Embarrassment ဆ ဆရာကြီး ခေါင်းလောင်းတီး

Embarrassment ဆ ဆရာကြီး ခေါင်းလောင်းတီး

ကျွန်တော့်ကို (ဆရာ) လို့သာခေါ်ပါဗျာဆိုပြီး မကြာမကြာရေးမိတယ်။ (အဘ) လို့အခေါ်ခံရတဲ့ဘဝတော့ လွတ်ပြီလား မသိပါ။ (ဆရာကြီး) လို့ ရေးတာကိုလည်း မခေါ်သင့်ပါကြောင်းရေးတော့ နည်းလာတယ်။ ကျန်သေးတယ်။ ဆရာဝန်မနဲ့ သူနာပြုတွေလည်းပါတယ်။ ဆေးလောကမှာ အထူးကုဆရာဝန်တို့၊ ပါမောက္ခတို့ကိုသာ (ကြီး) ထည့်ခေါ်ရတယ်။ ကျွန်တော်က TOM မြို့နယ်ဆရာဝန်သာလုပ်ဖူးတယ်။ TOM 1 ဆိုမှသာ မြို့နယ်ဆရာဝန်ကြီးလို့ ခေါ်ရတယ်။

(ဆရာကြီး) အခေါ်ခံရရင် မနေတတ်ဘူး၊ မလုံဘူး။ မွေးနေ့ကို အတိအကျရေးထားတာမို့ ငယ်တယ်အထင်ခံချင်တာ မဟုတ်ပါ။ (ဆရာ) လို့ခေါ်တာဟာ ယဉ်ကျေးတယ်။ မှန်ကန်တယ်၊ လေးစားရကျတယ်။ အပိုတွေမပါဘူး။ တွယ်ကပ်မှုလည်းကင်းတယ်။

ငယ်ငယ်က သူငယ်တန်းဖတ်စာမှာ (ဆ ဆရာကြီး ခေါင်းလောင်းတီး) လို့သင်ရတယ်။ ဒိနောက်မှာ (ဆ ဆရာ ရိုသေပါ) ဖြစ်လာတယ်။ (က ကန်စွန်းပင် ရေမှာရွှင်) ကို သင်ခဲ့ရတယ်။ (က ကညစ် ပေမှာခြစ်) ခေတ်လည်း မီလိုက်တယ်။ နောက်တော့ (က ကလေးငယ် ချစ်စဖွယ်) ကိုမသင်ခဲ့ရသူတွေက (ကလေး) ကို (ခလေး) လို့ ရေးနေကြတယ်။

ကျွန်တော်တို့ငယ်ငယ်က စာဖတ်တာကို စာအံတယ်လို့သုံးလေ့ရှိတယ်။ (သင်ထွေးအံရွတ်၊ တပည့်ဝတ် မချွတ်ငါးခုသာ) ကိုလည်း အလွတ်ရွတ်ရတယ်။ ခုလူရွယ်တွေက စာအံတယ်လို့ရေးရင် နားလည်ချင်မှ လည်ကြတော့မယ်။ (ဆရာကြီး) လို့ ဆိုလာရင် ငယ်ငယ်ကစာအံခဲ့ရသလို ခေါင်းလောင်းပဲ ထတီးရမလို စိတ်ထဲမှာမလုံပါ။ မနေတတ်ပါ။ မနေတတ်ဘူးဆိုတာ Embarrassed လို့သုံးတယ်။ စိတ်မလုံဘူးဆိုတာ Insecure လို့သုံးတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၅
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်ထွေးအံရွတ်၊ တပည့်ဝတ် မချွတ်ငါးခုသာ။ (သင်္ဂဇာဆရာတော်ကြီး၏ဆုံးမစာ)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ