Niti Literature နီတိကျမ်း
ကျွန်တော် လောကနီတိနဲ့ ငြင်းခုန်ခြင်း၊ ၁၊ ၂ ၃ ကိုရေးဖြစ်ပါတယ်။ ဆရာတက်တိုးရဲ့ လောကနီတိစာအုပ်လေးကို ဖတ်ရင်းရေးတာပါ။ လောကနီတိဆိုတာ ဗုဒ္ဓဘုရားဟော မဟုတ်ပါ။ သက္ကရာဇ် ၇ဝ၄ ခုနှစ် သီဟသူမင်းလက်ထက်က အမတ်ပညာရှိ (စတုရင်္ဂဗလ) ကနေ ပါဠိလိုစရေးခဲ့တယ်။ အမတ်ကြီးဟာ သဒ္ဒါကျမ်း၊ ကဗျာလင်္ကာ၊ ဓမ္မသတ်ကျမ်းနဲ့ စစ်မှုရေးရာ၊ အရည်အချင်းလေးမျိုးနဲ့ ပြည့်စုံတယ်လို့သိရပါတယ်။
နီတိဆိုတာ ပါဠိစာလုံးပါ။ မြန်မာလို လမ်းညွှန်လို့အဓိပ္ပါယ်ရတယ်။ လောကနီတိဆိုတာ လောကအကြောင်းနဲ့ စပ်လျဉ်းပြီး ကြီးပွါးတိုးတက်ရေးလမ်းညွှန်ချက်တွေဖြစ်ပါတယ်။ လောကနီတိအပြင်၊ တကျွန်းနီတိ၊ ရာဇနီတိ၊ ဓမ္မနီတိ၊ မဟာရဟနီတိတွေ ရှိပါသေးတယ်။ ဘုရားဟောမဟုတ်ပေမယ့် ဘုရားဟောကျမ်းဂန်တွေထဲက ကိုးကားချက်တွေ ပါနေတယ်။
အိန္ဒိယမှာရှိတဲ့ ဟင်ဒူဘာသာရေးထဲက Nitisastra (နီတိဆက်စထရာ) ဆိုတာက သက္ကတ (သင်္သကရိုက်) ဘာသာနဲ့ပါ။ အင်္ဂလိပ်လို Ethics ဖြစ်တယ်။ မြန်မာလို ကျင့်ဝတ်၊ ကိုယ့်ကျင့်တရား၊ ကိုယ်ကျင့်သိက္ခာလို့ ဘာသာပြန်တယ်။ အဲတာက Bhagavad Gita (ဘဂဗဒ် ဂီတ) ထဲက Virtue နဲ့လည်းဆင်တယ်လို့ဆိုပါတယ်။ အမှန်နဲ့ အမှားကို ဆွေးနွေးထားပါတယ်။
Virtue ကို သုစရိုက်၊ သူတော်ကောင်းတရားလို့ ဘာသာပြန်ပါတယ်။ အဲတာကိုပဲ ဝိကီပီးဒီးယားမှာ Dharma ဓမ္မလို့ ဆိုထားပါသေးတယ်။ အဲဒီ ဓမ္မက ဗုဒ္ဓဘာသာထဲကဓမ္မနဲ့ မတူပါ။ သူတို့ဆိုလိုတာက ကမ္ဘာမြေ၊ လူသတ္တဝါတွေနဲ့ သဘာဝတရားတွေမှာ မရှိမဖြစ်တဲ့အရာတွေလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။
နီတိကျမ်းရင်းကို (ဂျိမ်းစ် ဂရေး) ကနေ လန်ဒန်မြို့မှာ The Niti Literature of Burma ဆိုပြီးပြန်ဆိုခဲ့ပါတယ်။ ဆရာတက်တိုးကလည်း ဆရာတော်ဦးဗုဓ်ရဲ့မူကနေ ယူထားတယ်လို့ဆိုပါတယ်။
ကျွန်တော်တော့ မြန်မာနိုင်ငံသားတွေ လောကကိုကောင်းရာကောင်းကြောင်း လမ်းညွှန်တာတွေကို ဖတ်မှတ် လိုက်နာကြစေချင်တယ်။ ခေတ်အလျှောက် ပြင်သင့်တာတွေပြင်ရင်လည်း သဘောတူစရာရှိရင်တူပါမယ်။ ပြင်တာကိုလည်း ပြင်ထားတာ၊ တခြားကနေကိုးကားတာဆိုလည်း ယူထားတာလို့ ပွင့်လင်းရဲတင်းစွာပြောသင့်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၆

Comments
Post a Comment