ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း

ဆရာသမီး တခုမေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ မေးမေးနေကျလို့ မီးနေသည်ဆိုတာ ဘယ်လိုနေထိုင်ရသလဲ။ ဘာတွေရှောင်သင့်ဆောင်သင့်လဲ။ ဒါမှမဟုတ် သာမာန်လူလိုပဲနေထိုင်သင့်သလားဆိုတာလေး ဆရာအလျဉ်းသင့်ရင် ဆောင်းပါးလေးရေးပေးပါဦးနော်။ သမီးကိုယ်ဝန်ဆောင်မိခင်တွေကို ဝေမျှပေးချင်လို့ပါ။ ကျေးဇူးအထူးတင်ရှိပါတယ်ဆရာ။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ယှဉ်ပြီး လုပ်စရာတွေအများကြီးရှိတယ်။ ကိုယ်ဝန်ကိုအပ်ပါ။ သွားပြီး မွေးဖွါးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာအပ်တာက ပိုကောင်းတယ်။ ANC (Antenatal Care) ခေါ်တဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာ တိတိကျကျရှိတယ်။ တချို့နေရာတွေမှာ အသေးစိတ် လုပ်ပါလိမ့်မယ်။ အသေးမစိတ်နိုင်ရင်လဲ အစိုးရိမ်မကြီးပါနဲ့။ တောနယ်တွေမှာ လက်သည်တောင်မပါဘဲ မွေးနိုင်ကြသေးတယ်။ ကိုယ်ဝန်ဆောင်တယောက်နဲ့တယောက် အတော်တော့ မတူကြဘူး။ တယောက်တည်းမှာ အရင်ကိုယ်ဝန်၊ နောက်ကိုယ်ဝန် မတူတတ်ပါ။

ANC ဆိုတာ မိခင်လောင်းရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးအပြင်၊ ကလေးအတွက်ပါ လိုတာတွေကို စစ်ဆေး၊ ဆောင်ရွက်ပေးတာပါ။ အရင်ဆုံး ကိုယ်ဝန်ရှိနေတာ သေခြာအောင်လုပ်တာနဲ့ စပါတယ်။ သန္ဓေစတည်ပြီး၊ ၂ ပါတ်ဆိုရင် ဆီးစစ်လို့ရပြီ။ တချို့နည်းတွေက ဒီထက်တောင် စောပြီး စမ်းလို့ရသေးတယ်။ စိတ်ဝင်စားဘို့ ကောင်းတာက ဒီနည်းဟာ သန္ဓေသားရှိ-မရှိစမ်းတာ မဟုတ်ဘဲ၊ အချင်းဖြစ်နေပြီဆိုတာကို စမ်းတာဖြစ်ပါတယ်။

နောက်ဆုံးရာသီလာခဲ့တဲ့လက ပဌမဆုံးသွေးဆင်းတဲ့ရက်ကို မှတ်ပါ။ (LMP) ခေါ်တယ်။ ဒီရက်ထဲကို ၉ လ နဲ့ ၇ ရက် ထည့်ပေါင်းတာနဲ့ (EDD) မွေးမဲ့ခန့်မှန်းရက်ကို တွက်ယူနိုင်တယ်။ (အာလ်ထွာဆောင်း) အဖြေမှာ ကိုယ်ဝန်က Weeks ဘယ်လောက် နဲ့ Days ဘယ်လောက် ရှိပြီလို့ ရေးကြတယ်။ သွားရိုက်တဲ့ရက်ထဲကနေ အဲဒါကို ပြန်နုတ်တော့ ကိုယ်ဝန်စရှိတဲ့ရက် LMP ကို ရတယ်။ Week ကို (၄ ပါတ် ၁ လ) လပြန်ဖွဲ့ပြီးမှ အပေါင်း-အနုတ် လုပ်ရတယ်။ အလုပ်သင် ဆရာမတွေအတွက်တော့ သင်္ချာပညာစမ်းသလိုဘဲ။ သူတို့ခမြာ အတော်ခေါင်းရှုတ်ကြရှာတယ်။

ကိုယ့်မှတ်ရက် LMP နဲ့ တွက်တာက (အာလ်ထွာ-ဆောင်း) ရက်တွက်တာနဲ့ မတူဖြစ်နေတတ်တယ်။ ကိစ္စမရှိဘူး။ ဘယ်လို တွက်တွက် ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲတတ်တယ်။ ကျွန်တော့် ဒုက္ခသည်ဆေးခန်းလေးမှာ ၁၇၉ ယောက် မွေးတဲ့ အထဲက ရက်အတိအကျ မွေးသွားတာ ၃ ယောက်ထဲနဲ့ ၁ ရက်ထဲ ကပ်လွဲမွေးတာ ၇ ယောက်ပဲရှိတယ်။

ကိုယ်ဝန်အပ်ပြီး မြန်မာပြည်မှာတော့ ကိုယ်ဝန် ၉ လကို ၃ ပိုင်းခြားပြီး၊ ပဌမ ၃ လမှာ ၁ လ ၁ ခါ၊ ဒုတိယ ၃ လမှာ ၂ ပါတ် ၁ ခါ၊ နောက်ဆုံး ၃ လမှာ ၁ ပါတ် ၁ ခါ ခေါ်လေ့ ရှိတယ်။ ထူးခြားရင် အချိန်မရွေးလာဘို့မှာတယ်။ ထူးတယ်ဆိုတာတွေက ကိုယ်ဝန်နုချိန်မှာ ဆီးအောင့်တတ်တယ်။ ပျက်ကျတတ်တယ်။ ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ဆိုးတာဖြစ်တတ်တယ်။ သွေဖိအား အထက်က ၁ဝဝ မပြည့်ရင် ဗီတာမင်ပါတဲ့ Drip သွင်းပေးတာ ကောင်းတယ်။ ကိုယ်ဝန်နောက်ပိုင်းမှာ စောမွေးတာ၊ ခါးနာတာ၊ တမျိုးမျိုး (အရည်၊ သွေး) ဆင်းတာ စသဖြင့် ဖြစ်တတ်တယ်။

ကိုယ်ဝန်ဆောင်အားဆေးတွေကို စောပြီးသောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ အမျိုးသမီးတိုင်း ယောက်ျားတွေထက် ပိုလိုတာက သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင်ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။

ဆေးကုမ္ပဏီတွေကလဲ ရောင်းကောင်းအောင် ကြော်ညာကောင်းကောင်းနဲ့ ထုတ်တယ်။ သံဓါတ်ဆေးကို (ယူနီဆက်ပ်) ကနေ အလကားဝေတယ်။ တကမ္ဘာလုံးဝေရတာမို့ ဈေးချိုချို ဖြစ်အောင် လုပ်ရတယ်။ ဗူးခွံရိုးရိုး၊ ဆေးကို သကြားအုပ် မထားတာမျိုး။ သံချေးနံ့တော့ ရတာပေါ့။ အမှန်ကကောင်းပါတယ်။ ထောပတ်ကောင်း စလောင်းနဲ့တည် ဆိုသလို အကောင်းကို ဘာနဲ့ထည့်ထည့်ကောင်းတာပဲပေါ့။ သံဓါတ်ကို ဆေးရည်လုပ်၊ ဗူးလှလှနဲ့ ထည့်ရောင်းတော့ ဈေးကြီးသွားရော။ သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ ကောင်းပါတယ်။ ဗီတာမင် ဘီ နဲ့ စီ ရောလေ့ရှိတယ်။ (ဘီပီအိုင်) ကနေ Furamin BC ထုတ်တယ်။ Prenatal capsule ဆိုပြီးထုတ်တယ်။

သံဓါတ်က ဝမ်းချုပ်စေတတ်တယ်။ ဒါပေမဲ့ သောက်ရမှာပါ။ ဝမ်းချုပ်ရင် တခြားဝမ်းနုတ်ဆေးတွေထက် ဝမ်းပျော့ဆေးမျိုး ပိုသင့်တယ်။ Milk/Cream of Magnesia ဆိုတာ ဇွန်းကြီး ၂ ဇွန်း၊ ညမအိပ်ခင် သောက်ရတယ်။ ရက်ကြာကြာ မသင့်ပါ။ ရေ၊ အရည် များများသောက်ပါ။ အသီးအရွက်၊ အသီးအနှံများများစားပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့် မှီဝဲပါ။

မိခင်လောင်းတဦးချင်း မတူတာတွေလဲရှိတတ်သေးတယ်။ သူများထက် ဗီတာမင် ဘီ ၁၊ ၂၊ အေ နည်းနေတာ။ နောက် တခြားရောဂါတခုခု ရှိနေတာ။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ပန်းနာ စသဖြင့်။ သံဓါတ်နည်းလွန်းနေရင် ပါးစပ်က မသောက်ချင်ရင် သံဓါတ်ထိုးဆေးထိုးပါ။

ဗိုက်လာအပ်ရင် အထွေထွေစစ်ဆေးခြင်းဆိုတဲ့ ကိုယ်အလေးချိန်၊ အရပ်၊ သွေးဖိအား တိုင်းတာတွေနဲ့ နှလုံး၊ အဆုပ် နားထောင်တာတွေလုပ်ပါမယ်။ အရပ်ပုရင် ခက်တတ်တယ်။ သိပ်မစိုးရိမ်နဲ့ အရပ်မရှည်၊ အသက်ငယ်ငယ်နဲ့ လွယ်လွယ် မွေးတာတွေရှိပါတယ်။ ကိုယ်ဝန်ရင့်လာလို့ Doppler နဲ့ စမ်းရင် မွေးလာမဲ့ သူ့ကလေး (FHS) နှလုံးခုန်သံကို ကြားရလို့ မိခင်လောင်းမှာ ပီတိတွေဖြာနေတာ သိပ်သဘောကျဘို့ ကောင်းလှတယ်။

ဗိုက်စမ်းပေးမယ်။ ကြီးလာတဲ့သားအိမ်ကို ဆီးစပ်ရိုးအထက်မှာ စပြီးစမ်းလို့ရရင် ကိုယ်ဝန်က ၁၂ ပါတ်။ ချက်အောက်နားဆို ၂ဝ ပါတ်၊ ချက်အထက်နားရှိနေရင် ၂၂ ပါတ်။ ရင်ခေါင်းဆိုက်တယ်လို့ ခေါ်ကြတဲ့ အမြင့်ဆုံးဆိုတာ ၃၈ ပါတ်။ မွေးမှာက ၄ဝ ပါတ်။ ကလေးခေါင်းက အောက်ဆင်းလာလို့ နိမ့်ကျလာတာပါ။ တချို့ ၁၃-၁၆ ပါတ်ကတည်းက အထဲက ကလေးလှုတ်တာ သိကြတယ်။ တချို့က ၂၅ ပါတ် ရောက်မှ သိတယ်။ အဲလို ပဌမဦးဆုံးကလေးလှုတ်တာကို Quickening လို့ ခေါ်တယ်။ မကြာခင် အဲဒီပုဂ္ဂိုလ်လေးက မအေဗိုက်ကို ကန်အုံးမယ်။ ကိုယ့်ကလေးကြောင့် နာရတာကို ပြုံးနေတတ်တာ မိခင်မေတ္တာ။

သွေးစစ်တာမှာ A, B, AB, O သွေးအုပ်စု၊ Rh factor နဲ့ Hb ဖြစ်တယ်။ မိခင်က Rh (-)ဖြစ်နေရင် ကလေးနဲ့သင့်-မသင့် စစ်ရပါမယ်။ သွေးအား နည်းနေ-မနေဆိုတာ Hb အနည်းအများနဲ့ သိစေတယ်။ VDRL ဆစ်ဖလစ်၊ ဘီပိုး နဲ့ HIV ရှိ-မရှိတွေလဲ စမ်းရမယ်။ တချို့နိုင်ငံတွေမှာ ဂျာမန်ဝက်သက်ကိုလည်းစစ်တယ်။ ဆီးစစ်တာက ၂ မျိုးပါ။ ကိုယ်ဝန်ဆောင်စမှာ ဆီးထဲမှာ (အယ်လ်ဗျူမင်) ပါနေတတ်တယ်။ ဆီးလမ်း ပိုးဝင်ရင်လဲပါတယ်။ ဆေးသောက် ပျောက်တာပါ။ ဆီးချိုရှိ-မရှိ စမ်းရသေးတယ်။ ဆီးချိုရင် ကလေးထွားတတ်တယ်။

(အာလ်ထွာဆောင်း) ကို ကိုယ်ဝန်နုတုံး ၁ ခါနဲ့ ရင့်တော့ ၁ ခါ ရိုက်တာ ကောင်းတယ်။ အစားအများကြီး မစားဘဲ၊ ရေအများကြီး သောက်သွားပါ။ အောက်ပိုင်းအဝတ်အစား ချွတ်လို့လွယ်တာဝတ်သွားပါ။ ကိုယ်ဝန်ရှိတာကို ၅ ပါတ် ကတည်းကသိနိုင်ပြီ။ ၇ ပါတ်မှာ နှလုံးအလုပ်လုပ်နေတာသေချာပြီ။ ၂ဝ ပါတ်ကျမှ ကလေးအင်္ဂါ ချို့ယွင်းမှု ရှိ-မရှိကို စစ်ဆေးတာကောင်းတယ်။ နောက်သိချင်တာက သားအိမ်ထဲမဟုတ်ဘဲ သန္ဓေတည်နေတာလား။ ကိုယ်ဝန် ၆ ပါတ် ကတည်းကသိမယ်။ အမွှာဆိုတာသိမယ်။ ရေမွှာရည်အနည်းအများ၊ ကလေး ဒေါင်လိုက်လား၊ ကန့်လန့်လား။

ကိုယ်ဝန်နောက်ပိုင်းမှရိုက်ရင် အရေးကြီးတဲ့အချက် ၂ ခုသိမယ်။ အချင်းနေရာနဲ့ ကလေးက Breech ခြေကဖွါး ဖြစ်-မဖြစ် သိဘို့ဖြစ်တယ်။ ၉ဝ% ကျော် ကိုယ်ဝန်တွေက ကလေးဟာခေါင်းက အောက်မှာ။ မဟုတ်ရင် တင်ပါးဆုံပြုနေတတ်တယ်။ စောစော ရိုက်တုံးက တင်ပါးဆုံဖြစ်နေပေမဲ့ ကလေးဟာ သူ့ဖါသာသူ လှည့်သွားတတ်တယ်။ ဒါ့ကြောင့် Scan ကို စောစော ရိုက်ထားရင် နောက်ထပ်ရိုက်တာ ကောင်းတယ်။ တင်ပါးဆုံပြုဆိုရင် လှည့်ပေးဘို့ လိုချင်လိုမယ်၊ မွေးရင်လဲ ပိုပြီး ဂရူစိုက်ရမယ်။ အချင်းဟာ ပုံမှန်ဆိုရင် သားအိမ်အဝနဲ့ ဝေးရတယ်။ နီးတာနဲ့ ဖုံးနေတာဆိုရင် သေခြာပေါက် ဗိုက်ခွဲမွေးရမယ်။ Scan ရဲ့ကျေးဇူးဘဲ။

ကိုယ်ဝန်ဆောင်တုံး ATT မေးခိုင်-ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြားပြီး ထိုးထားပါ။ ကိုယ်ဝန်ဆောင်နေတုံး မသောက်သင့်တဲ့ ဆေးတွေလဲ ရှိတယ်။

အောက်မှာရေးတာတွေက ဆေးခန်းဆရာမတွေကို သင်ပေးရတာတွေပါ။ နားနားနေနေဖတ်ကြည့်ပါ။ အထဲက ရင်သွေးလေးလဲ နားထောင်နေလိမ့်မယ်။ နားနီးတော့ သူကြီးလာရင် ဆရာဝန် ဖြစ်ချင်ဖြစ်လာမှာပေါ့။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ Antenatal Care (ANC) Prenatal care
မိခင်လောင်းတိုင်းကို သာမန်အားဖြင့် ရက်သတ္တ ၄-၂၈ ပါတ် အတွင်း တလတကြိမ်။ ၂၈-၃၆ ပါတ် အတွင်း တလ ၂ ကြိမ်၊ ၃၆ ပါတ်ကနေ မွေးတဲ့အထိ တပါတ်တကြိမ်၊ ANC လုပ်ပေးရမယ်။ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ အသိပညာပေးရမယ်။ အလေးချိန်၊ သွေးဖိအား တိုင်းပါ။ ကလေးအနေအထားနဲ့ ကြီးထွားမှုများ မှတ်တမ်းတင်ပါ။ ကလေးနှလုံးခုန်သံ။ (FHS) နားထောင်ပါ။ ကိုယ်ဝန်ဆောင်အားဆေးများပေးပါ။ ဆီး၊ သွေး၊ စစ်ပါ။

ANC မှတ်တမ်းတင်ခြင်း
ကိုယ်ဝန်ရှိဘူးသမျှ အရေအတွက်ကို G လို့မှတ်ပါ၊ အရှင်မွေးသမျှကို P လို့မှတ်ပါ။ Primigravida သားဦး-ကိုယ်ဝန်ကို G 1 လို့ မှတ်ပြီး၊ နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 လို့ ခေါ်သွားမယ်။ တခါမှ မမွေးဖူးရင် P 0 မှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှမွေးမယ်။ ပျက်တတ်တယ်။ ကိုယ်ဝန်ပျက်တဲ့ အရေအတွက်ကို P ရဲ့နောက်က အပေါင်း လက္ခဏာနဲ့ ရေးမယ်။ ဥပမာ G 3, P 1+1 ဆိုတာ တတိယကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၊ ၁ ခါ ကိုယ်ဝန်ပျက်ဘူး။
နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့ Last Menstrual Period (LMP) နောက်ဆုံး သွေးဆင်းတဲ့လက ပဌမဆုံး စလာတဲ့နေ့ကို ယူပါ။ မွေးဖွားမည့်ရက် Expected Due Date (EDD) တွက်ပါ။ LMP ထဲသို့ ၉ လနဲ့ ၇ ရက် ပေါင်းထည့်ရင် EDD ရတယ်။ EDD ရဲ့ ရှေ့နောက် ၂ ပါတ်အတွင်းမွေးနိုင်တယ်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်ပြီး ရက်ပေါင်း ၂၈ဝ ဒါမှမဟုတ် ရက်သတ္တပါတ် ၄ဝ ဖြစ်တယ်။ ဒါပေမဲ့ (၃၇-၄၂) ပါတ်လည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်မှတ်တမ်း ရေးမှတ်ရာမှာ ၁ ပါတ် = ၇ ရက်၊ တလ = ၄ ပါတ်၊ တလ = ၃ဝ ရက်နဲ့သာ တထစ်ချတွက်ရပါမယ်။

ဓါတ်ခွဲစမ်းသပ်ခြင်းများ
• Blood grouping (A, B, AB, or O)
• Rh factor
• Hemoglobin (Hb)
• Hepatitis B virus
• Urine Sugar
• Urine Albumin
• (STDs, STIs) VDRL
• Ultrasound

Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာများ
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာ ခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြားပြောင်းလဲမှုများရှိမည်၊ သွင်ပြင်လက္ခဏာများ နဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်း လာသည်။

ကိုယ်ဝန်ဆောင်စဉ် ခံစားရမှုများအား ကုသပေးခြင်း
ခါးနာခြင်း၊ အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်းပြီးမ မတင်ရ။ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။ ဒူးကွေး၊ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေးတင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အသက်ရှူခက်ခဲခြင်း၊ ခါးမတ်မတ် ထိုင်ပါ။ အိပ်လျင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ ဝမ်းချုပ်ခြင်း၊ ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများစားပါ။ လေ့ကျင့်ခန်း လုပ်ပါ။ လမ်းလျှောက်ပါ။ ကြွက်သားနာခြင်း၊ (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားလျင် သက်သက်သာသာ လုပ်ပါ။ အအိပ်ပျက်ခြင်း၊ မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။ အစာမကြေဖြစ်ခြင်း၊ တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။ ပျို့-အန်ခြင်း၊ အိပ်ရာထ ထချင်း ဘီစကစ်။ ပေါင်မုံ့ကင်စားပါ။ အိပ်ရာထလျင် ချက်ချင်း အိပ်ရာကမဆင်းရ။ မကြိုက်သည့် အနံ့အသက် ရှောင်ပါ။ အန်တာများက ဆရာဝန်ပြပါ။ Varicose veins သွေးပြန်ကြောထုံးခြင်း၊ ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိတ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိတ်သုံးပါ။ အမြဲထိုင်မနေရ။ ဖေါရောင်ခြင်း၊ ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။ ရင်သားကြီးထွားလာမည်၊ နာမည်၊ တင်းမည်။ Nipple ထိပ်ဖျားအရောင် ရင့်လာမည်။ ထိပ်ဖျားဝင်နေပါက ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ Areola ခေါ် နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမည်။ ရင်သားတွင် အလုံးအကျိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ရှိချိန်မှာ ဘာလို့ အလေးချိန် တိုးလာသသလဲ။
• မိခင်၏အာဟာရများ = ၇ ပေါင်
• တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
• တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
• တိုးလာသောနို့ = ၂ ပေါင်
• ကြီးလာသောသားအိမ် = ၂ ပေါင်
• ကလေး၏အလေးချိန် = ၇့၅ ပေါင်
• ရေမြွှာရေ = ၂ ပေါင်
• အချင်း၏အလေးချိန် = ၁့၅ ပေါင်
• စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင်
ကိုယ်ဝန်ဆောင်စဉ် ပေးရမည့် ဆေးများ = (ATT) ကာကွယ်ဆေးတလခြားပြီး၊ မမွေးမီ ၂ ခါထိုးပြီး ဖြစ်စေရမည်။ သံဓါတ်၊ ဖေါလစ်အက်စစ်၊ ဗီတာမင်ဘီအုပ်စု၊ ကယ်လ်စီယမ်၊ ဗီတာမင် B 12 တွေလိုတယ်။

ကိုယ်ဝန်ဆောင်စဉ် အန်တာ ၇ဝ-၈၅ ရာနှုန်းမှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေအသုံးမကျဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေပေးရတဲ့ ဆေးတချို့ဟာ Placebo လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။ အန်တာ သက်သာစေဘို့ Pyridoxine ဗီတာမင် ဘီ ၆ ပေးလေ့ရှိတယ်။ Doxylamine 10 mg + Pyridoxine (B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops နဲ့ B-Natal Lozenges တွေဟာ ဗီတာမင် ဘီ-၆ ပါတဲ့ဆေးတွေ ဖြစ်တယ်။ ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။ Meclizine, Dimenhydrinate, Metoclo-pramide တွေကိုလည်း ပေးနိုင်တယ်။ Methylprednisolone 16 mg စားဆေး၊ ထိုးဆေး ကို နောက်ဆုံးအဖြစ် ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။ Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။ Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။ ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။ တရုပ်အပ်စိုက်နည်းမှာ Acupuncture point P6 နေရာမယ် စိုက်ပေးရတယ်။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကျွံ အန်ခြင်း။ ကိုယ်ဝန်ရှိတုံး ဆိုးဆိုးရွားရွား အန်တာကို ခေါ်တယ်။ ကိုယ်ဝန်ဖျက်ပေးရတဲ့ အထိဆိုးသူရှိတယ်။ ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ တိတိပပမသိပါ။ ကိုယ်ဝန် ၂ဝဝ မှာ ၁ ယောက်ကနေ ၄ ယောက်ထိ ဖြစ်တတ်တယ်။ ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များတယ်။ ၂ဝ ပတ်ဆိုရင် ၁ဝ% လောက်ဘဲ ဆက်ရှိနေတတ်တယ်။ အန်တာကြာရင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲလာနိုင်တယ်။ အနားယူခိုင်းပါ။ အစာကို နည်းနည်းနဲ့ အကြိမ်ခွဲစားစေပါ။ ပရိုတင်း များများ ကျွေးသင့်ပြီး အဆီနဲ့အစပ် လျော့သင့်သည်။ Normal saline or Lactated Ringer solution သွင်းပေးဘို့ လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ