Spelling error အမှားကို အမှန်ထင်နေတာလား

၁။ MCN TV News မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ ဆေးလိပ်သောက်သုံးသူ ရာခိုင်နှုန်း အစမတန်ပိုမိုများပြားနေတယ်လို့ အချက်အလက်ကိန်းဂဏန်းတွေကိုကိုးကားပြီး အထူးကုဆရာဝန်ကြီး ဒေါက်တာ့ က ပြောကြားလိုက်ပါတယ်။ (အဆမတန်လို့ ရေးရပါမယ်။)

၂။ ၁-၅-၂ဝ၁၄ နေ့ ဖေ့စ်ဘွတ်မှာ ဆေးခန်း-ဆေးရုံတခုက အပြာရောင် ဆိုင်းဘုတ်လေးတခု တွေ့လာတယ်။ အာထွာရာစောင်းစခန်းတဲ့။ (အာလ်ထွာဆောင်းလို့ဖြစ်သင့်တာပါ။ အာထွာဆောင်းဆိုလဲရပါတယ်။)

၃။ MCN TV News အမြင့်ပေ မီတာ ၄ဝဝဝ ရှိတဲ့ မီးရထားလမ်း Bolivia မှာဖွင့်လှစ်တဲ့။ (မီးရထားလမ်းဆိုတာ အလျားလိုက် အရှည်ဖြစ်တယ်။ အမြင့်မဟုတ်ပါ။ မီတာ ၄ဝဝဝ ရှည်တဲ့မီးရထားလမ်းလို့သာ ဖြစ်မယ်ထင်ပါတယ်။ မြင့်တဲ့နေရာမှာ တည်ဆောက်ထားတာလဲ ဖြစ်နိုင်ပါတယ်။)

၎။ ၃-၅-၂ဝ၁၄ နေ့မှာ မော်ဒယ် မိန်းကလေးတယောက် ရင်ပတ်ကိုလက်ဝါးနဲ့ဖိပြီး ပါးစပ်လေးဟနေတဲ့ ပုံအောက်မှာ ရှင်ထဲကို ထိသွားတာဘဲဟယ် ဆိုပြီးရေးထာ တွေ့ရပြန်တယ်။ (ရင်ထဲလို့ ရေးရပါမယ်။)

ကျွန်တော့်ဆီ ကျန်းမာရေး၊ နိုင်ငံရေး မေးလာရေးလာတာတွေကို အများစုက ဖုန်းပေါ်မှာစာရိုက်ကြရလို့ ထင်ပါတယ်၊ သတ်ပုံတွေ၊ စာရိုက်တွေ အတော်လွဲတာတွေ့ရတယ်။ ဆေးပညာစာရေးသူက အခမဲ့မြန်မာစာကျူရှင်ဆရာ လုပ်ပါရစေ။

ကွန်မင့်တခုမှာ စာရေးရင် ဖတ်တဲ့သူနားလည်ဘို့က ပိုအရေးကြီးတယ်လို့ လျှောက်လဲချက်တွေ့ရတယ်။ ကျွန်တော်တော့ သဘောမတူပါ။ ဆိုပါစို့ လုံခြုံအောင်တော့ဝတ်ထားပါရဲ့ အင်္ကျီကြယ်သီး အထက်အောက်လွဲတပ်ထားသလိုနဲ့ တူမနေဘူးလား ဆရာဝန်တွေဆိုတာ ဘေးထွက်-ဆိုးကျိုးကို အမြဲကြည့်ကြရပါတယ်။

သီချင်းဆိုတာ၊ ရေဒီယိုမှာလာတဲ့ အသံတွေမှာလဲ တိုင်းရင်းသားမို့ မပီသတာ နားလည်ပါတယ်။ ရွှေဗမာများလဲ စ နဲ့ ဆ လွဲတယ်။ ကသတ်နဲ့ တသတ်၊ မကွဲကြပါ။ ခပ်ဝဲဝဲခပ်ချွဲချွဲ စကားဆိုတာ နှစ်ကိုယ်ကြားတော့ ပြောချင်ပြောပေါ့။ အများကြားဘို့တော့မသင့်ပါ။ ကိုယ့်စာကိုယ့်စကားကို ကိုယ်တိုင်ဖျက်နေကြလို့ ဆရာဝန်မကုနိုင်တဲ့ရောဂါ ဖြစ်နေတာ စိတ်မကောင်းပါခင်ဗျား။ အောက်ကနမူနာတွေနောက်မှာ အဲလောက်နီးပါးရှိပါသေးတယ်။

• ဇာတ်ကြော်ကအမြဲတမ်းနာနေတယ် = ဇက်ကြောကအမြဲတမ်းနာနေတယ်
• ဖြင့်တာ၁နှစ်ကျော်လောက် = ဖြစ်တာ ၁ နှစ်ကျော်လောက်
• အရမ်းငြောင်းငြာကိုက်ခဲတယ် = အရမ်းညောင်းညာကိုက်ခဲတယ်
• နာကြဉ်ကိုက်ခဲနေတယ် = နာကျင်ကိုက်ခဲနေတယ်
• ရာသီသွေး ဆင်း ရွေ့ ၂ရက်မြောက် နေ့ မှာ = ရာသီသွေး ဆင်း၍ ၂ ရက်မြောက်နေ့မှာ
• နောက်အကြိန်များတွင်လဲ = နောက်အကြိမ်များတွင်လဲ
• အသက်ကတော့ 30 ရှိပြီ = အသက်ကတော့ ၃ဝ ရှိပြီ
• မိန်း မရော. ခလေး ပါ. = မိန်းမရော၊ ကလေးပါ၊
• သိချင်ဒါ = သိချင်တာက
• အတူ2နေပြီးရင် = အတူတူနေပြီးရင်
• တီဗွီရောဂါ = တီဘီရောဂါ
• အစိုးဆုံးပါ = အဆိုးဆုံးပါ
• အနီးဆက်စုံး = အနီးစပ်ဆုံး
• ကွန်ဒွန်၊ ကွန်ဒို = ကွန်ဒွမ်
• ဌက်နှစ်ကောင်တံဆိပ် = ငှက်နှစ်ကောင်တံဆိပ်
• သမီး ခလေးအရမ်း လိုချင်ပေမဲ့ = သမီး ကလေးအရမ်း လိုချင်ပေမဲ့
• ဂရုဏာ တရားတွေကို = ကရုဏာ တရားတွေကို
• လိပ်ဂေါင်းရောဂါ = လိပ်ခေါင်းရောဂါ
• ဖျားပြီးတော.ချောင်းဆိုးချွဲကျပ် = ဖျားပြီးတော့ ချောင်းဆိုးချွဲကြပ်
• ကျွန်တော် မန်းလေးက = ကျွန်တော် မန္တလေးက
• ဟိုဟာမလာတာလည်း = ရာသီ/ဓမ္မတာ မလာတာလည်း
• ဆ၇ာဝန်နဲ့ ဘဲပြကြိလိုက်တော့ = ဆရာဝန်နဲ့ဘဲ ပြကြည့်လိုက်တော့
• အ၇က်ကဒေါ့ = အရက်ကတော့
• ဖြစ်ခါစ = ဖြစ်ကာစ
• အရေပြား ဆက်ဆက်မူ အပိုင်းမှာ = အရေပြား ဆက်စပ်မူ အပိုင်းမှာ
• မျှားနှင့်ကဒ် = မြားနှင့်ကဒ်
• စမ်းပီးပါပြီ စမ်းပြီးပါပြီ
• စအုံနဲ့ = စအိုနဲ့
• တုတ်ရည်ထွက်နိုင်ပါသလား = သုက်ရည်ထွက်နိုင်ပါသလား
• စာရေးပီးမေးပါရစေ = စာရေးပြီး မေးပါရစေ
• မ၇ှိုဘူးစိုဆ၇ာ = မရှိဘူးဆိုဆရာ
• 5မိနစ်လောက် = ၅ မိနစ်လောက်
• ဆက်စံတဲ့အခါ၅မီးနစ်၁၀မီးဆို = ဆက်ဆံတဲ့အခါ ၅ မိနစ် ၁ဝ မိနစ်ဆို
• ၁ ၇က် = ၁ ရက်
• အနာသဏ္ဍာန် = အနာသဏ္ဌာန်
• ပိုပြီးအစဉ်ပြေနိုင်မယ်လို့ထင်ပါတယ် = ပိုပြီးအဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်
• ပျော်စေပြတ်စေသဘောနဲ့ = ပျော်စေပျက်စေသဘောနဲ့
• အနာဂါတ် = အနာဂတ်
• ဒါဏ်ရာ = ဒဏ်ရာ
• မခန်မရပ် နိုင်အောင်နာကျဉ်လေ့ရှိပါတယ် = မခံမရပ်နိုင်အောင် နာကျင်လေ့ရှိပါတယ်
• အရန်းကျေးဇူးတင်ပါတယ်ရှင် = အရမ်းကျေးဇူးတင်ပါတယ်ရှင်
• သယ်ရင်းတွေကပြောပါတယ် = သူငယ်ချင်းတွေက ပြောပါတယ်
• အန္ဒရယ်ရနိုင်သလား = အန္တရာယ်ရနိုင်သလား
• ဆရာ့စီကနေလည်းသိချင်လို့ပါ = ဆရာ့ဆီကနေလည်းသိချင်လို့ပါ
• သွားထက်မစိုက်ဖြစ်ဘူး = သွားထပ်မစိုက်ဖြစ်ဘူး
• ပြသာနာ= ပြဿနာ
• တဝက်တပြတ်လောက်မှာ = တဝက်တပျက်လောက်မှာ
• မျက်စီးကိုက်တတ်တဲ့ရောဂါဖြစ်နေပါတယ် မျက်စီးကိုက်ရင်ခေါင်းပါ ကိုက်ပါတယ်တဲ့။ မျက်စိကိုက်တတ်တဲ့ရောဂါဖြစ်နေပါတယ်၊ = မျက်စိကိုက်ရင် ခေါင်းပါ ကိုက်ပါတယ်တဲ့။
• အခုထိသွေးစင်းနေတာ = အခုထိသွေးဆင်းနေတာ
• ကိုယ်ဝင် 3 လ = ကိုယ်ဝန် ၃ လ
• စောင်ရန်ရှောင်ရန်တွေ = ဆောင်ရန်ရှောင်ရန်တွေ
• ၁လပိုင်း၁ရက်နေ့ကလက်ထက်ပါတယ် = ၁ လပိုင်း၊ ၁ ရက်နေ့က လက်ထပ်ပါတယ်
• သမီးနံမည် = သမီးနာမည်
• ပါတဂူနဲ့ ပြဖို့ကြတော့လဲ = ပါရဂူနဲ့ ပြဖို့ကြတော့လဲ
• ကျန်းမာရေးစောက်ရှောက်မှု = ကျန်းမာရေးစောင့်ရှောက်မှု
• ဆက်ဆံပြီးဘယ်၂ရက်မြောက်နေ့ မှာ = ဆက်ဆံပြီးဘယ်နှစ်ရက်မြောက်နေ့ မှာ
• စာကိုလက်ခံရရှိပါတယ် သယ်ရင်း..... စာကိုလက်ခံရရှိပါတယ် သူငယ်ချင်း
• အ၇င်၇ည်စား ၇ှိဘူးပါတယ် ၅ေ၇ာက် လောက်ပါ ။ = အရင်ရည်စား ရှိဘူးပါတယ်၊ ၅ ယောက်လောက်ပါ။
• ဆစ်ဆစ်နဲ့ကိုက်နေပါတယ်။ = စစ်စစ်နဲ့ ကိုက်နေပါတယ်။
• အပေါက်ဝပုံသဏ္ဍာန်ကိုသ်ချင်ပါတယ် = အပေါက်ဝပုံသဏ္ဌာန်ကို သိချင်ပါတယ်
• ဆရာစီကအဖြေလေးလည်းသိချင်လို့ပါ = ဆရာဆီကအဖြေလေးလည်း သိချင်လို့ပါ
• ကျွန်တော် ဒိုလင်မယားမှာ = ကျွန်တော်တို့ လင်မယားမှာ
• လိုချင် ရက်နက် = လိုချင်လျှက်နဲ့
• စီးဆစ်ဖို့ ထပ်လိုမလို = ဆီးစစ်ဖို့ ထပ်လိုမလို
• ပါတဂူဆီမှာ = ပါရဂူဆီမှာ
• အရိုးအစစ်ကြီးပါတယ်။ = အရိုးအဆစ်ကြီးပါတယ်။

သူများအိမ်ခေါင်မိုး ကြည့်ပြောချင်သူဟာ ကိုယ့်တံစက်မြိတ်ကိုလဲ သိရတယ်။ ကျွန်တော်လဲ ကိုယ်ရေးထားတောတွေကို ပြန်ပြန်စစ်ပြီး ပြင်နေရသူသာဖြစ်ပါတယ်။ ပြင်တော့ အမှားနည်းနည်းလာပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး