Move free and Swisse Joint ဒူးနာပျောက်ဆိုတဲ့ တိုင်းရင်းဆေးတွေ

April 5, 2016 10:32 PM
ဆရာ သမီးအမေအတွက် ဆေးအကြောင်းမေးချင်လို့ပါ။ အမေက ၅၅ နှစ်ရှိပါပြီ။ အဝလွန်တာတော့မဟုတ်ပေမယ့် ဝတဲ့ထဲပါပါတယ်။ အမေက ဒူးနာလို့ပါ။ လှုပ်နိုင်ရှားနိုင်လည်းရှိပါတယ်။ ဒူးနာလို့ဆိုပြီး လမ်းသိပ်မလျောက်ဘဲ ဆိုင်ကယ်မောင်းပါတယ်။ သွေးတိုးတော့ရှိပါတယ်။ ကျန်တာဘာရောဂါမှ ထွေထွေထူးထူးမရှိပါဘူး။ အဲဒါ အင်တာနက်မှာ ဒီဆေး Swisse Joint ကို သောက်ဖူးတဲ့သူတစ်ယောက် တင်ထားတာတွေ့လို့ အမေတို့အရွယ်သောက်ရင် အဆင်ပြေနိုင်မလား မေးကြည့်တာပါ။ တခြား side effect တွေလည်းရှိမလားလို့ သိချင်လို့ပါဆရာ။

2011/7/15
Move free ဆေးက ဒူးနာရင် သောက်လို့ ရပါသလား။ တခြားနေရာတွေ နာရင်ရော သောက်လို့ ရပါသလား။ ဆေးအကြောင်း သိချင်လို့ပါ။ သောက်နည်း အညွန်းရော တနေ့ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်လုံး သောက်ရမှာပါလဲ အစာအိမ်ရောဂါ ရှိရင်ရော သောက်လို့ ရပါသလား။ ဆေးအကြောင်း ရှင်းပြပေးပါရှင့်။

မေးခွန်း ၂ ခုဟာ ၅ နှစ်ကွာခြားပါတယ်။ ကနေ့မေးခွန်းမေးသူက Swisse Joint Pain Relief ဆေးပုလင်းပုံပါ ပို့ခိုင်းလို့ ပို့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကမေးတဲ့ ဆေးပုလင်းချင်းမတူပေမယ့် ဆေး ၂ မျိုးလုံးမှာပါတဲ့ Glucosamine က အတူတူဖြစ်တယ်။ ဆေး ၂ မျိုးလုံးက ကြော်ငြာဆေးအမျိုးအစားထဲကဖြစ်ပါတယ်။ ဆရာဝန်တွေသုံးတဲ့ဆေး အမျိုးအစားမဟုတ်ပါ။

ဆေးဆိုတာ အညွှန်းအတိအကျပါရမယ်။ အညွှန်းဆိုတာကလဲ ကြော်ငြာရေးသလိုတွေ များနေနေရင် ဈေးရောင်းချင်လို့ ဖြစ်နိုင်သေးတယ်။ ဆေးကြော်ငြာဖတ်ပြီး ဘာသာတော့ ပြန်ပေးပါမယ်။ Move Free ဆေးဟာ Dietary supplement အစာအာဟာရ ဖြည့်ပေးတဲ့ဆေးအမျိုးအစား ဖြစ်တယ်။ Glucosamine hydrochloride 1500 mg, Chondroitin sulfate 200 mg, Uniflex 250 mg, နဲ့ Hyaluronic acid 3.3 mg တွေပါတယ်။ အဲဒီထဲက Uniflex ဟာ Chinese Scullcap နဲ့ Black Catechu ဆေးဘက်ဝင်ကရတာ ဖြစ်တယ်။ ဆေးကို မကောင်းတဲ့အဆစ်တွေ ကောင်းကောင်း လှုတ်ရှားစေဘို့ဆိုပြီး ရောင်းချတာ ဖြစ်တယ်။

Osteoarthritis and Cartilage စမ်းသပ်မှု အသေးစားတခု နဲ့ ဆေးထုတ်လုပ်သူတွေ အဆိုအရ ဆေးသောက်သူတွေဟာ ၈ ပါတ်နေရင် အစွမ်းပြတယ်လို့ ပါရှိတယ်။ ၈၃% မှာ အဆစ်တွေ အနေရ သက်သာလာတယ်။ ၇၈% မှာ တနေ့တာ အဆစ်တွေ အလုပ်လုပ်ရာ တိုးတက်လာတယ်။ ၇၂% မှာ လှုတ်ရှားမှု ပိုကောင်းလာတယ်။ ဆေးညွှန်ကတော့ တရက်မှာ တခါသောက် ဆေး ၂ လုံး၊ တနေ့ ၂ ကြိမ်၊ ၂ ပါတ်သောက်ပါ။ နောက်ပိုင်းမှာ တနေ့ကို ဆေး ၂ လုံးသာ အစာနဲ့ သောက်ပါ။ နောက်တနည်းက တရက်မှာ တခါသောက် ဆေး ၃ လုံး၊ တနေ့ ၂ ကြိမ်၊ ၂ ပါတ်သောက်ပါ။ နောက်ပိုင်းမှာ တနေ့ကို ဆေး ၃ လုံးသာ အစာနဲ့သောက်ပါ။

ဆေးကြော်ငြာထဲမှာမဟုတ်ဘဲ အင်တာနက်မှာ ဆေးသုံးဘူးသူတွေက ရေးကြတာတွေလဲ သိသင့်တယ်။ တဦးချင်း အတွေ့အကြုံတွေဖြစ်ပါတယ်။ ဒါတွေကလည်း ဆေးသုတေသနတော့ မဟုတ်ဘူး။
၁။ Acute Liver Toxicity အသည်းကို ထိခိုက်တယ်။
၂။ ၄ ရက်သောက်ပြီး ရင်ပြည့်ပြီး အစာမစားနိုင် ဖြစ်တယ်။
၃။ Move Free Advanced Triple Strength ကို တလလောက်သောက်ပြီး အစာအိမ် လေနာတာ၊ ရင်ပြည့်တာနဲ့ ဝမ်းပျက်တာတွေ ဖြစ်တယ်။
၎။ Move Free Advanced ဆေးကို နာမည်ပြောင်းတာ သောက်ပြီး ဝမ်းပျက်တယ်။
၅။ အတူတူဘဲ အဲလိုဖြစ်တယ်။
၆။ ကျမအမေ အသက် ၇၉ နှစ်၊ ဝမ်းအရည်တွေ ဒလဟော သွားတယ်။
၇။ Move Free diarrhea pills ဝမ်းနုတ်ဆေးလို့ ခေါ်သင့်တယ်။
၈၊ ဝမ်းပျက်၊ ဗိုက်နာဖြစ်ပါတယ်။
၉။ အသက်ရှူမရ၊ ပါးစပ်မှာ အနာပေါက်၊ ဘာမှ မစားနိုင်။
၁ဝ။ တလသောက်ပြီး လေထတယ်၊ ဝမ်းပျက်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၇-၂ဝ၁၁
၆-၄-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး