲ့အထိ ရှိတယ်။ ရာသီလလယ်ရက် မျိုးထွက်လိုက်တာနဲ့ ဒါတွေ တခုမဟုတ် တခု၊ တခုမကလဲ ဖြစ်တယ်။ ရာသီသွေး ဆင်းတာနဲ့ ဆရာဝန်မပါဘဲ ပြန်ကောင်းသွားပြီ။

ရုပ်ပိုင်းပြောင်းတာတွေက အားယုတ်နေတာ၊ ရင်ကယ်နေတာ၊ ရင်သားနာတာ၊ ဝက်ခြံထွက်တာ၊ စားခြင်စိတ် မတူဖြစ်လာတာ၊ ခြင်ခြင်းတပ်တာ။ ပျို့တာ၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ ခံစားရတယ်။ သားအိမ်နေရာ နာတာက အတော် ဆိုးတတ်တယ်။ သူ့မှာလဲ ၂ မျိုးရှိတယ်။ Prostaglandins သတ္တိကြောင့် ညှစ်တာ-တင်းတာတာနဲ့ လျော့တာ ဖြစ်ရလို့ Spasmodic cramping ခေါ်တယ်။ ခါးနာတာ၊ ပေါင်ကြောနာတာ၊ ခေါင်းကိုက်တာတွေလဲ ခံစားရတတ်တယ်။

စိတ်မူအပြောင်းအလဲက အရေးပါတယ်။ ငိုခြင်ငိုမယ်၊ သိပ်အကဲဆတ်မယ်၊ အလျင်အမြန် ပြောင်းလဲပြီး ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းမရတာမျိုး ဖြစ်တယ်။ အလွယ်ပြောရရင် ဒေါသနဲ့ ပူဆွေးမှုကြား ဗျာများနေမယ်။ သူတယောာက်ထဲကိုသာမက သူ့မိသားစု၊ အသိုင်းအဝိုင်းကိုပါ သက်ရောက်စေတယ်။

စိတ်ဓါတ်ကျတယ်၊ ဝမ်းနည်းတယ်၊ စိတ်တက်ကြွမှု နည်းမယ်၊ စိတ်တိုတယ်၊ ဇွတ်လုပ်ခြင်တယ်၊ သည်းခံစိတ် လျော့မယ်၊ ပူပင်စိတ် များမယ်၊ စိုးရိမ်စိတ် ကဲမယ်၊ ဂနာမငြိမ် ဖြစ်နေမယ်၊ ဝမ်းနည်းပက်လက် စိတ်ပျက်နေမယ်။ တချို့မှာ အပေါင်းလက္ခဏာ ဆောင်တာမျိုး ခံစားရတယ်။ လွတ်လပ်သွားသလို၊ အသစ် အစပျိုးလာသလို၊ အားအင် ပြန်ပြည့်သလို၊ သဘာဝနဲ့ ပိုနီးစပ်တယ် ထင်သလိုလို၊ စိတ်သစ် ရလာလာတာလိုလို၊ လွတ်မြောက်တာလိုလို၊ လိင်စိတ်ပိုလာမယ်၊ လိင်စိတ်ပြည့်ဝမှုကို ပိုခံစားရမယ်။

ရာသီလာလို့ ခံစားရတာတွေ သက်သာအောင် ကိုယ့်ဖါသာ ပြုပြင်လို့ နိုင်တာတွေ ရှိပါတယ်။ လူနေမှုပုံစံ ပြုပြင်ပေးတာနဲ့ ကောင်းနိုင်သူတွေရှိတယ်။ အာဟာရ ပြည့်ဝအောင်စားပါ၊ အိပ်ရေးပျက်တာ ပြုပြင်ပါ၊ အရက်၊ ကေဖင်းပါတဲ့အစာ၊ အသား၊ ဆီများတာ နဲ့ သကြားတွေက ပိုဆိုးစေတယ်။ ရောဂတ် (ဒိန်ချင်)၊ ဒိန်ခဲ၊ နွားနို့သောက်ပါ။ ချင်းမြစ်ပြုတ်သောက်တာ ကောင်းတယ်၊ အသက်ပြင်းပြင်းရှူပါ၊ ကိုယ့်အတွက် အချိန်ကို ယူပါ။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။ လူတောသူတော ဝင်ရောပါ။

ရာသီလာစဉ်သုံးရတဲ့ အတွင်းခံပစ္စည်းကို ချည်သား ၁၀၀% ပါတာ သုံးသင့်တယ်လို့ နောက်ဆုံး သုတေသနက ဆိုပါတယ်။ Organochlorines ဓါတုဆေးကနေ ကင်ဆာ ဖြစ်စေတယ်ထင်လို့ပါ။ စီးပွါးရေးလဲ တွက်ခြေကိုက်တာမို့ Luna Pads International, Eco-Logique.com, Glad Rags, Pandora Pads, Jade and Pearl, Feminine Options နာမယ်တွေလဲ အမျိုးမျိုးနဲ့ ရောင်းပါတယ်။ Diva cup ခေါ်တဲ့ Organic Tampon အော်ဂဲနစ်တမ်ပွန်တွေလဲ ရှိသေးတယ်။

ဆေးတွေလဲ သုံးရတတ်တယ်။
• Diuretics ဆီးသွားစေတဲ့ဆေးကို သတိနဲ့ပေးရင် တချို့မှာ သက်သာတယ်။ လူတိုင်းတော့ မဟုတ်ဘူး။
• Analgesics (Ibuprofen, Naproxen and Mefenamic acid အနာ-အကိုက် သက်သာဆေးတွေ သောက်နိုင်တယ်။
• Oral contraceptive pills (OCPs) ကိုယ်ဝန်တား-စားဆေး အိမ်ထောင် မရှိလဲ သုံးနိုင်တယ်။ ထိရောက်သူ များပါတယ်။
• Ovarian suppressors (Danazol) မျိုးဥအိမ်ကို နှိမ်တဲ့ဆေးက ဘေးထွက်-ဆိုးကျိုးများတယ်။
• Antidepressants စိတ်ကျတာ သက်သာဆေး ပေးနိုင်တယ်။ Fluoxetine (Prozac) နဲ့ Paroxetine (Paxil) ဆေး အသုံးများတယ်။
• Vitamin B, C, B6, Calcium and Magnesium ဗီတာမင် နဲ့ ဓါတ်ဆားတွေ သောက်နိုင်တယ်။
• Herbal ထဲက Flaxseed Capsules, Valerian, Kava Kava နဲ့ St. John’s Wort ဆေးသောက်နိုင်တယ်။

လိုအပ်ရင် စိတ်အထူးကုဆရာဝန်နဲ့ ကုသရမယ်။ စိတ်ပိုင်း ကုသနည်းတွေထဲမှာ Behavioral therapy, Cognitive Therapy, Literary Therapy နဲ့ Talk Therapy နည်းတွေ ရှိပါတယ်။

- Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ချင်တာတွေ http://doctortintswe.blogspot.com/2014/10/premenstrual-syndrome-pms.html
- Antidepressant and premenstrual syndrome http://doctortintswe.blogspot.com/2014/12/antidepressant-and-premenstrual-syndrome.html
- Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု http://doctortintswe.blogspot.com/2014/11/menstrual-mood-swings.html
- Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://doctortintswe.blogspot.com/2014/11/menstrual-suppression.html

Dr. တင့်ဆွေ
၂၆-၃-၂ဝ၁၁

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး