Inflight exercise ခရီးသွားများ သတိထား




မင်္ဂလာပါဆရာ။ ကျမအသက် ၄၂ နှစ်အပျိုကြီးပါ။ ၂ဝ၁၅ မေလက ၅ ၇က်ခရီး တောင်ကြီးဘက်သွားပါတယ်။ အပြန်ကားပေါ်ကြာချိန် ၆းဝဝ လောက်မှာခြေထောက် ဒူးအောက်မှခြေဖျားအထိ ရောင်လာပါတယ်ဆရာ။ ပုရွက်ဆိတ်တွေတက်သလို ခံစားရပါတယ်။ တော်တော်နဲ့အရောင်မကျပါဘူး။ လမ်းထလျောက်ပြီး နာရီဝက်လောက်ကြာမှ အရောင်ကျပါတယ်။ သွေးကျတယ်လို့ပြောကြပါတယ်။ တခါမှမဖြစ်ဖူးပါရှင့်။ ကြိုတင်ကာကွယ်လို့ရနိုင်ပါသလား။ ဘယ်လိုဆေးမျိုးတွေ သောက်သုံးသင့်ပါသလဲဆရာ။ ယခုလက်ရှိကျမမှာ ဘာရောဂါမှမရှိပါဘူးဆရာ။ နှစ်သစ်မှာဆရာကျန်းမာရွှင်လန်းပါစေ။

ဆီးချိုစစ်ပါ။ လူက ဝနေရင် ကိုယ်အလေးချိန်ထိန်းပါ။ သွေးတိုး စစ်ပါ။ အငန်လျှော့စားပါ။ ခရီးသွားရင် လူတိုင်း ပိန်ပိန် ဝဝ၊ ရောဂါခံရှိရှိ မရှိရှိ၊ မကြာမကြာ လေ့ကျင့်ခန်းလုပ်ရတယ်။ ခေါင်း-လည်ပင်း-ခြေထောက်တွေကို ထိုင်နေရင်း လုပ်နိုင်တယ်။ လေယာဉ်နဲ့ခရီးသွားရင် ပညာပေးဗီဒီယိုပြပေးတယ်။ လမ်းလျှောက်လို့ရတဲ့နေရာဆို လမ်းလျှောက်ရတယ်။  ဖိနပ်စီးထားရင် တင်းကြပ်မနေစေရပါ။ ခရီးအဆုံးမှာ ချွတ်ထားတဲ့ဖိနပ် ပြန်စီးရင် ပိုကြပ်နေတာတွေ့မယ်။ အဲတာ ခြေထောက်ရောင်လို့ဖြစ်တယ်။ အဲယားကွန်းယာဉ်ဖြစ်ရင် ဖိနပ်ဟာ သားရေနဲ့လုပ်တာဆိုရင် အဲတာကလည်းကြုံ့သွားလို့ ပိုသိသာတယ်။

Inflight exercise လေယာဉ်ပေါ်မှာသုံးရတဲ့ လေ့ကျင့်ခန်း
၁။ The revolver ခြေထောက်နှစ်ဖက်ကို မြှင့်တင်ပေးပါ။ စက်ဝိုင်းလို ရသလောက်လှည့်ပါ။ နာရီလက်တံသွားသလို ၅ ကြိမ်၊ ပြောင်းပြန် ၅ ကြိမ်။

၂။ The cuddle လက်မြှောက်နည်းလုပ်ပါ။ ဘယ်ဖက်ပခုံးကို ညာလက်နဲ့ကိုင်ပါ။ ညာဖက်တံတောင်ဆစ်ကို ဘယ်ဖက် လက်နဲ့ကိုင်ထားပါ။ ၁၅ စက္ကန့်ကြာထားပါ။ ဘယ်ညာပြောင်းလုပ်ပါ။ နှစ်ကြိမ်စီလုပ်ပါ။

၃။ The ballerina ဖနောင့်ကိုကြမ်းမှာထိထားပြီး ခြေထိပ်ပိုင်းကို ရသလောက်မြှင့်တင်ပါ။ ခြေဖျားကိုကြမ်းမှာထောက်ပြီး ဖနောင့်ကို ရသလောက်မြှင့်တင်ပါ။ ၅ ကြိမ်စီလုပ်ပါ။

၎။ The shrug လက်ချောင်းကိုမလှုပ်စေပဲ ပခုံးကို ရှေ့တွန်းပါ။ ၅ ကြိမ်စီ ဘယ်-ညာလုပ်ပါ။

၅။ The knees up ကိုယ်ကို ရှေ့ဖက်နည်းနည်းကိုင်းပြီး၊ လက်ဖဝါးနှစ်ဖက်ယှက်ပြီး ဒူးမှာတင်ပါ။ ဒူးကိုရင်ပတ်ဆီဆွဲယူပါ။ ၁၅ စက္ကန့်ကြာထားပါ။ နောက်တဖက်ကို သည်အတိုင်းလုပ်ပါ။

၆။ The 'Where's my pen?' ခြေဖဝါးနှစ်ဖက်ကို ကြမ်းမှာကပ်ထားပါ။ လက်နှစ်ဖက်ကို ခြေခြင်းဝတ်ဆီသွားပါ။ ၁၅ စက္ကန့်ကြာထားပြီး ကိုယ်ကိုပြန်မတ်ပါ။

၇။ The inquirer ညာဖက်နားရွက်ကို ညာပခုံးဆီထိစေပါ။ ခေါင်းကိုနောက်ပြန်တခါ ရှေ့ပြန်တခါ လည်စေပါ။ အနေအထားတခုစီတိုင်းကို ၅ စက္ကန့်ကြာထားပါ။ ၁ဝ ကြိမ်လုပ်ပါ။

လေကြောင်းလိုင်းတွေမှာ ပညာပေးနည်းမတူပါ။ ကိုယ်အသိနဲ့ကိုလည်း ကြံဆလုပ်နိုင်ပါတယ်။ အခြေခံသဘောကတော့ အဆစ်တွေကြွက်သားတွေမှန်သမျှ အကြာကြီး ငြိမ်မနေစေပါနဲ့။ စနစ်တကျ ဘယ်ညာအတူ လှုပ်ရှားမှုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ရတာဟာ အတွင်းသွေးပြန်ကြောပိတ်ခြင်းရောဂါကိုကာကွယ်ဘို့နဲ့ ဆီးချိုရှိသူဆိုရင် အာရုံကြောကို ထိခိုက်လာစေမှာကို ကာကွယ်ဘို့ဖြစ်ပါတယ်။

- Deep vein thrombosis သွေးပြန်ကြောပိတ်ခြင်း http://doctortintswe.blogspot.com/2014/11/deep-vein-thrombosis.html
- Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://doctortintswe.blogspot.com/2015/01/diabetic-neuropathy.html

ဒေါက်တာတင့်ဆွေ
၁၁-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး