Diabetes ဆီးချို

Diabetes ဆီးချို

ကျမအမျိုးသား အသက် ၅၆ နှစ်ရှိပါပြီရှင့်။ လွန်ခဲ့သောတနှစ်ခွဲက ဆီးချိုစစ်တာ fasting မှာ ၁၃ဝ ရှိနေတော့ အစားအသောက်ကို ထိန်းလိုက်တာမနက် ၁၁ဝ ဝန်းကျင်ဘဲရှိပါတော့တယ်ရှင့်။ လွန်ခဲ့တဲ့ ၁ လ တုန်းကလည်း ခေါင်းနည်းနည်းမူးလာလို့တိုင်းကြည့်တော့ fasting မှာ ၇ဝ ဘဲရှိပါတယ်ရှင့်။ လွန်ခဲ့တဲ့ ၃ ရက်က ဇက်ကြောထိုးလို့ တိုင်းကြည့်တော့ fasting မှာ ၁၆၇ တောင်ဖြစ်နေလို့ ဆေးခန်း သွားပြရပါတယ်ရှင့်။ Metformin Denk 500 ကို တနေ့ တလုံးသောက်ခိုင်းပါတယ်ရှင်။ မနေ့ကတော့ ၁၁၃ ဖြစ်ပါတယ်ရှင်။ ဒီနေ့ ၁၁၇ ဖြစ်ပါတယ်ရှင့်။ အခု အစားအသောက်တွေ မစားချင်ဘဲဖြစ်နေပါတယ်ရှင့်။ Centrum Silver တနေ့တလုံးသောက်နေပါတယ်ရှင့်။ အားဆေးကို moriamin forte သောက်ရင်ကော အဆင်ပြေလောက်ပါသလားရှင့်။ Metformin ကိုမနက် breakfast မစားမီသောက်နေတာ မှန်ပါသလားရှင့်။ ဒီကဆရာဝန်တွေက အဆင်ပြေတဲ့အချိန်သောက်လို့ဘဲပြောလို့ နားမလည်လို့ ဆရာ့ထံ အကြံဉာဏ် တောင်းခြင်းဖြစ်ပါတယ်ရှင့်။

ဆီးချိုရောဂါကို မပေါ့ကြစေချင်ပါ။ အခုပဲ ဒီမှာနေတဲ့သူတယောက် မြန်မာပြည်ကနေပြန်လာပြီး အိမ်ကိုလာတယ်။ သူ့အသက်က ၄ဝ ဝန်းကျင်လောက်ပါ။ လွန်ခဲ့တဲ့ ၃-၄ လက အရေးပေါ်ဆေးရုံတက်မှ ဆီးချိုရှိနေတာသိတယ်။ အခုထိ တနေ့မှာ စားဆေး ၂ ကြိမ်နဲ့ ထိုးဆေး ၃ ကြိမ်ထိုးနေရတယ်။ ရန်ကုန်မှာ မုန့်ဟင်းခါးစားပြီး သကြားဓါတ်တိုင်းကြည့်တာ ၂၅ဝ ကျော်သွားကြောင်း ပြောပါတယ်။

ဆီးချိုကို Diabetes mellitus လို့ခေါ်တယ်။ တချို့တွေက သွေးချိုခေါ်တယ်။ ဆီးစစ်တာကိုဆီးချို၊ သွေးစစ်တော့သွေးချို၊ အတူတူကို နှစ်မျိုးထင်ကြနေကြတယ်။ တကယ်က ၃ မျိုးရှိတာပါ။
၁။ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်သူတွေမှာ ဖြစ်တယ်။
၂။ Type 2 Diabetes (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။ လူတွေ အများဆုံးဖြစ်တယ်။
၃။ Gestational Diabetes ကိုယ်ဝန်ဆောင်နေတုံး ဖြစ်တာ။

ဆီးချို (၁) နဲ့ (၂) က နာတာရှည်ဖြစ်ပြီး၊ လုံးဝပျောက်တယ်ဆိုတာ မရှိပါ။ (၃) ကတော့ မွေးပြီးကောင်းသွားတာ များတယ်။ နောက်မှာ (၂) ဖြစ်သွားတတ်တာလဲရှိတယ်။ မွေးရာပါဆီးချို၊ Cystic fibrosis ရောဂါနဲ့တွဲတာ၊ စတီရွိုက်ဆေး ကြောင့်ဖြစ်တာစသဖြင့် ရှိသေးတယ်။ ပဌမအဆင့်မှာ အစားအသောက်ထိန်းတာနဲ့ နောက်မှာ ဆေးပေးတာက မလုပ်မနေလုပ်ရပါမယ်။ ဆေးမှာ အမျိုးအစား (၁) ကို (အင်စူလင်) ထိုးဆေး၊ (၂) ကို စားဆေးနဲ့ လိုသေးရင်တော့ ထိုးဆေးပေးရတယ်။ ဆီးချိုအကြောင်းသိအောင် ပညာပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်ဘို့၊ (ကိုလက်စထော) ချဘို့တွေပါ လုပ်ရမယ်။ ဒီလိုလုပ်တာ လူနေမှုဘဝပုံစံကိုပါ ပြောင်းစေရတာ ဖြစ်ပါတယ်။

အကြမ်းအားဖြင့် အဓိက အစာအုပ်စု (၃) မျိုး -
(၁) လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ = ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
(၂) အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ = ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
(၃) ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ = အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။

ပင်မအစားအစာတွေမှာ ဆန်ဖြူထက် ဆန်လုံးညိုက သင့်တယ်။ ထမင်းထက် ခေါက်ဆွဲကပိုသင့်တယ်။ ပေါင်မုံ့က ကြားကြတယ်။ သစ်ဥသစ်ဖုတွေအစဉ်လိုက် မျောက်ဥ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး။ ပဲတွေ အစဉ်လိုက်ဆိုရင် ပဲပုတ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပါတ်။ သစ်သီးအမျိုးမျိုး အစဉ်လိုက် ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ အစဉ်လိုက် နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်၊ သကြားအမျိုးမျိုး အစဉ်လိုက်ဆိုရင် သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊ အချိုရည်အမျိုးမျိုး အစဉ်လိုက် ပန်းသီးဖျော်ရည်၊ လိမ္မော်ရည်၊ ကိုကာကိုလာ၊ လင်မနစ်။

ဆီးချိုဆေးတွေ -
• Metformin 500 mg တနေ့ ၂ ကြိမ်၊ လူကြီး 2550 mg ထက်မကျော်စေရ၊ ကလေး 2000 mg ထက်မကျော်စေရ၊
• Sulfonylureas ဆီးချိုစားဆေး၊
- ပဌမမျိုးဆက် Orinase (tolbutamide) = 500 - 3000 mg; Tolinase (tolazamide) = 100 - 1000 mg; Diabinese (chlorpropamide) = 100 - 500 mg
- ဒုတိယမျိုးဆက် Glucotrol (glipizide) 2.5 - 40 mg; Glucotrol XL (ext. rel. glipizide) 2.5 - 20 mg; Micronase, Diabeta (glyburide) 1.25 - 2.0 mg; Glynase (micronized gly.) 3 - 12 mg
- တတိယမျိုးဆက် Amaryl (glimepiride) 1 - 8 mg d. ဘေးထွက်ဆိုးကျိုး = သကြားဓါတ်နဲခြင်း၊ အစာမကျေခြင်း၊ ပျို့၊ ရင်ပူ၊ သွေးအားနဲ၊ ဝလာ၊
• Alpha-Glucosidase inhibitors (Acarbose, Miglitol, Voglibose) ဆီးချိုစားဆေး၊
• Dipeptidyl peptidase-4 inhibitors (DPP-4) ဆီးချိုစားဆေး၊
• Glibenclamide, Glimepiride = ဆီးချိုအတွက်ဆေး။
• Insulin, Sulfonylurea injection ဆီးချိုအတွက်ထိုးဆေး။

Furosemide or Frusemide (Lasix) ဆီးသွားစေသည့်ဆေး၊ ဟော်မုန်းနှစ်မျိုးပါ ကိုယ်ဝန်တားစားဆေး၊ Depo-Provera ကိုယ်ဝန်တား ၃ လခံထိုးဆေး၊ (စတီရွိုက်) ထိုးဆေးတွေကို ဆီးချိုနေရှိရင် မသုံးသင့်ပါ။

ဆီးချိုရှိနေသူ တခါတလေမှာ သကြားဓါတ်နည်းလွန်းသွားတာနဲ့ သတိလစ်တာက ရုတ်တရက်ဖြစ်တတ်တယ်။ ချိုတာလေးတခုစားတာနဲ့ ပြန်ကောင်းမယ်။ ဆီးချိုပျောက်သွားတာမဟုတ်ပါ။ ရေရှည်ဖြစ်နိုင်တာတွေက နှလုံး-သွေးကြောရောဂါ၊ ကျောက်ကပ်အလုပ်မလုပ်တာ၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။ သွေးတိုး (သွေးဖိအားများ) တာ၊ ကိုယ်အလေးချိန်ချတာ၊ ဆေးလိပ်ဖြတ်တာတွေနဲ့ တွဲလုပ်ရမယ်။

သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်း အဖြေ
• ပုံမှန် = ဘာမှမစားပဲစစ်ခြင်း Fasting Value = ၇ဝ မှ ၁ဝဝ mg / dl နဲ့ အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = ၁၄ဝ mg / dl ထက်နည်းရမည်။
• ဆီးချိုအစအပိုင်း = ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl နဲ့ အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl ထက်နည်းရမည်။
• ဆီးချိုဖြစ်နေပြီ = ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။ အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။
• ပုံမှန် = ဘာမှမစားပဲစစ်ခြင်း Fasting Value = 4.0 မှ 5.9 mmol/L အထိနဲ့ စားပြီး ၂ နာရီနောက် Post Prandial = 7.8 mmol/L ထက်နည်းရမည်။
• ဆီးချိုအမျိုးအစား (၂) = ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 မှ 7 mmol/L အထိ။ အစာစားပြီးစစ်ခြင်း Post Prandial = 8.5 mmol/L ထက်နည်းရမည်။
• ဆီးချို အမျိုးအစား (၁) = ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 7 mmol/L နဲ့ အစာစားပြီးစစ်ခြင်း Post Prandial = 9 mmol/L ထက်နည်းရမည်။
• ကလေးဆီးချို အမျိုးအစား (၁) = ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 8 mmol/L နဲ့ အစာစားပြီးစစ်ခြင်း Post Prandial = 10 mmol/L ထက်နည်းရမည်။

ဆီးချိုကို ပျောက်ပြီလို့ထင်တာ ပြောတာဟာ အသက်နဲ့ကစားတာသာဖြစ်တယ်။ ဆီးချိုရှိလျှက် အသက် ၁၂ဝ ရှည်ပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး