One Bad Apple Can Ruin the Barrel လက်ညှိုးထိုးစရာ မဖြစ်ပါစေနဲ့
ခုတလော ကျောင်းသားအဖွဲ့အစည်းနာမည်တခု သတင်းတွေတက်နေတယ်။ နာမည်ရှိ လူသိများတဲ့ ပါတီ၊ အသင်းအဖွဲ့ကို ကိုးကားပြီး ဘယ်လိုသဘောထားတယ်ပြောရင် အထူးသတိထားရတယ်။
ကျွန်တော် ဘာလုပ်လုပ် ကျွန်တော်ကထုတ်မပြောလည်း NLD ကလူလို့သိသူကများတယ်။ ချီးမွမ်းစရာကိုတော့ ပါတီကို အမှတ်ပေး မပေး မသိပါ။ တခါက မျိုးပွါးလမ်းဆိုင်ရာစာတွေကို ကျွန်တော်မသိပဲ၊ ကူးယူပြီး ဆွဲဆောင်မှုကောင်းတဲ့ ရုပ်သေတွေ ဗီဒီယိုတွေနဲ့တင်ထားတာကို NLD ကဆရာဝန်လို့ အပြောခံရဘူးတယ်။
ပြည်ပမှာ မြန်မာပြည်ကနေလာတဲ့သူ အယုတ်အလတ်အမြတ်မရွေး လုပ်သမျှဟာ တိုင်းပြည်နာမည်ကို သက်ရောက်နိုင်တယ်။ ကောင်းတာဆို တိုင်းပြည်နာမည်ပါ ကောင်းစေပြီး၊ ကဲ့ရဲ့စရာဆိုလည်း နိုင်ငံနာမည်ကို ထိတယ်။ အိန္ဒိယနိုင်ငံ၊ အိုက်ဇောလ်မြို့မှာ နေခဲ့တုန်းက တောအရက်ချက်တာ (ကောလ်မီး) ဗမာတွေတဲ့။ ဒေလီမှာလည်း (ကွန်ဆာဗေးတစ်) အလွန်ဖြစ်တဲ့ ဒေသခံတွေကြားမှာ အနေအထိုင်မတတ်တာရှိရင် လူမျိုးကို တမျိုးအထင်ခံရတယ်။
ပြည်တွင်းမှာ ဗုဒ္ဓဘာသာရဟန်းတော်အုပ်စုတခုသတင်းကနေ ဖျက်မရတော့တဲ့အထိ လူသိစေခဲ့တယ်။
စစ်အာဏာသိမ်းတာနဲ့ ရက်စက်ကြမ်းတမ်း၊ ဆိုးသွမ်းတဲ့အုပ်ချုပ်မှုတွေကြောင့် မြန်မာတပ်မတော်ဟာ တချိန်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘဝကနေ ဂုဏ်သရေညှိုးနွမ်းခဲ့ရတယ်။
ကိုယ့်ကြောင့် ကိုယ့်အဖွဲ့အစည်း၊ ပါတီ၊ အသင်းအဖွဲ့၊ လူမျိုး၊ တိုင်းပြည်နဲ့ ဘာသာတရားတို့ကို နာမည်ပျက်စေတာမျိုးက အပြစ်ကြီးတယ်။ လွန်သွားတာရှိလို့ ပြင်ဆင်မှုလုပ်ရင် အဲလိုလုပ်ရကောင်းမှန်းမသိသူတွေထက် တော်တယ်။ အဖတ်ဆယ်ဘို့ ကြိုးစားရင် လူကောင်းဖြစ်လာနိုင်တယ်။
ဒေါက်တာတင့်ဆွေ
၉-၄-၂ဝ၁၆

Comments
Post a Comment