HIFU ကင်ဆာကုသဘို့ရာစက်သစ် သတင်း

ခုတင် (၅ဝဝ) ဆံ့အထူးကုဆေးရုံသစ်ကြီးအတွင်းတွင် ကင်ဆာအဖုအကျိတ်များကို မခွဲမစိတ်ဘဲ ချေဖျက်ဖယ်ရှားနိုင်မည့် HIFU centre ဖွင့်ပွဲအခမ်းအနားသတင်းကို ၁၉-၆-၂ဝ၁၅ နေ့က ကျန်းမာရေးမဂ္ဂဇင်းမှာပါတာကို ဖတ်ရလို့ စာတပုဒ်ရေးခဲ့ပါတယ်။ ဖေ့စ်ဘွတ်က အဟောင်းတွေကို အခုပဲဖြစ်နေသလို တင်တတ်ကြလို့ နေ့စွဲတွေမှားကုန်တယ်။ ထောက်ပြသူတွေကို ကျေးဇူးတင်ပါတယ်။ အဲဒီသတင်းမှာ အသည်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အရိုးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် သားအိမ်တွင်းဖြစ်ပွားသော အဖုအကျိတ်များကို ကုသမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ပြည့်စုံပါက စွမ်းအားမြင့်အသံလှိုင်းနှင့် ပုံရိပ်ဖမ်းနည်းပညာကိုအသုံးပြုကာ ခွဲစိတ်ရန်မလိုဘဲ ချေဖျက်ပေးနိုင်တော့မည်ဖြစ်ကြောင်း။ ကနဦးအနေဖြင့် အသည်းကင်ဆာအပါအဝင် အသည်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာဝေဒနာရှင်များကို ကုသပေးနိုင်ရန် ရည်ရွယ်ထားကြောင်း။ HIFU စက်၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၈သန်းတန်ဖိုးရှိပြီး ပြည်သူများ ခေတ်မှီ လုံခြုံမှုရှိစွာ ဆေးကုသမှုခံယူနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဝယ်ယူတပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း။ HIFU Centre အဆောက်အဦ၏တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၅ဝဝ ကျော်တန်ဖိုးရှိကာ ACS Myanmar Medical Co.,Ltd မှ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

ကျွန်တော်ကတော့ ဆေးပညာသုတကိုသာရေးပါမယ်။ လေ့လာမိသလောက် သတင်းပို့စ်ထဲမှာရေးထားတဲ့ အရိုးကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာတွေကို ကုသနိုင်တယ်လို့မပါဝင်ပါ။ ကျွန်တော်က အထူးကုဆရာဝန်တော့ မဟုတ်ပါ။

High intensity focused ultrasound (HIFU) ဆိုတာ -
အာလ်ထွာဆောင်းသုံးတဲ့ အပူပေးနည်းဖြစ်တယ်။ ကင်ဆာကုသနည်းတခုဖြစ်တယ်။ အလွန်မြင့်မားတဲ့ ဖရီကွင်စီရှိတဲ့ အသံလှိုင်းနည်းပညာကိုသုံးတယ်။ သူနဲ့ထိရင် ကင်ဆာဆဲလ် (တချို့) တွေသေမယ်။ စမ်းသပ်နေတာ နှစ် ၅ဝ လောက် ရှိနေပြီ။ မကြာသေးခင်နှစ်တွေကမှသာ လက်ခံသုံးစွဲလာပါတယ်။ ဓါတ်ရောင်ခြည်နဲ့ကုသရသလို ဘေးထွက် ဆိုးကျိုး မရစေပါ။ တခုတည်းရှိတဲ့ကင်ဆာအကျိတ်ဖြစ်ဖြစ် အကျိတ်ကြီးထဲကတစိတ်တပိုင်းကိုဖြစ်ဖြစ် ကုသပေးနိုင်တယ်။ ဘေးအထိပြန့်နေတဲ့ကင်ဆာကိုတော့ မရနိုင်ပါ။ ဒီအသံလှိုင်းက လေနဲ့ အရိုးလိုမာတဲ့နေရာကို ဖြတ်မသွားနိုင်လို့ ကင်ဆာတိုင်းကိုတော့ ကုမပေးနိုင်ပါ။

HIFU နည်းနဲ့ကုသပေးရန် သင့်လျှော်သောကင်ဆာများ
1. Prostate cancer ယောက်ျားဆီးကျိတ်ကင်ဆာ၊
2. Kidney cancer ကျောက်ကပ်ကင်ဆာ၊
3. Primary and secondary liver cancer အသည်းကင်ဆာများ၊
4. Pancreatic cancer သရက်ရွက်ကင်ဆာ၊
5. Bladder cancer ဆီးအိမ်ကင်ဆာ။

HIFU နည်းဖြင့်ကုသပေးရန် မသင့်လျှော်သောကင်ဆာများ
1. Brain tumors ဦးနှောက်ကင်ဆာ၊
2. Lung cancer အဆုပ်ကင်ဆာ၊
3. Cancers in the pelvic area တင်ပါးဆုံတွင်းအင်္ဂါများ (သားအိမ်နဲ့ မျိုးဥအိမ်) ကင်ဆာများ၊
4. Cancer that has spread to the lymph nodes တက်စေ့များဆီသို့ ပြန့်နေသောကင်ဆာ၊
5. Skin cancers အရေပြားကင်ဆာ၊
6. Head and neck cancers ဦးခေါင်းနှင့် လည်ပင်းကင်ဆာများ၊

Prostate cancer ယောက်ျားဆီးကျိတ်ကင်ဆာ
ကိုယ်တွင်းထဲနက်တဲ့နေရာမှာရှိလို့ အာလ်ထွာဆောင်းအတံကို ဝမ်းသွားလမ်းကနေထည့်ပြီးလုပ်ပေးရတယ်။ ဆီးကျိတ်ကို ခွဲစိတ်နည်းနဲ့ ဓါတ်ရောင်ခြည်ပေးကုသနည်းတွေလို ထိရောက်တာတွေ့ရတယ်။ ရေရှည်တော့ အဲဒီနည်းတွေလို စိတ်ချရမလား မသိသေးပါ။

Kidney cancer ကျောက်ကပ်ကင်ဆာ
ယူကေမှာ စမ်းသပ်ကုသပေးနေပါပြီ။ စမ်းသပ်မှုတခုမှာ အဲဒီနည်းလုပ်ပြီးနောက် ခွဲစိတ်ရတယ်။ ဒါကြောင့်ခွဲမရတဲ့ နောက်ကျနေတဲ့ ကျောက်ကပ်ကင်ဆာအတွက်သာသုံးတယ်။

Primary and secondary liver cancer အသည်းကင်ဆာတွေ
အသည်းမှာစဖြစ်တဲ့ကင်ဆာနဲ့ တခြားနေရာကနေ အသည်းဆီရောက်လာတဲ့ကင်ဆာရယ်လို့ရှိတယ်။ တရုပ်ပြည်မှာ စမ်းသပ်ကုသပေးနေတယ်။

Pancreatic cancer သရက်ရွက်ကင်ဆာ
တရုပ်ပြည်မှာ စမ်းသပ်ကုသပေးနေတယ်။ နာတာသက်သာကြတယ်။ နောက်ကျနေသူတွေကိုသာသုံးနိုင်တယ်။ တရုပ်ပြည်မှာရော ယူကေနိုင်ငံမှာပါ ခွဲစိတ်နည်းကိုသာ ပထမဦးစားပေးလုပ်တယ်။

Bladder cancer ဆီးအိမ်ကင်ဆာ
တရုပ်ပြည်မှာ စမ်းသပ်ကုသပေးနေတယ်။ ပြန်ဖြစ်တာတွေ့ရတယ်။

HIFU ဘေးထွက်ဆိုးကျိုးတွေ
နည်းပါးတယ်။ ၃-၄ ရက်လောက်နာနေတယ်။

ကင်ဆာမဟုတ်တာတွေအတွက်လည်းသုံးတယ်။ အရေပြားအောက်မှာအဆီစုနေတာ အတွက်လည်းသုံးနိုင်တယ်။ သားအိမ်အကျိတ်အတွက် FDA ကနေ ၂ဝဝ၄ ခု အောက်တိုဘာလ ကတည်းကခွင့်ပြုထားတယ်။ ၁၆-၂ဝ% မှာ ထပ်လုပ်ပေးဘို့လိုတာတွေ့ရတယ်။ Focused ultrasound surgery နည်းနဲ့ သားအိမ်အကျိတ် (အလုံး) ကုသနည်းကို သပ်သပ်ရေးပါအုံးမယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၅
၁ဝ-၁၂-၂ဝ၁၅
၂၄-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး