Long Boat လောင်းလှေကြီး

ဘာသာရေးနဲ့ ဆိုင်တာလေးရေးတိုင်း လာတော့မယ့်ကွန်မင့်တွေက တမျိုးတမည်ဖြစ်မှာကို ကြိုသိပါတယ်။ အရင်ကရေးတိုင်းလည်း အဲလိုပဲ။ ဘလော့စရာလည်းပေါ်တတ်တယ်။ လူသစ်တိုးလို့ရတာပေါ့။

၁၉၉ဝ ရွေးကောက်ပွဲမတိုင်ခင်က မုံရွာ NLD ရုံးမှာ အထက်ချင်းတွင်း၊ အောက်ချင်းတွင်းနဲ့ ချင်းတွင်းအနောက်ဖက်က မြို့နယ်အလိုက် စည်းရုံးရေးမှူး တွေ့ဆုံကြတယ်။ မြို့နယ်တခုက စည်းရုံးရေးမှူးတဦး ဆွေးနွေးတာကို အမှတ်ရတယ်။ သူပြောတာက ဘာလိုလုပ်ရင် ကောင်းတယ်။ ဘယ်လိုလုပ်ရင် မကောင်းဘူးဆိုတဲ့ အချက်အလက်တွေကို တန်းစီပြီး သူ့မှတ်စုစာအုပ်ထဲကနေဖတ်ပြတယ်။ အဲတာတွေကို သီအိုရီလို့ခေါ်တယ်။ NLD က ရွေးကောက်ပွဲအတွက် အမတ်လောင်းတောင် မရွေးရသေးပါ။

NLD အစိုးရမတက်ခင်ကတည်းက NLD က ဒီလိုသာဆိုရင် ဘာဖြစ်သွားမယ်ဆိုပြီး မီဒီယာတွေကနေ ဝေဖန်တဲ့အသံတွေ ကြားနေရတယ်။ အဲတာမျိုးက တင်ကူးချက်တွေဖြစ်တယ်။ မှန်းပြီးပေးစားတာနဲ့တူတယ်။ Religious news တောမီးရှို့တာ သတိထားပါအောက်မှာ အဲတာမျိုးတွေဖတ်ရပြန်တယ်။ NLD အစိုးရလည်း အရင်အစိုးရလိုလုပ်ရင်တော့ စသဖြင့်။ အဲလို ပြောတာဟာ အပျက်သဘောဖက်ကနေရှုမြင်တာအပြင် မကျူးလွန်တာကို တင်ကူးပြီး စွဲချက်တင်တာနဲ့ပါ တူတယ်။

နောက်တမျိုးက NLD အစိုးရ ဘာသာရေးကိစ္စမှာ ငြိမ်နေသလားတဲ့။ ဒေါ်စုနဲ့ သမ္မတ ဘာမှမပြောကြဘူးလားတဲ့။

တချို့ကလည်း ဖေ့စ်ဘွတ်မှာလုပ်တာသာ နိုင်ငံရေးလို့ မှတ်ထင်နေကြပုံရတယ်။ ကောင်းတာတွေ့ရင် ကောင်းလိုက်ပြီ။ ဝေဖန်ခံသူ လူဆိုး။ ကိုယ်ဖတ်နေချိန်မှာတွေ့ရင် ဒီလူက တက်ကြွတယ်၊ မတွေ့တာကြာရင် ငြိမ်ချက်သားကောင်းတယ်လို့ သတ်မှတ်မယ်။ ကျွန်တော့ကိုလည်း ဆရာ၊ မတွေ့တာကြာပြီ။ ဆရာပို့စ်တွေ မဖတ်ရတာ ကြာလို့ နေလို့မှကောင်းရဲ့လား မေးတာက တလမှာ တခါလောက်ကြုံရတယ်။ အဲတာနဲ့ ရွာထိပ်ကမန်ကျည်းပင်ကြီးဆိုပြီး ရေးထားတယ်။ နောက်တခါလာ အဲတာပြန်တင်လို့ရအောင်။

အစိုးရကလုပ်နေတာကို ဖေ့စ်ဘွတ်မှာမတွေ့တိုင်း ဒီအစိုးရဘာမှလုပ်မနေဘူး မအောက့်မေ့ပါနဲ့။ ဘယ်သူမှ မသိလိုက်ရပဲ လုပ်သွားတာတွေက ရက်ပိုင်းလေးအတွင်းမှာ တလှေကြီးရှိနေပြီ။ လှေဆိုတာကလည်း လောင်းလှေလောက်ကြီးတယ်။ လောင်းလှေမှာ စက်မပါလို့ အသံဆူတာမကြားရပါ။ လှေပေါ်မှာ လူအကုန်ဟာ တက်စုံခတ်နေကြလေရဲ့။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး