Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု


၁။ ဆရာရှင့် ကျွန်မအသက် ၂၇ နှစ်ပါ။ လက်ရှိ့တွင့့် အလုပ်လုပ်ပါသည်။ အလုပ်ချိန် တရက် ၁ဝ နာရီနှင့် ညကျောင်း တပတ် ၃ ရက်တက်ပါသည်။ ၁၄ နှစ်မှစပြီး ရာသီလာပါသည်။ ပုံမှန် ၂၈ ရက် ၁ ကြိမ်လာပါသည်။ ၁၄ နှစ်မှ အသက် ၁၅ အတွင်း ၁၁ရက်၊ အသက် ၁၆ မှ ၂၆ အတွင်း ၇ရက်၊ ယခု အသက် ၂၇ တွင် ရာသီဆင်းရက် ၃ ရက်မှ ၅ ရက်။ ထူးခြားသောရောဂါဝေဒနာ မရှိခဲ့ပါ။ အတူမနေဖူးပါ၊ အပျိုဖြစ်ပါသည်။ လွန်ခဲ့သော ၃ လမှစပြီး ရာသီမလာခင်  နှင့် လာပြီးကာလတွင် ဘယ်ဘက်ဗိုက်အလွန်အောင့်ပါသည်။ ခေါင်းတစ်ခြမ်း အပြင်းအထန်ကိုက်ပါသည်။ ရာသီလာခါနီးတွင် စိတ်ဓါတ်အလွန်ကျပါသည်။ ဆောက်တည်ရာမရသည်ထိ တစ်ခါတစ်ရံ စိတ်ဓါတ်ကျပါသည်။ ဒေါသကြီးပါသည်။ ရာသီလာစဉ်ကာလတွင် ဆင်းသည့်နေရာမှ ပြုတ်ထွက်မတတ် ကျဉ်ပါသည်၊ နာလဲနာပါသည်။  နှလုံးခုန်မြန်သလို ခံစားရပြီး မောပါသည်။ ပုံမှန် တစ်ရက်တွင် ကော်ဖီတစ်ခွက်သာသောက်ပါသည်။ ယခု ကော်ဖီတခွက်သောက်မိလျင်ပင် ကျောင်းမှပြန်လာ ပင်ပန်းသော်လဲ ညအိပ်မပျော်ပါ ဆရာ။ ပုံမှန်စွဲသောက်သော ဆေးမရှိပါဆရာ။ ကြက်ပေါင်းရည် တစ်ခါတစ်ရံ သောက်ပါသည်။ ဖခင်က အသည်းကင်ဆာနှင့်ဆုံးပါသည်။ ဆွေမျိုးများကလဲ ကင်ဆာနှင့်ဆုံးသူများပါသည်။ ယခုကဲ့သို့ ခံစားနေရခြင်းသည် ကင်ဆာနှင့်ပတ်သက်မှုရှိပါသလားဆရာ။ သို့မဟုတ် ဓါတ်တစ်ခုခု ချို့ယွင်းလာခြင်းလား သိချင်ပါတယ်ဆရာ။ စနေ၊ တနင်္ဂနွေတွင် တရားထိုင်ဖြစ်ပါတယ်ဆရာ။ သို့ပေမဲ့ ရာသီလာခါနီးနှင့် လာနေစဉ်ကာလတွင် စိတ်ကို မထိန်းချုပ်နိုင်ပါ။ ဆရာ့လမ်းညွန်ချက်ကို လိုက်နာပါမယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

၂။ ဆရာရှင့် ကျွန်မ အသက် ၂၈ နှစ်ပါ။ ရာသီပုံမှန် ၃ ရက် လာရာကနေ နောက်ဆုံး ၃ လ လောက်က ၂ ရက်ပဲ လာပါတော့တယ်ဆရာ။ အရှေ့လများကလည်း ရာသီလာရက်မမှန်ပါဘူးဆရာ။ သို့သော် လစဉ်ပုံမှန် ရာသီ လာပါတယ်ဆရာ။ ရာသီမလာမီ အကြောင်းမရှိပဲ ငိုပါတယ်ဆရာ။ ၅ လလောက်ရှိပါပြီဆရာ။ ဒီလက အခုထိရာသီ မလာသေးဘူးဖြစ်နေလို့ပါဆရာ။ အပျိုပါဆရာ။ ဘာဖြစ်လို့ ရာသီရုတ်တရက် ရက်နည်းသွားရတာလဲသိချင်ပါတယ်ဆရာ။
ရာသီပုံမှန် လာစေရန်မည်သို့ နေထိုင်ရမည်ကိုသိလိုပါသည်ဆရာ။ Folic Acid ကို သောက်လို့ရသလား သိချင်ပါတယ်ဆရာ။ မည်သို့သောက်ရမည်လည်းသိချင်ပါတယ်ဆရာ။

၃။ ဆရာရှင့် သမီးရဲ့အသက်က (၃၁) နှစ် ရှိပါပြီ။ သမီးက အပျိုပါ။ သမီးမှာ ဓမ္မတာလာတိုင်း နာကျင်ကိုက်ခဲတဲ့ဝေဒနာ ခံစာနေခဲ့တာ တစ်လျှောက်လုံးပါပဲ။ ဝမ်းဗိုက်နဲ့ ဆီးစပ်နေရာတစ်ဝိုက်က ပထမရက်ဆိုရင် အတော်လေးကိုက်ခဲတဲ့ဝေဒနာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ဓမ္မတာလာခါနီးရင် စိတ်က အလိုလိုနေရင်းတိုနေတတ်ပါတယ်။ အရာရာကို စိတ်တိုင်းမကျ ဖြစ်ပြီး ဒေါသအထွက်လည်း အရမ်းမြန်လာတာ ကိုယ့်ကိုယ်ကို သတိထားမိပါတယ်ဆရာ။ အလုပ်ကအထိုင်များတော့ အဲဒီရက်တွေမှာ ခြေထောက်တွေပါ ရောင်လာပါတယ်။ ဆေးကတော့ Paracetamol 500 ml ကို ညနေအလုပ်ပြန်လာရင် သောက်ဖြစ်ပါတယ်ဆရာ။ နောက်ပြီး Dolfenal 250 ml ကို တစ်နေ့ (၃) ကြိမ်သောက် ဖြစ်ပါတယ် ဆရာ။ နောက် ပြီး
အိမ်မှာတော့ ရေနွေးအိတ်နဲ့ ဗိုက်၊ ဆီခုံလိုနေရာမျိုးကို အိပ်ရာမဝင်ကပ်ပေးလေ့ရှိပါတယ်ဆရာ။ သမီး အခုသောက်နေတဲ့ ဆေးနဲ့ပုံစံ မှန်၊ မမှန် ညွှန်ကြားပေးပါဆရာ။

၎။ ကျွန်မ အသက် ၄၁ နစ်၊ ကလေး ၂ ယောက်အမေ ဖြစ်ပါသည်။ ခင်ပွန်းမှာ နိုင်ငံခြားတွင် အလုပ်လုပ်နေသည်မှာ ၁ဝ နစ် ရှိပါပြီ။ ၁ နစ် ၁ခါ (တပတ် ၁ဝ ရက်) ပြန်လာလည်ပါသည်။ ကျွန်မမှာ မိဘနှင့်အတူနေပါသည်။ ကျွန်မသည် ဓမ္မတာ မလာမီ ၁ ပတ်၊ ၁ဝ ရက်အလိုတွင် စိတ်ခံစားမူ ပြင်းပြင်းထန်ထန် ဖြစ်လာပါသည်။ ထိုဖြစ်စဉ်မှာ မိန်းကလေးတိုင်း ဖြစ်တတ်သည်ကို နားလည်ပါသော်လည်း ယခု ကျွန်မသည် ပုံမှန်ထက် ပိုဆိုးဆိုး ခံစားလာရပါသည်ဟု သတိထားမိ လာပါတယ်။ ဒေါသလွန်လွန်ကဲကဲထွက်ပြီး အော်ပစ်ခြင်း၊ ခင်ပွန်းသည်နှင့် ယခင်က စကားများခဲ့သည်များကို ပြန်တွေးပြီး စိတ်တိုရန်လုပ်ခြင်း၊ ၄ နစ်အရွယ် ကလေးငယ်အား စိတ်မရှည် ဖြစ်လာခြင်း၊ တခါတရံ တယောက်ထဲ ငိုချင်နေခြင်း၊ အထီးကျန်သလို ခံစားရခြင်း၊ ဘာအလိုမကျမှန်း မသိဘဲ လူ့ဘဝ နေရတာ စိတ်ကုန်လာခြင်း၊ သိတ်စိတ်ဆိုးသည့်အခါ ကိုယ့်ကိုကိုယ် သေသွားရင်ကောင်းမယ်ဟု ခံစားမိလာခြင်း၊ ထိုအချိန်တွင် တဦးဦးနင့် ပြဿနာဖြစ်ပါက ပိုစိတ်ဆိုးပြီး တနေရာရာကို ထွက်ပြေးနေချင်ခြင်း၊ ပစ္စည်းများအား ရိုက်ခွဲပြစ်လိုခြင်းစသည့် ခံစားမူများကို ကျွန်မပတ်ဝန်းကျင်ကပါ သတိထားမိလာကြပါတယ်။ လစဉ်ခံစားရပါသည်။ ကျွန်မတွင် စိတ်ရောဂါတခုခု ခံစားနေရပါသလား။ အသက်အရွယ်အရ ဖြစ်တတ်သောသဘောလား သိချင်ပါသည်။

ရာသီမလာခင် ဖြစ်ခြင်တာတွေကို Premenstrual syndrome (PMS) ဆိုပြီး သပ်သပ်ရှိတယ်။ အရွယ်ရောက်အမျိုးသမီး ၈ဝ% မှာ ခံစားကြရတယ်။ ဆေးကုဘို့လိုတာ ၂ဝ-၃ဝ% လောက်သာ ရှိပါတယ်။ ဆိုးဝါးတဲ့ Premenstrual Dysphoric Disorder (PMDD) ခေါ်တာမှာ ၂-၆% သာဆေးကုဘို့ လိုတယ်ဆိုပြီး ရာသီမလာခင် ဖြစ်ချင်တာတွေထဲမှာ ရေးထားပါတယ်။

အမျိုးသမီးတိုင်း ရာသီလာချိန်နဲ့ ဆက်စပ်ပြီး စိတ်ပိုင်းအပြောင်းအလဲ အနည်း-အများရှိကြတယ်။ လတိုင်းမှာဖြစ်တာတော့ မဟုတ်ပါ။ ဘဝတလျှောက်မှာ ကြုံဘူးကြတာ များတယ်။ စိတ်မူ-အပြောင်းအလဲတွေ Mood swings လို့ ခေါ်တယ်။ Psychological disorder စိတ်ဝေဒနာတခုဖြစ်တယ်။ မေးတဲ့သူရေးပြတာတွေ အားလုံးမှန်ပါတယ်။ ကင်ဆာမဟုတ်ပါ။ အပြောင်းအလဲ မြန်တယ်၊ မှန်းမရဘူးလို့ ဆိုနိုင်တယ်။ သိပ်ဆိုးဝါးလာရင် စိတ်ကိုမထိန်းနိုင်တဲ့အထိ ဖြစ်ကြရတယ်။ ပြင်းထန်တာနဲ့ ခဏခဏဖြစ်နေတာမျိုးက ဆိုးတယ်။

အမေရိကန်နိုင်ငံသူတွေဟာ တသက်တာ ရာသီ အခါပေါင်း ၄ဝဝ လာတယ်။ ၈ဝ% မှာ ရာသီမလာခင် ဖြစ်တာတွေကို ခံစားကြရတယ်။ ဘာတွေဘဲ ခံစားရပါစေ အများစုကြီးမှာ အခြေခံစိတ်ရောဂါ မရှိကြပါ။ ရာသီနဲ့မပတ်သက်ဘဲ စိတ်မူပြောင်းတာ တောက်လျှောက်လိုဖြစ်ရင်တော့ တခြားစိတ်ပိုင်းရောဂါ ဖြစ်နိုင်တယ်။

ယေဘုယျပြောရရင် စိတ်အခြေအနေဟာ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ရာသီလာခါနီးမှာ ပိုသိသာတယ်။ ဘာလို့ အဲလိုဖြစ်ကြရသလဲ။ ၂ ပိုင်းခွဲနိုင်တယ်။ (၁) စိတ်ပိုင်း နဲ့ (၂) ရုပ်ပိုင်း။ ရုပ်ပိုင်းက ပိုအဖြစ်များတယ်။ စိတ်ပိုင်း အကြောင်းရင်းမှာလဲ ၂ မျိုးရှိတယ်။ အလွန်ရှားတဲ့ Maniac disorders နဲ့ Stresses ဖြစ်တယ်။ ပဌမ အမျိုးအစားဟာ မျိုးရိုးနဲ့ဆိုင်ပြီး၊ ဦးနှောက်မှာ ဓါတ်ပြောင်းလဲမှုတွေကြောင့် ဖြစ်စေတယ်။

ရုပ်ပိုင်းအပြောင်းအလဲတွေဟာ Estrogen (အီစထိုဂျင်) နဲ့ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းတွေကြောင့် ဖြစ်တယ်။ တချို့ဟော်မုန်းကနေ ဦးနှောက်ထဲက Serotonin (ဆီရိုတိုနင်) ဓါတ် အနည်း-အများကို ထိန်းပေးနေတာမို့ စိတ်မူကိုပါ ပြောင်းစေနိုင်တယ်။ (ဆီရိုတိုနင်) ဓါတ်နည်းလာရင် ဆိုးစေမယ်။

ယောက်ျားဟော်မုန်း (တစက်စတိုစတီရုန်း) နဲ့ နို့ထွက်စေအောင်လုပ်တဲ့ (ပရိုလက်တင်) များရင်၊ မျိုးဥထွက်မှာကို နှေးစေမယ်၊ (ပရိုဂျက်စတီရုန်း) နည်းစေမယ်၊ PMS ဖြစ်စေတယ်။ (အင်ဒိုမီထရီရိုးဆစ်) ဆိုတဲ့ သားအိမ်ရောဂါ ရှိသူတွေမှာလဲ ဖြစ်တတ်တယ်။ ရာသီလာရင် ပိုနာကြတယ်။ Fibrocystic breast changes ဆိုတဲ့ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်ဖြစ်စေတယ်။ Obsessive-compulsive disorder စိတ်ရောဂါရှိနေသူတွေ ဒီအချိန်မျိုးမှာ ပိုဆိုးတယ်။

တချို့မှာ ဖြစ်နေပေမဲ့ မသိသာဘူး။ ဟိုဟာ-ဒီဟာစားချင်စိတ် ချင်ချင်းတတ်တာမျိုးလဲ ရှိတတ်တယ်။ အလုပ်၊ အိမ်မှာလဲ အဆင်မပြေဘူး။ လူတော မတိုးချင်ဘူး။ စိတ်ပျက်လက်ပျက်ဖြစ်တာ၊ လုံးဝစိတ်ဓါတ်ကျတာ၊ စိတ်ရှုတ်-စိတ်တို၊ အရေး မကြီးလောက်တာလေးအတွက် စိတ်ဓါတ်ကျတာ၊ ဝမ်းနည်း-ပက်လက်ဖြစ်တာ၊ နောင်တ ရနေတာ၊ စိတ်တက်ကြွမှု နည်းမယ်၊ စိတ်တိုတယ်၊ ဇွတ်လုပ်ချင်တယ်၊ သည်းခံစိတ် လျော့မယ်၊ ပူပင်စိတ် များမယ်၊ စိုးရိမ်စိတ် ကဲမယ်၊ ဂနာမငြိမ် ဖြစ်နေမယ်၊ ဝမ်းနည်း-ပက်လက်-စိတ်ပျက်နေမယ်။ အိမ်ထောင်ရေး မသာယာတာ၊ အရင်က အနှိပ်စက် ခံခဲ့ရဘူးတာ၊ ကိုယ့်ကိုယ်ကို အားမရတာ၊ စတာတွေရှိသူတွေမှာ သာမန်စိတ်အခြေအနေထက် ပိုဆိုးတယ်။

ဘာတွေလုပ်နိုင်သလဲ၊
(၁) Lifestyle changes အနေအထိုင်ပုံစံပြောင်းနည်း၊
(၂) Alternative approaches and တခြားနည်း၊
(၃) Drugs ဆေးပေးနည်း၊
(၄) Surgery ခွဲစိတ်ကုသနည်း၊
(၅) စိတ်အထူးကု-ဆရာဝန်နဲ့ ကုသနည်း။

၁။ Lifestyle changes အနေအထိုင်ပုံစံ
မျှတ-လုံလောက်တဲ့ အစာတွေစားပါ။ သကြားများတာ ရှောင်ပါ။ ကစီဓါတ်များတာ၊ အာလူး၊ ဂျုံ၊ အသား-ငါး၊ (ပရိုတင်း) စားပါ။ ရောဂတ် (ဒိန်ချင်)၊ ဒိန်ခဲ၊ နွားနို့သောက်ပါ။ Ginger root tea ချင်းမြစ်ပြုတ်သောက်ပါ။ Junk foods ခေတ်ပေါ် ဆိုင်တွေမှာ အလွယ်ဝယ်စားရတာမျိုးတွေ၊ ဆားများတဲ့ အစာတွေ၊ အချိုရည်တွေကို ဖြစ်နေကျအချိန် မတိုင်ခင် တပါတ် ကတည်းကရှောင်ပါ။ Stress reduction စိတ်ဖိအား လျှော့ချနည်းတခုခု ဥပမာ ယောဂနည်း၊ တရားထိုင်နည်း၊ ကိုယ်လက်လေ့ကျင့်ခန်းနည်း၊ အစာအာဟာရ ပြုပြင်နည်းတွေလုပ်ပါ။ (ကေဖင်း) ပါတာတွေ လျှော့သောက်ပါ။ အိပ်ရေးဝပါစေ။ ရေသောက် မနည်းစေနဲ့။ စိတ်ဖိအား လျှော့ချပါ။ မဆင်မပြေတတ်တဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်နိုင်ရင် ရှောင်ပါ။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပိုနေထိုင်ပါ။ အသက်ပြင်းပြင်းရှူပါ၊ ကိုယ့်အတွက် အချိန်ကိုယူပါ။ လိင်စိတ်ပြည့်ဝအောင် (တဦးချင်းဖြစ်ဖြစ်) လုပ်နိုင်ပါတယ်။ (ဆောရီး)

၂။ Alternative approaches တခြားနည်း၊
Herbal supplements (ဟာဗယ်) ဆေး။ Flaxseed Capsules, Valerian, Kava Kava, St. John’s Wort, Phytoestrogenic herbs (Black Cohosh) ဆေးထဲမှာ အပင်ကနေရတဲ့ Estrogen တွေပါတယ်။ ဒီဆေးမျိုးက များရင် မကောင်းဘူး။ ကိုယ်ခန္ဓာကနေ အလိုလိုထုတ်မှာကို နည်းစေတတ်တယ်။ Non-estrogenic herbs (Macafem) ဆေးလဲ သုံးနိုင်တယ်။ နှိပ်နယ်နည်း၊ တရုပ် အပ်စိုက်နည်းတွေလဲ လုပ်နိုင်တယ်။ အထောက်အကူ ပေးနိုင်တာတွေကတော့ Vitamin E, Gingko Biloba, Huperzine A, Ginseng နဲ့ Acetyl-L-camitine တွေဖြစ်တယ်။ Vitamin B, C, B6, Calcium, Magnesium ဗီတာမင် နဲ့ ဓါတ်ဆားတွေလဲ သောက်နိုင်တယ်။ Lifestyle changes နဲ့ Alternative medicine တွဲသုံးတာက ပိုကောင်းတာ တွေ့ရတယ်။ မရသူတွေကို ဆေးပေးကုသရမယ်။

၃။ Drugs and surgery ဆေးပေးနည်း၊
• Antidepressants စိတ်ကျတာ သက်သာဆေး ပေးနိုင်တယ်။ Fluoxetine (Prozac) နဲ့ Paroxetine (Paxil) ဆေး အသုံးများတယ်။
• Diuretics ဆီးသွားစေတဲ့ဆေးကို သတိနဲ့ပေးရင် တချို့မှာ သက်သာတယ်။ လူတိုင်းတော့ မဟုတ်ဘူး။
• သွေးတိုးအတွက်သုံးတဲ့ Beta blockers ဆေးတွေလဲ သက်သာစေနိုင်တယ်။
• (OCPs) ကိုယ်ဝန်တား-စားဆေး အိမ်ထောင် မရှိလဲ သုံးနိုင်တယ်။ ထိရောက်သူ များပါတယ်။

တားဆေးတွေရဲ့ရာသီအပေါ်အကျိးသက်ရောက်မှု
ကိုယ်ဝန်တားဆေးတွေကနေ ရာသီဝက်ဝန်းကို လိုသလိုပြုပြင်ပေးနိုင်တယ်။ ၂၁-၂၈ ရက်သောက်ရတယ်။ အစပိုင်း ၂၁ ရက် သောက်ရတဲ့ဆေး ကုန်တာနဲ့ အရောင်ရင့်ဆေးပြား ၇ ပြားကို မသောက်တော့ဘဲ၊ နောက် ဆေးကပ်သစ်ကို ဆက်သောက်ရတယ်။ အဲလိုသာ နေ့စဉ် သောက်နေရင် သောက်နေသမျှ ကာလပတ်လုံး ရာသီမလာတော့ဘူး။ Depo-provera ထိုးဆေးက ဆေးထိုးပြီး၊ ရာသီမလာသူတွေ များတယ်။ Norplant ခေါ်တဲ့ Progestogen implants သန္ဓေတား-ဆေးချောင်းထည့်ထားသူတွေမှာ တနှစ်ကို ၃-၄ ခါ ရာသီမလာတော့ဘူး။ Progestogen-only pills (mini-pill) ကို တောက်လျှောက် မနားဘဲ ပေးရင် ရာသီ လုံးဝ မလာတော့ဘူး။ ပုံမှန်က ၇ ရက်ခြား ပေးရတာမျိုး ဖြစ်တယ်။

၎။ ခွဲစိတ်ကုသနည်း၊
Partial hysterectomy သားအိမ်ကို တဝက်တပျက်ထုတ်ပေးတာလဲ လုပ်နိုင်တယ်။

၅။ စိတ်ပိုင်း ကုသနည်းတွေထဲမှာ Behavioral therapy, Cognitive Therapy, Literary Therapy နဲ့ Talk Therapy နည်းတွေ ရှိပါတယ်။

- Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ချင်တာတွေ http://doctortintswe.blogspot.com/2014/10/premenstrual-syndrome-pms.html
- Antidepressant and premenstrual syndrome http://doctortintswe.blogspot.com/2014/12/antidepressant-and-premenstrual-syndrome.html
- Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု http://doctortintswe.blogspot.com/2014/11/menstrual-mood-swings.html
- Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://doctortintswe.blogspot.com/2014/11/menstrual-suppression.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး