Conformity လိုက်လျောညီညွတ်မှု
ဆရာ ကျွန်တော်ပုလဲပြန်ရောက်တယ်။ အလုပ်ကိစ္စလေးနဲ့ ဆရာအိမ်နားရောက်လို့ အမှတ်တရရှိတာနဲ့ ဆရာတို့အိမ်လေး ရိုက်ယူလာတာကို ပို့ပေးလိုက်ပါတယ်။ ကနေ့ပဲ တယောက်နေ မန္တလေးတိုင်းဝန်ကြီးချုပ်ကလည်း ဆရာ့လိုပဲ အဘ မကြိုက်ဖူးလို့ရေးတယ်။
ဟုတ်တယ်။ ကျွန်တော့်တတွေက တိုင်ပင်မထားပဲ နေရာအတော်များများမှာ လာတူတတ်ကြတာက နိုင်ငံရေးအမြင် ဖြစ်ပါတယ်။ ဘဝကနေသင်ပေးတာလည်းပါတယ်။ စစ်ထောက်လှမ်းရေးက နောက်ကနေ ကြွက်မြီးလိုလိုက်နေချိန်မှာ ဘယ်ကလာ တိုင်ပင်ချိန်၊ စည်းဝေးဆုံးဖြတ်ချိန်မျိုးတွေ ရှိမလည်းဗျာ။
ဆရာဇော်မြင့်မောင်နဲ့က ဈေးချိုကိုနေရာရွေးကြတာမှာ တိုင်ပင်မထားပဲတူနေတယ်။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဖြစ်လာသူက မဖိတ်ပဲနဲ့ ကျွန်တော့်အိမ်အထိ ရောက်အောင်လာဖူးတယ်။ အစားကောင်းကြိုက်တဲ့သူဆိုတာ ညှော်နံ့ ကောင်းကောင်း ခံတတ်သလိုပဲ။ ဒေါ်ခင်စန်းလှိုင်ကလည်း ကျွန်တော်မရှိတော့ ပုလဲကိုရောက်လာရတယ်။ သူတို့သုံးယောက်တော့ တာဝန်သစ်တွေရကြပါတယ်။
ဦးဝင်းကို (ရေဦး)၊ ဦးသန်းစိန် (ပုလဲ)၊ ဦးစောလှိုင် (အင်းတော်) နဲ့ ဦးဒိုထောင်း (ကလေး) တို့ကတော့ ဆုံးသွားကြပြီ။ သူတို့အားလုံးဟာ ၁၉၉ဝ မှာ ကျွန်တော်နဲ့ အနီးကပ်ဆုံးလက်တွဲခဲ့ကြသူတွေထဲက တချို့ ဖြစ်ပါတယ်။
လိုက်လျောညီညွတ်မှုဆိုတာ အမူအကျင့်၊ ယုံကြည်ချက်စတာတွေမှာ အတူတူဖြစ်ကြသူများကို ခေါ်ပါတယ်။ သက်တူ ရွယ်တူတွေနဲ့ ငယ်ရွယ်သူတွေကြားမှာ အဖြစ်များတယ်။ လူမျိုး၊ ကိုးကွယ်ရာ၊ ပညာ၊ ဆင်တူသူတွေကြားမှာလည်း အဖြစ်များတယ်။ အဖွဲ့အုပ်စုတခုတည်းမှာ အတူပါနေလို့ အဖွဲ့ဝင်တူဖြစ်ခြင်းဖိအား-ဆွဲအားတွေကနေလည်း နီးကပ် တူညီစေနိုင်တယ်။ သူတို့မှာ တန်ဖိုးထားမှုနဲ့ နီတိတွေပါ တူညီတတ်ကြသေးတယ်။ အချင်းချင်းဆိုရင် ခွင့်လွှတ်မှု၊ နားလည်မှုတို့ကိုပေးရာမှာ ရက်ရောလေ့ရှိတယ်။ အတူတူထားရှိကြတဲ့ စံတွေဟာ စာရွက်ပေါ်မှာချရေးထားတာမျိုး မဟုတ်ပါ။ ငယ်စဉ်ဘဝမှာထားခဲ့ကြတဲ့ သစ္စာရေသောက်တာတို့ သွေးသစ္စာဆိုတာတို့ဟာ ရင့်ကျက်လာချိန်မှာ ကွဲပြားသွားတတ်ကြတယ်။ တူညီချက်တွေဟာ မသိစိတ်မှာပါရှိနေမှသာ ခိုင်မာတယ်။
ဒေါက်တာတင့်ဆွေ
၅-၄-၂ဝ၁၆

Comments
Post a Comment