Earth Day and Water Day ကမ္ဘာ့မြေ ကမ္ဘာ့ရေ မြန်မာ့မြေ မြန်မာ့ရေ

ဧပြီလ (၂၂) နေ့ကို Earth Day ကမ္ဘာမြေနေ့လို့ သတ်မှတ်ထားပါတယ်။ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အသိပေးဘို့ ဖြစ်ပါတယ်။ World Water Day ကမ္ဘာ့ရေနေ့ကတော့ မတ်လ (၂၂) ရက်ဖြစ်ပါတယ်။

ရေနဲ့အလုပ်အကိုင်ဆိုတာ ၂ဝ၁၆ ခုနှစ်ကမ္ဘာ့ရေနေ့ရဲ့ဆောင်ပုဒ်ဖြစ်ပါတယ်။ ရေအတွက် လမ်းပြကူညီသူတွေကနေ လူတွေရဲ့ဘဝတွေကိုပြောင်းလဲစေဖို့ မျှော်မှန်းပါတယ်။ အလုပ်ဟူသမျှ အကုန်နီးပါးလောက် ရေနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမယ့် ကမ္ဘာ့အလုပ်သမားပေါင်း ၁့၅ သန်းတို့ဟာ ရေထဲမှာ လုပ်ကိုင်နေရပေမယ့် အခြေခံ အလုပ်သမား အခွင့်အရေးတွေကို ငြင်းပယ်ခံနေကြရတယ်။ အဲတာကိုပြောင်းလဲဖို့ လိုအပ်ပါတယ်။

ရေနဲ့စွမ်းအင်ဟာ အပြန်အလှန်ဆက်စပ်နေကြပြီး အပြန်အလှန်လဲ တော်များများ မှီတည်နေကြပါတယ်။ တခုခုမှာ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ လုပ်ဆောင်ချက်တွေက နောက်တခုအပေါ် အနုတ်သဘောသက်ရောက်တာတွေကို နည်းစေနိုင်တယ်။ အနုတ်သဘောဖြစ်မှာတွေကို စီမံခန့်ခွဲမှု ကောင်းကောင်းလုပ်မှသာ အဲဒီအပြန်အလှန်သဘောကို ကောင်းလာစေနိုင်ပါတယ်။ ရေနဲ့စွမ်းအင်ဟာ ဆင်းရဲ့မှုပပျောက်ရေးကို တိုက်ရိုက်သက်ရောက်စေနိုင်ပြီး၊ ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်တွေထဲက ရေရရှိရေး၊ သန့်ရှင်းရေး၊ ပါဝါနှင့် စွမ်းအင်ပင်ရင်းများကိုလဲ သွယ်ဝှိုက်ပြီး သက်ရောက်စေပါတယ်။ ရေနဲ့စွမ်းအင်ဟာ စီးပွါးရေးတိုးတက်ဘို့အတွက် ပူးတွဲထားတဲ့ အဟန့်အတားတွေလဲ ဖြစ်ကြတယ်။

မြန်မာနိုင်ငံမှာ ဆီကိုရေချိုး ဆေးရိုးမီးလှုံဆိုတဲ့ခေတ်ကနေ တရွေ့ရွေ့လျောကျပြီး ရေမပြောနဲ့ ရေကိုတောင်မှ ဝယ်သောက်နေကြရပါပြီ။ မြစ်ရေကိုအားပြုပြီး အသက်မွေးဝမ်းပြုနေသူတွေမှာလဲ လုပ်ကွက်တွေ ကျဉ်းသထက် ကျဉ်းမြောင်း၊ ပျောက်ကွယ်လာနေပါတယ်။ တိုင်းပြည်ရဲ့ အသက်သွေးကြောလို့တင်စားတဲ့ ဧရာဝတီ၊ သံလွင်နဲ့ ချင်းတွင်းမြစ်ကြီးတွေကိုလဲ ရောင်းစားခံနေရပါပြီ။ ဆိုးတဲ့အစိုးရသာဆက်အုပ်ချုပ်နေရင် ကိုယ့်အိမ်ထဲ ကိုယ့်ဖါသာ တူးထားတဲ့ရေတွင်းတွေကို အခွန်လာမကောက်ဘူး မပြောနိုင်ပါ။ စွမ်းအင်ဆိုတာတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အရင်းအမြစ်ဆိုတာ သူများနိုင်ငံအတွက်သာ ဖြစ်နေရတဲ့ဘဝကို ရောက်လာနေပါပြီ။ တိုင်းပြည်ရဲ့ အတိတ်က အမွေအနှစ်တွေကို ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး ပစ္စုပ္ပန်ရော အနာဂတ်ကိုပါ ရောင်းစားလိုက်လို့ ဖြစ်နေတာပါ။

ကျွန်တော် အိန္ဒိယကိုရောက်ကာစက တဖက်နိုင်ငံ နယ်စပ်ပြည်နယ်နေလူတွေကနေ ပြန်ပြောကြတယ်။ တချိန်တုံးက မြန်မာပြည်က (ဘီအိုစီ) ကို သူတို့အားကိုးခဲ့ရတယ်တဲ့။ အခုတော့ မြန်မာပြည်က ဓါတ်ငွေ့ပိုက်လိုင်းကြီးကို အားကိုးရတဲ့ နောက်ထပ်နိုင်ငံခြားသားတမျိုးခေတ် ရောက်နေပါပကောဗျာ။ အားကိုးခံရတာ ဂုဏ်ယူစရာတော့ တချို့နေရာမှာသာ ဟုတ်တယ်။ ကိုယ်မချိ အမိသော်လည်း သားတော်ခဲဆိုတာလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၃-၂ဝ၁၆
၂၂-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး