Bartholin's cyst ဘာသိုလင် ဆစ်စ်
ဆရာ Baulhulu အကြောင်းသိချင်ပါတယ်ရှင့်။ ကျေးဇူးပြုပြီးပြောပြပေးပါလားရှင်။ ကင်ဆာနဲ့ဆက်နွယ်နေတာလားဆိုတာ သိချင်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ရှင်။
မသိပါ။ ဆောရီး။ ကင်ဆာနဲ့တော့ မဆိုင်လောက်ပါ။ စာလုံးပေါင်းစစ်ပါ။
ဆရာရေ ဆေးစာအုပ်ကအတိုင်းရေးလိုက်တာ လက်ရေးသိပ်မဖတ်တတ်လို့ပါ။ တောင်းပန်ပါတယ်ဆရာ။ ရောဂါက ဘာသောလစ် အစဝ် ပါဆရာ။ တစ်ခါလည်းခွဲဖူးပါတယ်။ ခုပြန်ဖြစ်နေလို့ပါဆရာ။ နောက်ဆက်တွဲ ရောဂါဖြစ်မှာ ကြောက်လို့ပါဆရာ။ ဆရာပြန်ဖြေပေးတာ ကျေးဇူးတင်ပါတယ်ရှင်။ အားဆေးတခွက်ပါဘဲဆရာ။
ကျား-မ-အသက် မသိပါ။ ဖြစ်နေတာ မသိပါ။ Bartholin cyst (ဘာသိုလင် ဆစ်စ်) လား။
ဟုတ်ပါတယ်ဆရာ။ သမီးက အသက် ၄ဝ ရှိပါပြီ။ အိမ်ထောင်ကျတာ ၁ဝ နှစ်ရှိပြီ။ သားသမီးမရပါ။ လွန်ခဲ့သော ၈ နှစ်က တကြိမ်ဖြစ်လို့ ခွဲပြီးပါပြီ။ ခုပြန်ဖြစ်နေချင်သလို ဖြစ်နေပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။
အရင်လည်းမေးကြပါတယ်။
၁။ ကျွန်မ၏ မိန်းမကိုယ်ဘယ်ဖက်ခြမ်းအဝမှ bartholin cyst က ၁ နှစ်ကျော်ကြာပါပြီ။ အရင်ကစမ်းကြည့်ရင် သေးပြီး မနာပါဘူး။ အသက်က ၃၃ အနေနဲ့စားဆေးသုံးခဲ့ရာမှ ကလေး၂ ယောက်ရှိပါတယ်။ နှစ်ယောက်လုံးခွဲမေးထားတာပါ။ အငယ်ကလေးက ၁ နှစ်ကျော်ဘဲရှိပါသေးတယ်။ ကလေးမွေးပြီးထဲက ၃ လခံဆေး ပြောင်းထိုးလိုက်ပါတယ်။ အခု bartholin cyst ကနာတာ ၃ ရက်ရှိပါပြီ။ မနာခင်မှာ ရာသီဆင်းသလိုမျိုး မများဘဲ စွန်းရုံလောက် ရာသီ နဲနဲစီ လာနေပါတယ်။ အဲ့ဒါလာနေရင်းနဲ့ bartholin cyst နေရာက ကြီးလာပြီး နာလာပါတယ်ဆရာ။ ၃ လခံဆေးထိုးရင် အရင်တုန်းကရာသီမဆင်းပါဘူး။ အဲ့လိုမျိုးလာလေ့ရှိပါသလားဆရာ။ အဲ့ဒီ bartholin cyst ကြောင့်များလား။ ဘာဖြစ်လို့ အဲ့လိုဆင်းတာလဲဆရာ။ ခုဆိုရင် အဲ့ဒီ bartholin cyst က စအိုပေါက်နဲ့ နီးတဲ့ဘက်ကိုရောက်နေပြီး ထိုင်ရင် ဘယ်ဘက်ခြမ်း တင်ပါးရိုးကပါနာနေပါတယ်။ ဘာဆေးသောက်ရင် သက်သာနိုင်ပါသလဲဆရာ။ ဘယ်လိုများ ကုသရပါမလဲဆရာ။
၂။ သမီးအသက် ၃၂ နှစ်၊ ကလေး ၂ ယောက်ရှိ၊ ၂ ယောက်လုံးခွဲမွေး(သွေးတိုးပြီး ကိုယ်ဝန်ဆိပ်တက် သလိုဖြစ်သဖြင့်)။
အငယ်ကလေးက ၄ လခွဲရှိပါပြီ။ မရိုသေ့စကားရှင့် ကျွန်မ၏ မိန်းမကိုယ်အဝ ဘယ်ဘက်အခြမ်း အတွင်းဘက်မှာ နဲနဲဖောင်းပြီး အလုံးတခုလိုမျိုးစမ်းမိပါတယ်။ ညာဖက်မှာတော့မရှိပါ။ သမီးအရမ်းလန့်သွားပါတယ်။ size က ဇီးဖြူသီး အလတ်စားလောက်ရှိပါတယ်။ သားအိမ်ကျတာလား။ ဘာဖြစ်တာလဲ၊ ဆိုတာသိချင်ပါတယ်။ နာတာတော့မရှိပါ။ ခုမှတွေ့ပြီးဘယ်မှသွားမပြရသေးပါ။
၃။ Bartholin's cyst အကြောင်း ပြောပြပါလား။ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုကုသရတာလဲနဲ့ ခွဲစိပ်ကုသမှ ပျောက်ကင်းတဲ့ ရောဂါလား။ ဒီကနေတဆင့် အမြစ်တွယ်ပြီး ကင်ဆာတွေ ဘာတွေရော ဖြစ်သွား နိုင်ပါလား။ ဒီမှာ ဆေးခန်း ပြတာတော့ ခွဲစိပ်ကုသရမယ်ဆိုလို့ပါ။ ဆေးပညာနဲ့ပက်သက်တဲ့ အင်္ဂလိပ်စကား အခေါ်အဝေါ်တွေနဲ့ ဘာသာစကား အခက်အခဲကြောင့် ဆရာဝန်ရှင်းပြတာရော Online မှာ English လို ပြန်ဖတ်တာတွေရော ပေါင်းပေမယ့် သိချင်သလောက် မသိရပါဘူး။ အဲဒါဖြစ်နေချိန်ရော ခင်ပွန်းသည်နဲ့ အတူနေလို့ ရပါလား။ မခွဲတဲ့နည်းနဲ့ ကုလို့ရရင် ကုချင်လို့ပါ။ ခွဲစိပ်ရမှာ ကြောက်ပါတယ်။ ဒီတနည်းပဲ ရှိတယ် ခွဲမှရမယ်ဆိုလဲ နောင်ဆက် ဖြစ်လာမယ့် အကျိုးဆက်ကို သိချင်ပါတယ်။ အခုလောလောဆယ်တော့ Antibiotic သောက်ပြီး ရေနွေးနဲ့ စိမ်ပါတယ်။ နဲနဲတော့ သေးလာတယ်လို့ ထင်ရပါတယ်။ အရှင်းပျောက်မယ့်နည်းများ ရှိမလားဆရာ။
၎။ မရိုသေစကားပြောရမည်ဖြစ်ပါ၍ကန်တော့နော်ဆရာ။ ကျွန်မတွင် Bartholin's cyst ဗဂျိုင်းနား (ဘာသိုလင်-ဆစ်စ်) ဖြစ်နေသည်။ သို့ဖြစ်ပါ၍ မည်သည့်ဆေးသောက်ရမည် (ဆေးနာမည်)၊ မည်ကဲ့သို့နေထိုင်ရမည်ကို ညွှန်ကြားပေး စေချင်ပါသည်။ ကျွန်မသည် ကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်နေ၍ ရေနွေးစိမ်ခြင်းကိုလုပ်၍ အဆင်မပြေဖြစ်နေပါသည်။ အဖုအနည်းငယ်သေး၍ နည်းနည်းနာ၍ယားပါသည်။ ကျွန်မအသက် ၃ဝ ကျော်ဖြစ်ပါသည်။
မိန်းကလေး-အမျိုးသမီးတိုင်းမှာ မိန်းမအင်္ဂါ အဝနားမယ် တဖက်တချက်မှာ စမ်းလို့မရ၊ မမြင်ရတဲ့ အကျိတ်လေး တစုံစီ ရှိကြတယ်။ အဲဒီ Bartholin's glands (ဘာသိုလင်) အိတ်ခေါ်တာကနေ (ဗဂျိုင်းနား) မွေးလမ်းကြောင်းကို စိုနေစေအာင် အရည်လေးတွေ ထုတ်ပေးနေတာမို့ အတော်အသုံးကျတယ်။
အရည်ထွက်ပြွန်ငယ်လေးက ဆို့ပိတ်နေရင် (ဆစ်စ်) ဖြစ်လာမယ်။ အကျိတ်-အိတ်ပါဘဲ။ လိင်ကတဆင့်ကူးစက်ရောဂါ မဟုတ်ပါ။ အနေမတတ်လို့လဲ မဟုတ်ပါ။ ရှက်စရာ မဟုတ်ပါ။ အရွယ်အစား ပဲစေ့လေး လောက်ကနေ ကြက်ဥလောက်ထိ ရှိနိုင်တယ်။ ဘာလို့ ဖြစ်သလဲ ကံမကောင်းလို့ပြောရင် ငြင်းမရပါ။
အရွယ်ကောင်းတွေမှာ ဖြစ်တယ်လို့ ပြောနိုင်ပေမဲ့ မပြောချင်ပါ။ တခြားအရွယ်တွေက မကောင်းသလို ပြောရာကျနေမယ်။ အိမ်ထောင်ပြု၊ မီးဖွါးနိုင်တဲ့အရွယ်လို့ တိတိပပပြောချင်တယ်။ နဲနဲအရွယ်ကြီးသူမှာလာဖြစ်ရင် လိုလိုမယ်မယ် Biopsy အသားစ စစ်ဆေးတာပါလုပ်မယ်။ ကင်ဆာမဟုတ်တာ သေခြာချင်လို့ပါ။
သူကနေဆက်ပြီး ကင်ဆာမဖြစ်စေပါ။ သိပ်ကြီးရင် အနေအသွားခက်နိုင်တယ်။ ရောဂါပိုးဝင်လို့ဖြစ်လာတာ မဟုတ်ပေမဲ့ ဖြစ်နေသူမှာ ပိုးဝင်လာနိုင်တယ်။ ပြည်တည်လာရင်တော့ Bartholin's abscess ခေါ်တော့တယ်။
ဝင်တဲ့ပိုးအမျိုးမျိုးဖြစ်နိုင်တယ်။ လိင်ကတဆင့်ကူးစက်တဲ့ (ကလာမိုင်ဒီးယား) နဲ့ (ဂနိုးရီးယား) အပြင် Escherichia coli လို အူလမ်းမှာ နေတတ်တဲ့ (ဗက်တီးရီးယား) တွေကနေလဲ ဖြစ်နိုင်တယ်။
ကုသဘို့ရာ အရွယ်အစားပေါ်လဲ မူတည်တယ်။ သေးသေးလေးဆို ထားလိုက်ပါအုံး။ တချို့က အကြီးမမြန်ဘူး။ ပိုးမဝင်သေး၊ မနာသေးရင် အေးအေးဆေးဆေးပေါ့။ အလုပ်ချိန်၊ ကျောင်းချိန် လွတ်တာရွေး၊ စိတ်ချ-အားကိုးချင်တဲ့ ဆရာဝန်ရှာ။ ဘာသာရေးလုပ်၊ ကံကောင်းအောင်။
(ဆစ်စ်) ဖြစ်လာပေမဲ့ ပိုးမဝင်မချင်း မနာဘူး။ တချို့ကြ အင်ဖက်ရှင်ဝင်ပြီး အနာပေါက်သလို ပေါက်ထွက်၊ အမာရွတ် ဖြစ်သွားတတ်တယ်။ စမ်းလို့ တွေ့လာရင် ဆရာဝန်ပြပါ။ OG မဟုတ်လဲ ကျွန်တော်တို့လို စပါယ်မရှယ်တွေလဲ လုပ်ပေးရတာပါဘဲ။
အိမ်မှာတင်လုပ်နည်းလည်းရှိတယ်။ သူများတွေဆီမှာတော့ Sitz baths ရေချိုးနည်းဆိုတာ ညွှန်းမယ်။ စပါယ်ရှင် ရေချိုးကန်ဆိုတာတောင် ရှိသေးတာ။ ဘာမှ ထွေလီကာလီ လုပ်စရာ မလိုပါ။ ဖြစ်တဲ့နေရာကို ရေနွေး (ခံနိုင်ယုံ) အပူထဲမှာ စိမ်နေခိုင်းတာပါ။ ၁ဝ-၁၅ မိနစ်ကြာ၊ တနေ့ ၃-၄ ခါ။ နာတာကို အနာသက်သာဆေး တခုခုသောက်ပါ။ ပိုးဝင်ရင် ပဋိဇီဝဆေး သောက်ပါ။ ဒါပေမဲ့ သုတေသန လုပ်ကြည့်တော့ ပိုးသေဆေးက အလုံပိတ်နေတဲ့ နေရာအထိ လုံလောက်အောင်မရောက်တာ သိရတယ်။ ဒါ့ကြောင့် ခွဲစိတ်မှုတကယ်လိုတယ်။ ပြည်ဆိုတာ ဘယ်နေရာမှာ ရှိရှိ ထုတ်ပြစ်ရတယ်။ ပြီပေါက် ပျောက်ပြီဆိုတာ ကာရံရှာပြောတာ မဟုတ်ပါ။ မှန်ပါတယ်။
ကံက အတော်မကောင်းရင် ပြန်ဖြစ်တာ နှစ်ခါမကသူလဲ ရှိတယ်။ ခွဲစိတ်တာနဲ့ လေဆာနည်းလုပ်လို့ ကောင်းတယ် ဆိုတာက အခုပျောက်တာရော နောက်ထပ်မဖြစ်ဘို့ရော ပြောတာပါ။
ထုံဆေးထိုးမယ်။ ဓါးရာပေးခွဲမယ်။ ရှိတာတွေ ထုတ်မယ်။ ပိတ်ကျဲစနဲ့ ဆေးထည့်မယ်။ ဒါမှမဟုတ် ပိုက်ငယ်လေး ထည့်ချင်ထည့်မယ်။ ပိတ်ကျဲစကို ၂၄-၄၈ နာရီမှာ ပြန်ထုတ်မယ်။ တချို့ကိုကြာကြာထားမယ်။ ထပ်ပြီး ကံမကောင်း ပြန်တာက ပိုးဝင်နေရင် ထုံဆေးမတိုးတတ်ဘူး။ ဘယ်လို ရင်းနေတဲ့ အနာမှာဖြစ်ဖြစ် အဲလိုဘဲ။ လူနာက နာတာ သိပ်မခံနိုင်ရင် မေ့ဆေး-အိပ်ဆေး လိုနိုင်တယ်။ အဲလိုလုပ်ပြီးရင်တော့ ပိုးသေဆေးက ကောင်းကောင်း အလုပ်ဖြစ်ပြီ။ ရက်ပြည့်အောင်သောက်ပါ။ Marsupialization ခွဲစိတ်နည်းကတော့ တမူထူးတယ်။ ရာသက်ပန် အရည်ထွက်နေစေအောင် ပြန်ချုပ်ရာမှာ တမျိုး လုပ်ရတယ်။ ဘယ်နည်းနဲ့ခွဲခွဲ အိမ်ထောင်သည်ဆိုရင် ၂-၃ ပါတ်လောက် ဝေရာမဏိ လုပ်နေရလိမ့်မယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment