Musical symbols ဒိုရေမီဖါနဲ့ သတ်ပုံ

ဆရာခင်ဗျား သတ်ပုံသတ်ညွှန်းကိစ္စပြောချင်လို့ပါ။ ပျူခေတ်၊ ပုဂံခေတ်ကစပြီး သတ်ပုံဆိုတာတော့ ပြောင်းခဲ့တာပဲ မို့လားဗျာ။ ဘယ်ဟာကိုအမှန်လို့ အတ္တနောမတိနဲ့ပြောတာက သိပ်မမှန်ဘူးထင်တယ်ဗျ။ ဘာသာစကားရဲ့ရည်ရွယ်ချက်က တဦးနဲ့ တဦး ကူးလူးဆက်သွယ်ဖို့ပဲ မဟုတ်လားဗျာ။ နားလည်နေကြရင် ပြီးတာပါပဲ။ ပဋ္ဌာန်းရွတ်တာ စဉ်းစားကြည့်ပါ ဆရာ။ ရွတ်တဲ့သူရော နာတဲ့သူပါ နားမလည်ပါဘူး။ သူ့ဘာသာတော့ အဆင်ပြေနေတာပဲ။ ဆိုလိုချင်တာက ဆရာရယ် absolute truth ပရမတ္ထသစ္စာမှမဟုတ်ဘဲ relative truth ပဲ။ ဘာက မှန်နေချင်သေးလို့လဲ ခွင့်လွှတ်ပါဆရာ ပြောပြတာပါ။

ဟာ့ သတ်ပုံအကြောင်းလား။ ဟောင်းတာတွေ ပြောင်းတာက ဟုတ်တယ်။ မြစေတီကျောက်စာကနေ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်နဲ့ စွယ်စုံကျမ်းပြောင်းတာ ခိုင်မာတယ်။ စွယ်စုံကျမ်းကနေ ခေတ်အရပြောင်းတာတွေလည်း တချို့ကို လက်ခံတယ်။ ဒါပေမယ့် (ဆိုးရိမ်တယ်) တို့၊ (အစင်ပြေပါစေ) တို့ စတာတွေတော့ ဘယ်သူက မှန်တယ်ပြောပြော၊ ခေတ်မီတယ်ပြောပြော ဆရာကတော့ လက်မခံဘူး။ အဲတာက သစ္စာတရားနဲ့ မဆိုင်ဘူး။

ဟုတ်ဆရာ။ ကျနော်က ရေစီးကြီးကို သိပ်မလှန်ဘဲ ရေစီးနဲ့အတူလိုက်ပြီး ပြောင်းကြည့်တာ ပိုကောင်းမလားလို့ပါ။
ကျနော်လည်း မြန်မာစာကိုချစ်ပါတယ်။

ဆရာ ခဏခဏရေးရတယ်။ ကြယ်သီးပေါက်လွဲတပ်ထားတာ ရင်ပတ်တော့လုံတယ်။ လူကြားထဲသွားရင် အရီခံရမယ်။ ခုခေတ် ဒူးပြဲဂျင်းဘောင်းဘီဝတ်တာ သူ့နေရာနဲ့သူ ခေတ်မီတယ်။ အဲ့ အဲလိုဝတ်ပြီး အခမ်းအနားမှာ စကားပြောတော့ မတင့်တယ်ဘူး။

ဟုတ်ဆရာ။ ကျနော်က သတ်ပုံကိုလေးစားပါတယ်ဗျ။

မနေ့ကပဲ ကိုယ်ဝန်ဆောင်တယောက်မေးခွန်းမှာ (ဖြတ်) လို့ရေးရမှာကို (ဖျက်) လို့ရေးတော့ တားဆေးဖြတ်တာလား၊ ကိုယ်ဝန်ဖျက်တာလား စဉ်းစားရပြီး ပြန်မေးနေရတယ်။ တော်တော်တန်တန်လွဲလို့ ဗွေမယူပါဘူး။ အခုသမ္မတညစာစားပွဲမှာ (ယဉ်မရပ်ရ) လို့ရေးတာတို့ လက်ပတောင်းတောင်မှာ ဘုန်းကြီးတွေကို ၁၂-၁၂-၂ဝ၁၂ နေ့က ကပ်တဲ့စာမှာ ပြန်ကြားစာထဲမှာ (ထိမ်းသိမ်း) လို့ရိုက်တာတို့ကို ခေတ်ရေစီးလို့ပြောချင်တာလား။ တီဗွီကနေ အသံထွက်ရော စာတမ်းထိုးရေးတာမှာပါ တက်တက်စင်လွဲတာမျိုးကရော ခေတ်ရေစီပဲလား။

(ဆြာ) တို့၊ (ကျမ္မာရေး) တို့၊ ပြောင်းရေးတာကို ကောင်းတယ်၊ မှန်တယ်လို့လက်ခံလာကြပြီ။ အင်္ဂလိပ်စာလုံးတွေကို မြန်မာပြန်ရေးတာမှာ ထပ်ဆင့်နဲ့ရေးတဲ့နည်းကနေစတယ်။ စင်္ကာပူ၊ ပါကစ္စတန်၊ အိန္ဒိယ၊ (ဣသရေလ) အစ္စရေး၊ စတာတွေလည်း ခုခေတ်မှာ အဆင့်တွေမပါပဲ ပြောင်းရေးလာကြရင် ဆရာတော့ မှားတယ်လို့ မပြောပါ။ သမ္မတတို့ မန္တလေးတို့အထိတော့ မပြောလိုသေးပါ။

ချုပ်လိုက်ရင်တော့ အဟောင်းတွေကနေ ခေတ်အလျှောက် ပြင်လာတာကို လက်ခံတယ်။ အဲ့ ပြင်တာက အမှား ဖြစ်နေရင် လက်မခံပါ။ (ဒို-ရေ-မီ-ဖါ) မသိပဲ (ဟစ်ဟော့) ဆိုမရဘူး မဟုတ်လား။ စည်းနဲ့ဝါးလည်း အဲလိုပဲ။

ဒေါက်တာတင့်ဆွေ
၉-၄-၂ဝ၁၆
၉-၄-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး