Religious news တောမီးရှို့တာသတိထားပါ

ဘာသာရေးအခြေခံတဲ့သတင်းတွေ တက်လာတယ်။ လူမျိုးရေးလည်း တွဲကပ်ပါလာတယ်။ အဲတာ နိုင်ငံရေးသာဖြစ်တယ်။ ဘာသာရေးဘက်လိုက်အမြင်၊ ဘာသာရေးစိတ်ဓါတ်ဆိုတာ ဘာသာတိုင်းမှာရှိကြတယ်။ လူတိုင်းနီးပါး ဘက်လိုက်မှု မကင်းကြပါ။ ဒါပေမဲ့ သူများကို စော်ကားတာအထိ မဖြစ်သင့်ပါ။ ဒီတင်ပြချက်က ရိုးလွန်းတယ်။ ဆက်ဖတ်စေလိုပါတယ်။

ဘာသာရေးမှာ ယေရှုခရစ်တော်ဟာ ဂျူးလူမျိုးဖြစ်တယ်။ ဂျူးမဟုတ်သူ သန်းပေါင်းများစွာက ကိုးကွယ်ကြတယ်။ တမန်တော်မိုဟာမက်က မက္ကာမှာမွေးဖွါးခဲ့တယ်။ မွေးဇာတိမတူသူကြသူ သန်းပေါင်းများစွာက အစ္စလမ်ဘာသာ ကိုးကွယ်ကြတယ်။ မြန်မာနိုင်ငံသား အများစုယုံကြည်ကိုးကွယ်တဲ့ ဘုရားအလောင်းဟာ ကပိလဝတ်နိုင်ငံသားဖြစ်ပြီး၊ ကနေ့နီပေါနိုင်ငံ၊ လုမ္မိနီမှာဖွါးမြင်တော်မူခဲ့တယ်လို့ အများစုကယုံကြည်ကြပေမဲ့ မူကွဲတွေလဲရှိပါတယ်။ သိဒ္ဓတ္တမင်းသား ဘယ်မှာဖွါးတယ်လို့ပြောပြော၊ ဗုဒ္ဓဘာသာဝင်ဦးရေက လျော့ကျမသွားပါ။

နိုင်ငံရေးမှာ ကွန်မြူနစ်ဝါဒကိုစတင်သူ (ကားလ်မတ်စ်) ဟာ (ပရပ်ရှား ရိုင်းလင်း) မှာ မွေးခဲ့သူဖြစ်ပေမယ့် သူနဲ့ နိုင်ငံရော လူမျိုးပါ မတူသူတွေ အများကြီးက လက်ခံကျင့်သုံးကြတယ်။ ဒီမိုကရေစီစနစ်ဟာ ရှေးဟောင်းဂရိကနေလာတဲ့ (အေသင်) မြို့ပြနိုင်ငံရဲ့ နိုင်ငံရေးအယူအဆသာဖြစ်တယ်။ ကနေ့ကမ္ဘာမှာ အများဆုံးကျင့်သုံးနေကြတယ်။

ကမ္ဘာ့ဘာသာရေးစစ်တွေဟာ ဘာသာတရားကြီး (၃) မျိုးနဲ့ဆိုင်တယ်။ အဓိကဘာသာရေးစစ်ပွဲကြီး ပေါင်း (၆) ခု ဖြစ်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံ ဘယ်တုံးကမှ မပါခဲ့ပါ။
(၁) ခရူးဆိတ်စစ်ပွဲ၊ ဥရောပ၊ ၁ဝ၉၅-၁၂၉၁ ခုနှစ်၊ အစ္စလမ်နဲ့ ခရစ်ယန်၊ သေဆုံးသူပေါင်း = ၁ဝဝဝ,ဝဝဝ-၃ဝဝဝ,ဝဝဝ။
(၂) ပြင်သစ်ဘာသာရေးစစ်ပွဲ၊ ပရိုတက်စတင့်နဲ့ ရိုမင်ကက်သလစ်၊ ၁၅၆၂-၁၅၉၈ ခုနှစ်၊ သေဆုံးသူပေါင်း = ၂,ဝဝဝ,ဝဝဝ - ၄,ဝဝဝ,ဝဝဝ။
(၃) အနှစ် ၃ဝ စစ်ပွဲ၊ ဟိုလီရိုမင်အင်ပါယာ၊ ပရိုတက်စတင့်နဲ့ ရိုမင်ကက်သလစ်၊ ၁၆၁၈-၁၆၄၈ ခုနှစ်အတွင်း၊ သေဆုံးသူပေါင်း = ၃,ဝဝဝ,ဝဝဝ - ၁၁,၅ဝဝ,ဝဝဝ။
(၄) နိုက်ဂျီးရီးယားပြည်တွင်းစစ်၊ အစ္စလမ်နဲ့ ခရစ်ယန်၊ ၁၉၆၇-၁၉၇ဝ ခုနှစ်၊ သေဆုံးသူပေါင်း = ၁,ဝဝဝ,ဝဝဝ - ၃,ဝဝဝ,ဝဝဝ။
(၅) လက်ဘနွန်ပြည်တွင်းစစ်၊ ၁၉၇၅-၁၉၉ဝ အထိ၊ ဆူနီ-ရှီယိုက်နဲ့ ခရစ်ယန်၊ သေဆုံးသူပေါင်း = ၁၃ဝ,ဝဝဝ-၂၅ဝ,ဝဝဝ။
(၆) ဒုတိယဆူဒန် ပြည်တွင်းစစ်၊ အစ္စလမ်နဲ့ ခရစ်ယန်၊ ၁၉၈၃-၂ဝဝ၅ အထိ၊ သေဆုံးသူပေါင်း = ၁,ဝဝဝ,ဝဝဝ-၂,ဝဝဝ,ဝဝဝ။

ကမ္ဘာမှာ ဘာသာရေးပဋိပက္ခပေါင်း (၇) ခုရှိသွားပြီ။ မြန်မာနိုင်ငံ ဘယ်တုံးကမှ မပါခဲ့ပါ။ (၁) ပါလစ္စတိုင်း-အစ္စရေးလ်၊ (၂) ပါကစ္စတန်-အိန္ဒိယ၊ (၃) အီသီယိုးပီးယား-ဆိုမာလီ၊ (၄) နိုက်ဂျီးရီးယား၊ (၅) ဗုဒ္ဓဘာသာထကြွမှု၊ (ဗီယက်နမ် ၁၉၆၆)၊ (၆) တရုပ် နဲ့ (၇) လက်ဘနွန်ပြည်တွင်းစစ်တွေဖြစ်ကြတယ်။

ဘာသာရေး-လူမျိုးရေးအခြေခံ ပဋိပက္ခတွေထဲမှာတော့ မြန်မာနိုင်ငံက စာရင်းအသွင်းခံလိုက်ရပါပြီ။
(၁) ပါလစ္စတိုင်း-အစ္စရေးလ် = ၁၉၂၉ မှာ ဖြစ်ခဲ့တယ်။ ၁၉၄၇ မှာ အစ္စရေးနိုင်ငံလို့ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့တယ်။ အဲဒီနေရာက ပါလစ္စတိုင်းလူမျိုးပေါင်း ၇၁၁ဝဝဝ ကနေ ၇၂၅ဝဝဝ ထွက်ခွါခဲ့ရတယ်။
(၂) ပါကစ္စတန်-အိန္ဒိယ = ၁၉ဝ၆ မှာ ဒါးကားမှာ ဖွဲ့ခဲ့တဲ့ (AIML) ကို ဟိန္ဒူအများစုကြီးစိုးတဲ့ အော်လ်အိန္ဒိယကွန်ဂရက်က သံသယရှိလာတယ်။ ၁၉၄၇ မှ ဗြိတိသျှကိုလိုနီကနေ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး၊ နိုင်ငံ ၂ ခုအဖြစ် လွတ်လပ်ရေးပေးတယ်။ အခုထိ ရန်သူဆက်ဆံရေးထားကြတယ်။
(၃) အီသီယိုးပီးယား-ဆိုမာလီ = အဘီဆီးနီးယန်-အဒါးလ် စစ်ပွဲလို့လဲခေါ်တယ်။ ၁၈၂၉ ကနေ ၁၅၅၉ အတွင်းဖြစ်တယ်။ (၄) နိုက်ဂျီးရီးယား = ၁၉၅၃ ကနေ ၁၉၆ဝ ကျော်အထိဖြစ်တယ်။
(၅) ဗုဒ္ဓဘာသာထကြွမှုကြီး = ဗီယက်နမ် ခေါင်းဆောင် ငိုဒင်းဒမ် (၁၉၅၅-၁၉၆၃) ဟာ ကက်သလစ်ဘာသာဝင်ဖြစ်တယ်။ ဌာနေတိုင်းရင်းသားတွေနဲ့ အများစုဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွပ်ခဲ့တယ်။ လူထုနည်း၊ စစ်ရေးနည်းတွေနဲ့ ဆူပူမှု ဖြစ်ခဲ့တယ်။ ဘုန်းကြီးတွေ ကိုယ့်ကိုယ်ကို မီးရှို့ပြီးဆန္ဒပြခဲ့ကြတယ်။ ၁၉၆၆ မှာ ဖြစ်တယ်။
(၆) တရုပ်ပဋိပက္ခဆိုတာ ၁၉၃၆ (ရှန်ရှီကိုင်) ကနေ (ကာဇတ်) လူမျိုး ၂ဝဝဝဝ ကို (ဇင်ဂျန်း) ကနေ (ကွင်ဂိုင်း) ကို နှင်ထုတ်တယ်။ ဒိနောက် ဗိုလ်ချုပ်ကြီး (မ ဘူဖန်း) ဦးဆောင်ပြီး မွတ်ဆလင်တွေ အများအပြားသတ်ပြစ်တယ်။ ၁၃၅ ယောက်သာ ကျန်တော့တယ်။ (အူဂဟာ) မွတ်ဆလင်တွေနဲ့ (ဟွေ) တပ်တွေလည်း အခုထိ ဖြစ်နေကြတုံးပဲ။
(၇) လက်ဘနွန်ပြည်တွင်းစစ် = ပါလစ္စတိုင်းကရောက်လာသူတွေကန လက်နက်ကိုင်ပြီး PLO ဖြစ်လာတယ်။

မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းဘို့ ကြိုးစားလို့ နောက်ဆက်တွဲတွေဖြစ်ခဲ့တယ်။ အခုတခါ ဘာသာရေးအခြေပြုပြီး သူများနိုင်ငံတွေကပါ ဝင်ပါတာအထိဖြစ်လာတယ်။ ကာကွယ်ရေးဆိုပြီးလုပ်ကြတယ်။ ဘာသာရေး ဗန်းပြပြီး နိုင်ငံရေးကများတယ်။ ရှိပြီးသားမတူတာတွေကို ကွဲအောင်လုပ်တာမျိုးက အန္တရာယ်များတယ်။ မရှိသေးတဲ့ တရားမဝင်ကိုတော့ ဘယ်နည်းနဲ့မှ လက်မခံသင့်ကြပါ။ နွားကွဲရင် ကျားဆွဲတာတော့ လူတိုင်းသိကြတယ်။ နွားကွဲရင် ခြင်္သေ့ပြန်ဆွဲခံရနိုင်တယ်။ ခြင်္သေ့ကလည်း နွားစားချင်လို့လုပ်တာ တောမီးလောင်မှာစိုးရိမ်ရတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး