Oral Cavity အာခေါင်နဲ့ အာသီး

ဆရာခင်ဗျား ကျွန်တော့်သားက အသက် ၂ နှစ်ပါ။ ဆရာရေးတဲ့ အာသီးရောင်ခြင်းအကြောင်းမှာ အာသီးက ကောင်းနေရင် မမြင်ရဘူးဆိုတော့ ကျွန်တော့သားမှာ အာသီးကိုမြင်ရတော့ အာသီးတခုခုဖြစ်ပြီဆိုတာ သတိထားမိတော့တယ်။ ဆရာ့ဆောင်းပါးမဖတ်ရခင်အချိန်ထိ အာသီးဆိုတာ ခလယ်တည့်တည့်က အချောင်းပဲလို့ ထင်တုန်းပဲ။ တစုံရှိတယ်ဆိုတာ ခုမှသိတယ်။ အာသီးမကောင်းမှပဲ မြင်ဖူးတော့တယ်။ ကလေးက ပါးစပ်အနံ့ တခါတလေ တအားဆိုးတယ်။ ထမင်းလဲ သိပ်မစားဘူး။ ပါးစပ်အနံ့ထွက်တာတော့ တလလောက်ရှိပြီ။ အာသီးကိုတော့ မနေ့ကပဲ သတိထားမိတယ်။ ခက်တာက အသက် ၂ နှစ်ကလေးဆိုတော့ ဘယ်လိုလုပ်ရမလဲဆိုတာ အကြံပေးပါအုံးဆရာ။ ကူညီပါဆရာ။

မနေ့ကမေးတဲတယောက်ကလည်း အာသီးကိုမေးချင်တာ လည်ပင်းဆိုလို့ လည်ပင်းလား အာခေါင်လား မေးရသေးတယ်။

ပုံထဲက အဝါရောင် ၂ ခုကသာ အာသီးဖြစ်တယ်။ ကလေးကို ဆာရည်နွေးနဲ့ ပါးစပ်ဆေးခိုင်းတဲ့အကျင့်လုပ်ပေးပါ။ အစာသိပ်မစားက စိုးရမ်စရာတော့မရှိပါ။ ဗီတာမင်ဘီအရည်တိုက်နိုင်ပါတယ်။ အစာစားချင်တဲ့ဆေးရည် Cypon မလိုလောက်သေးပါ။

လူတိုင်းမှာ အာသီးရှိတယ်။ ဘယ်-ညာ ၂ ခု။ အာသီးဆိုတာ နှာခေါင်းနဲ့လည်ချောင်းဆက်ရာအပိုင်းမှာ ရှိတယ်။ လျှာရဲ့ နောက်ဖက် မျက်နှာပြင်မှာရှိတယ်။ ကောင်းနေရင် မျက်စိနဲ့မြင်ရပါ။ ရောင်လာမှသာ ကြီးတာ၊ နီတာ၊ ပြည်တည်တာတွေ မြင်ရ၊ ခံစားရတယ်။ ပါးစပ်ဟခိုင်းရင် နီရဲ-ရောင်နေတဲ့ အာသီး တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် မြင်ရမယ်။ အစာမျိုရမဲ့လမ်းကို ကျဉ်းရာကနေ ပိတ်လုလုအထိ ကြီးနေနိုင်တယ်။ ရောင်ရင် လည်ချောင်းနာပြီး ဖျားမယ်။ ရက်တိုရောင်ရာကနေ ပြည်တည်နိုင်တယ်။ အာသီးကြီးနေတာမြင်ရပေမယ့် နီနေ၊ နာနေတာမဟုတ်ရင် ဆေးမလိုသေးပါ။

ပါးစပ်ကိုဟထားရင် မြင်ရတာတွေကို အာခေါင်လို့ပြောနိုင်တယ်။ အမှန်က ခံတွင်းဖြစ်တယ်။ ခန္ဓာဗေဒအရအခေါင်းတခုပါ။ ပါးစပ်ဆိုတာ အစာလမ်းကြောင်းအစဆုံးဖြစ်တယ်။ အထက်အောင်နှုတ်ခမ်းနှစ်ခု၊ အထက်အောက်သွားတွေနဲ့ လျှာကို လူတိုင်းသိတယ်။ ပါးစပ်ဟနေစဉ်မြင်ရတာမှာ အပေါ်ကအမိုးလိုနေတာကို (ပဲလိတ်) လို့ခေါ်တယ်။ ရှေ့ကအမာပိုင်းနဲ့ နောက်ကအပျော့ပိုင်းရှိတယ်။ (ပဲလိတ်) ကနေ ပါးစပ်နဲ့ နှာခေါင်းပိုင်းကိုခြားထားပေးတယ်။ တံတွေးထွက်အကျိတ်တွေ (၃) စုံရှိတယ်။ (ပရောတစ်)၊ မေးရိုးအောက်နဲ့ လျှာအောက်။ သည်အတိုင်းတော့မမြင်ရပါ။

ပါးစပ်ကိုဟထားလို့ အပေါ်ပိုင်းအလယ်တည့်တည့်မှာ အထက်ကနေအောက် တန်းကျနေတဲ့ ပန်းနီရောင်းအသားနုလေးကို အာသီးလို့ထင်တတ်ကြတယ်။ (ယူဗျူလာ) လို့ခေါ်တယ်။ သူ့အလုပ်က အစားတွေကို နှာခေါင်းပိုင်းထဲ ဝင်မလာစေအောင် တားပေးတယ်။ အိပ်ဟောက်သံထွက်စေတာမှာပါတယ်။ ကင်ဆာမဟုတ်တာနဲ့ ကင်ဆာလည်း ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး