HIV survival outside the body ခန္ဓာကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလဲ

၁။ ဒေါက်တာရေးတဲ့ post အာ့ဒီ ၂ ခုမှာ တစ်ခုမှာက Hiv ပိုးဟာ တချို့ နေရာတေမှာ ရက်သတ္တပတ် ရှင်သက်နေထိုင်နိုင်တယ် ရေးထားပြီး  နောက်တခုမှာကြတော့ ရက်အထိမရှင်နိုင်ပါ လို့ရေးထားပါတယ်။ အကြောင်းအရာ၂ခုဖစ်နေတော့ အဖြေမှန်လေးကိုသိချင်ပါတယ်ဒေါက်တာ။ လေးစားလျက်။

၂။ မင်္ဂလာပါဆရာခင်ဗျာ။ ကျွန်တော့အသက်က ၂၃ ပါခင်ဗျာ။ HIV virus ပိုးဟာ လေထုထဲမှာ အချိန်မည်မျှကြာကြာ အသက်ရှင်နေနိုင်ပါသလဲခင်ဗျာ။

၃။ ဆရာ မင်္ဂလာပါခင်ဗျ။ ကျွန်တော် မနေ့က ကားစီးတော့ ကားပေါ်မှာ ကားစပယ်ယာက ကားတံခါးမှာ သွားကြားထိုးတံ ထိုးထားတာပါခင်ဗျ။ ရန်ကုန်ကားက လူအရမ်းကြပ်တော့ ကျွန်တော် ဆင်းမယ့်မှတ်တိုင် ရောက်ခါနီးလေးမှာ အမျိုးသမီးကြီးတယောက်အတင်းတိုးတက်လာပြီး ကျွန်တော်လည်း တံခါးကို ဆွဲကိုင်လိုက်တာ အဲ့သည်တံခါးပေါ်က သွားကြားထိုးတံ ထိုးမိပြီး လက်သွေးထွက်သွားပါတယ်။ HIV, B  ပိုးတို့ ကူးစက်မှာကြောက်မိပါတယ်။ ပြီးတော့ ရန်ကုန်နေသူအများစုက ကားတိုးစီးရတာဆိုတော့ တယောက်နဲ့တယောက် အရမ်းကိုကပ်ပြီး ချွေတွေလည်း ပူးကပ်နေတာ့ ဘီပိုး၊ စီပိုးရောဂါတွေ ကူးစက်နိုင်ပါသလား။ ကျေးဇူးပြပြီး ဖြေကြားပေးပါဗျာ။ ရိုသေစွာဖြင့်။

၎။ ကျွန်တော်က  အသက် ၃၀ပါ။  အများသုံး ဗိုလ်ချုပ်ပန်းခြံ အိမ်သာတက်တာ ရေဆေးတာ  အောက်ကရေ ထိမိစင်မိတယ်။ ပြီးမှကြည့်တော့ အောက်မှာ သုံးပြီးသားကွန်ဒုံးတွေ့တယ်ဆရာ။ စိတ်ပူလို့ ဆရာကိုမေးကြည့်တာ။ ကူးစက်ရောဂါတွေ ဒီလိုဆိုရင် ကူးတတ်လားဆရာ။

လူ့ကိုယ်ကိုဖုံးအပ်ပေးထားတာ ရိုးရိုးအရေပြားနဲ့ မြူးကပ်စ်မင်ဘရိန်း ခေါ် အဖုံးလွှာအနုစားလို့ နှစ်မျိုးရှိတယ်။ အနုစားဆိုတာ ပါးစပ်နဲ့ နှုတ်ခမ်းတွေပေါ်မှာဖုံးထားတာဖြစ်တယ်။ အနာအဆာ၊ အကွဲအရှကနေ HIV ပိုး၊ အသည်းရောင် ဘီပိုးနဲ့ စီပိုးတွေ ဝင်လာနိုင်သလား သုတေသနလုပ်ထားပါတယ်။

HIV ဟာ တံတွေးကနေ မကူးစက်ပါ။ နှုတ်ခမ်းချင်းနမ်းသူတယောက်မှာ ပိုးရှိနေပြီး ကျန်တယောက်နှုတ်ခမ်းမှာ အနာရှိနေရင် ပိုးတွေသွေးထဲဝင်လာနိုင်တယ်။ ရောဂါ ရ မရ ဆိုတာ ပိုးအရေအတွက်အပေါ်မှာမူတည်တယ်။ အခုထိတော့ နှုတ်းခမ်းနမ်းနည်းတခုတည်းကနေ ကူးတာ မတွေ့သေးပါ။

အသည်းရောင်စီပိုးဟာ ချွေး၊ မျက်ရည်၊ ဆီးတွေကနေတဆင့် မကူးစက်ပါ။ အတူနေ အတူစားလို့လည်း မကူးစက်ပါ။ နှာချေ ချောင်းဆိုးလို့လည်း မကူးစက်ပါ။

အသည်းရောင်ဘီပိုးဟာ စအိုကထွက်တဲ့အညစ်အကြေး၊ နှာခေါင်းအညစ်အကြေး၊ ဆီး၊ အန်ဖတ်ကနေတဆင့် မကူးစက်ပါ။ သာမန်ထိတွေ့မှုကနေလည်း မကူးစက်ပါ။ ဘီပိုး ချွေးကနေကူးသလား သံသယရှိတယ်။

HIV ပိုး၊ အသည်းရောင်စီပိုးနဲ့ အသည်းရောင်စီပိုးတွေ ခန္ဓာကိုယ်အပြင်မှာ ဘယ်လောက်အသက်ရှင်ကြသလဲကိုလည်း သုတေသနလုပ်ထားပါတယ်။

HIV ပိုးဟာ ခန္ဓာကိုယ်အပြင်ဖက် အခန်းတွင်းအပူချိန်မှာ ၆ ရက်ရှင်နေနိုင်တယ်။ နေရာင်ထဲပါ UV အလင်းနဲ့တွေ့လေလေ အသက်တိုလေ ဖြစ်တယ်။ ကူးစက်နိုင်စွမ်းအရေအတွက် အလွန်နည်းတယ်။

အသည်းရောင်စီပိုးဟာ ခန္ဓာကိုယ်အပြင်ဖက် အခန်းတွင်းအပူချိန်မှာ ၃ ပတ်ရှင်နေနိုင်တယ်။

အသည်းရောင်ဘီပိုးဟာ လုပ်ငန်းခွင်ကနေကူးစက်တာများတယ်။ ခန္ဓာကိုယ်အရည်တွေထဲမှာ အရေအတွက် မများလှပါ။ ခန္ဓာကိုယ်အပြင်ဖက် အခန်းတွင်းအပူချိန်မှာ ၇ ရက်ကြာရှင်နေနိုင်တယ်။

HIV ဗိုင်းရပ်စ်ပိုးဟာ လူ့ကိုယ်ခန္ဓာထဲကနေထွက်လာရင် ရောက်နေတဲ့ပတ်ဝန်းကျင်အခြေအနေအပေါ်မှာ မူတည်ပြီး ရှင်သန်နိုင်တယ်။ တချို့နေရာတွေမှာ ရက်သတ္တပါတ်တွေအထိရှင်တယ်။ တချို့နေရာတွေမှာ ဒီလောက်ကြာကြာ မရှင်နိုင်ပါ။ သူတို့ရှင်သန်နိုင်စွမ်းဟာ ကိုယ်ကနေထွက်တဲ့အရည်တွေအပေါ်မှာမူတည်တယ်။ အရည်ထုထည် ဘယ်လောက်များသလဲ၊ အရည်ရဲ့အပူချိန်၊ အက်စစ်ဓါတ်၊ ရေငွေ့ဓါတ်နဲ့ နေရောင်တွေအပေါ်မှာ မူတည်တယ်။

အခုထိ ကိုယ်ထဲကနေထွက်ပြီးသား သွေး၊ သုက်ရည်၊ တခြားအရည်တွေကနေတဆင့် HIV ကူးစက်ခဲ့တယ်ဆိုတဲ့လူနာ မရှိသေးပါ။ အဲလိုအရည်နဲ့သွေးတွေထဲမှာ မှန်ဘီလူးနဲ့စစ်ရင်တော့ HIV ပိုးတွေပါနေတာတွေ့နိုင်တယ်။ အရေအတွက်အရ ကူးစက်နိုင်အောင်မများလို့ဖြစ်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမယ့် သတိထားကိုင်တွယ်ဖို့လမ်းညွှန်ချက်ကို တိတိကျကျထုတ်ထားပါတယ်။

HIV ပိုးဟာ အပူဒဏ်ကိုမခံနိုင်ပါ။ အေးလွန်းတာလည်းမခံနိုင်ပါ။ 60°C ကျော်ရင်သေကုန်တယ်။ အခန်းတွင်းအပူချိန်မှာ ရှိနေရင် ပိုးအရေအတွက် နည်းတော့မသွားပါ။ 4°C မှာထားရင် ခြောက်နေတဲ့သွေးထဲမှာ ၇ ရက်နေနိုင်တယ်။ ဓါတ်ခွဲခန်း စမ်းသပ်မှုတွေလုပ်ဘို့ HIV ပိုးပါတဲ့သွေးကို သိမ်းထားချင်ရင် –70°C မှာထားရတယ်။ အပူချိန် 4°C မှာ သိမ်းထားရင် ကြာကြာရှင်တယ်။ 27 to 37°C မှာထားရင် ၇ ရက်ထက်ပိုမရှင်ဘူး။

အခန်းတွင်းအပူချိန်မှာထားရင် ခြောက်နေတဲ့သွေးထဲမှာ ၅ ရက်ကနေ ၆ ရက်အထိ ရှင်မယ်။ pH level ကလည်း ထိန်းထာပြီးစမ်းသပ်ရမယ်။ ဒါကြောင့် ခြောက်နေတဲ့သွေးကနေ မကူးပါ။

HIV ပိုးရှိလူနာပေါင်း ၈ဝဝ ကျော်ဆီကနေ သွေးထုတ်ယူပြီး အခြေအနေအမျိုးမျိုးမှားထားပြီး ပြန်စစ်ဆေးတော့ ဆေးထိုးအပ် ၁ဝ% မှာ ပိုးက ၁၁ ရက်အထိ ရှင်နေတာတွေ့ရတယ်။ သွေးထုထည်က ၄၇% အပ်တွေထဲမှာ 2µl နဲ့ ၅၃% မှာ 20µl ထက်နည်းတယ်။ ဆေးထိုးအပ်ထဲကသွေးထဲမှာ သည်အတိုင်းထားရင် ၄ ပါတ်အထိရှင်နေနိုင်တယ်။

မိလ္လာရေထဲမှာလည်း မရှင်နိုင်ပါ။ ဝမ်းနဲ့ ဆီးထဲကနေ HIV ပိုးရှာမရပါ။ စမ်းသပ်မှုတခုမှာတော့ အဲလို အညစ်အကြေးထဲမှာ ရက်များများအထိရှင်နေနိုင်တယ်လို့ တွေ့ရပါတယ်။ ပင်လယ်ရေထဲမှာလည်း တခြားဗိုင်းရပ်စ်ပိုးတွေထက် ပိုမရှင်နိုင်ပါ။

လူသေအလောင်းကနေ HIV ပိုးကို ၁၁ ရက်ကနေ ၁၆ ရက်အထိရှာလို့တွေ့ပါတယ်။ ရေခဲတိုက်အပူချိန်က 2°C ရှိတယ်။
လူသေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို အပူချိန် 20°C မှာထားရင် HIV ပိုးဟာ ၁၄ ရက်အထိရှင်နိုင်တယ်။ ၁၆ ရက် နောက်မှာတော့ သိသာတဲ့အရေအတွက်အထိ မရှိတော့ပါ။ အခုလိုစမ်းသပ်မှုတွေမှာ လေနဲ့မိုးကိုထည့်မစဉ်းစားခဲ့ပါ။

၂ဝဝ၃ ခုနှစ်က သြစတေးလျမှာလုပ်တဲ့ သုတေသနအရ HIV ဟာ လူ့ကိုယ်ခန္ဓာအပြင်ဖက်မှာ ရက်သတ္တပါတ်တွေအထိ ရှင်နေနိုင်တယ်။ အဲဒီလိုရှင်ဖို့ ဗိုင်းရပ်ပမာဏ၊ သွေးထုထည်၊ အရည်ထုထည်၊ အပူချိန်၊ စိုထိုင်းဆနဲ့ နေရောင်တွေ အပေါ်မှာ မူတည်တယ်လို့ ကောက်ချက်ချတယ်။

HIV ပိုးဟာ အယ်လ်ကာလီ နဲ့ အက်စစ်ဓါတ်ခေါ် pH level မတူရင်လည်း ခံနိုင်မတူပါ။ pH 7 ထက်နည်းတာရော pH 8 ထက်များတာမှာပါ ကောင်းကောင်းမရှင်နိုင်ပါ။ ကျန်းမာနေတဲ့အမျိုးသမီးရဲ့ ဗဂျိုင်းနာထဲမှာ အက်စစ်ဓါတ်အခြေအနေရှိလို့ HIV ပိုးဟာ ကြာကြာမရှင်နိုင်တာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၇
၅-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး