EQ and IQ အီးကျူ အိုင်ကျူ


ကျွန်တော့်ပို့စ်တခု = Brain size ဦးနှောက်ကြီးသလား

ကွန်မင့် (၁) = Kyaw Kyaw - ဥာဏ်အရည်အသွေးကို ဦးဏှောက်လေးတာ ပေါ့တာနှင့် နှိုင်းယှဉ်လို့ရပါလားဆရာ။
ကွန်မင့် (၂) = Chan Naing - Is weight of brain really important?

တိုက်ဆိုင်မှုပေါ့။ စောစောကပဲ၊ စင်္ကာပူမှာ ဇီကာဗိုင်းရပ်စ်ကူးစက်တဲ့သတင်းတင်လိုက်တယ်။ ဇီကာကူးစက်ခံနေရတဲ့ ကိုယ်ဝန်ကနေ ဦးနှောက်သေးတဲ့ကလေး မွေးတတ်တယ်။ ဦးနှောက်သေးရင် ဉာဏ်ရည်မမီဘူး။ လူစဉ်မမီဘူး။ မွေးရာပါဦးနှောက်ရောဂါတွေထဲမှာ ဦးနှောက်ထဲကအရည် ရှိသင့်တာထက်များနေရင် ခေါင်းကြီးနေမယ်။ အဲတာကနေလည်း ဉာဏ်ရည်မမီ၊ လူစဉ်မမီဖြစ်နိုင်တယ်။

ဉာဏ်ရည်အကြောင်းရေးပါမယ်။ IQ ကို ၁၈၈၃ ခုနှစ်မှာ Francis Galton ရေးသားတဲ့ Inquiries into Human Faculty and Its Development ကနေစတင်ခဲ့တယ်။ IQ (Intelligence quotient) ဆိုတာ စံသတ်မှတ်ထားတဲ့အတိုင်း စစ်ဆေးတဲ့အခါ ရရှိတဲ့အမှတ်တွေကိုခေါ်တယ်။ ဉာဏ်ကောင်းတာကိုဖေါ်ပြတယ်။ စိတ်ပိုင်းဆိုင်ရာရင်ဆိုင်စရာ (ချဲလင့်) တွေကို ဘယ်လိုကျော်လွှားနိုင်သလည်းဆိုတဲ့ အရည်အသွေး ဖြစ်တယ်။

EQ (Emotional Intelligence) သို့မဟုတ် (Emotional quotient) ဆိုတာ တစုံတခုကို အဲတာဘာလည်းဆိုတာ ဖေါ်ပြတတ်မှု၊ အဲတာကို သုံးသပ်တတ်မှုနဲ့ ထိန်းသိမ်းတတ်မှုအရည်အသွေးတွေဖြစ်ပြီး၊ အဲသည်အတိုင်း ထုတ်ဖေါ်မယ်။ ခေါင်းဆောင်နေရာကို ထိုက်ထိုက်တန်တန်ရရှိသူတွေဟာ EQ မြင့်ကြတယ်။ EQ ကို ၁၉၈၅ တုန်းက Wayne Payne ရဲ့ ပါရဂူဘွဲ့ယူစာတမ်း A Study of Emotion: Developing Emotional Intelligence ကနေစတင်ပြီး လူသိများလာတယ်။

EQ မြင့်သူတွေဟာ လုပ်ငန်းမှာအောင်မြင်သူတွေဖြစ်ကြတယ်။ ခေါင်းဆောင်မှုကောင်းသူဖြစ်တယ်။ အထက်ကိုလည်း သိတယ်။ အသင်းသားအဖွဲ့ဝင်တွေအကြောင်းကိုလည်းသိတယ်။ EQ ဆိုတာ စိတ်လှုပ်ရှားမှုနဲ့အတူ ဆင်ခြင်မှုနဲ့ တွေးခေါ်မှုကို တိုးတက်စေအောင် သက်ရောက်စေတဲ့ စိတ်လှုပ်ရှားမှု ဖြစ်တယ်။ EQ မြင့်သူဆိုတာ သူ့စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်ကြတယ်။ သူ့စိတ်လှုပ်ရှားမှုကိုလည်း တွေးခေါ်မှု၊ သူ့စိတ်လှုပ်ရှားမှုကို နားလည်နိုင်စွမ်းနဲ့ သူများတွေရဲ့ စိတ်လှုပ်ရှားမှုကို သိရှိနိုင်စွမ်းဖြစ်တယ်။ တနည်းအားဖြင့် သူ့စိတ်လှုပ်ရှားမှုတွေကို ထိန်ထားနိုင်ပြီး သူများတွေနဲ့ ဆက်ဆံရေး ထူထောင်နိုင်စွမ်းလည်းဖြစ်တယ်။

IQ ဆိုတာ သင်ယူနိုင်စွမ်း၊ နားလည်နိုင်စွမ်း၊ ရလာတဲ့သတင်းအချက်အလက်တွေကို အသုံးချနိုင်စွမ်းတွေကို တိုင်းတာတာ ဖြစ်တယ်။ ယုတ္တိကျကျတွေးတောဆင်ခြင်နိုင်ခြင်းဖြစ်တယ်။ ဂဏန်းသင်္ချာမှာလည်း ခြုံငုံသိနိုင်ခြင်းဖြစ်တယ်။ IQ မြင့်သူဟာ စိတ္တဇဆန်ဆန် (ဆုပ်ကိုင်မရတာမျိုး) တွေးတတ်တယ်။ ယေဘုယျချတတ်ပြီး၊ ဆက်စပ်တွေးတောနိုင်သူဖြစ်တယ်။

IQ နဲ့ EQ ဘယ်ဟာ ပိုအရေးပါသလည်း
အယူအဆ မတူတာတွေရှိတယ်။ IQ ကောင်းရင် ကျောင်းမှာ အမှတ်ကောင်းကောင်းရမယ်။ EQ ကောင်းမှသာ ဘဝမှာ အမှတ်ကောင်းတယ်တဲ့။ IQ ကောင်းမှာသာ EQ လည်း ကောင်းနိုင်တယ်လို့ ပြောတယ်။ သုတေသနပြုမှုတခု အဆိုအရ IQ ဟာ အလုပ်မှာစွမ်းဆောင်ရည် ၁၄% ကျော်ရတယ်။ EQ က ၁% ထက်နည်းတယ်။

EQ မြင့်သူတွေဟာ ယေဘုယျပြောရရင် အသင်းလိုက်လုပ်ဆောင်မှုမှာ ပိုတော်ကြတယ်။ ဝန်ဆောင်မှုပိုကြတယ်။ အစပျိုးလုပ်ဆောင်မှုရှိတယ်။ အဲတာကြောင့် စီးပွါးရေးလုပ်ငန်းကြီးတွေမှာ အဲတာမျိုးကိုလိုချင်ကြတယ်။

EQ တိုင်းတာနည်းက ဓမ္မဓိဌာန်ကျတယ်။ Mayer-Salovey-Caruso Emotional Intelligence Test ကိုသုံးတယ်။ Emotion-based problem-solving questions စိတ်လှုပ်ရှားမှုတွေနဲ့ဆက်စပ်နေတဲ့ ပြဿနာအဖြေရှာနည်းတွေ မေးတယ်။ ရမှတ်က စမ်းသပ်ခံသူရဲ့ စိတ်လှုပ်ရှားမှုနဲ့ဆက်နေတဲ့ ဆင်ခြင်နိုင်စွမ်းဖြစ်တယ်။ Goleman's model မော်ဒယ်ကတော့ စိတ်လှုပ်ရှားမှုမှာ ပြည့်စုံခြင်း (ခိုင်မာခြင်း) ကိုတိုင်းတယ်။ ဒီမော်ဒယ်မှာ Emotional Competency Inventory နဲ့ Emotional Intelligence Appraisal နည်း ၂ ခုရှိတယ်။

IQ tests နည်းကို ပညာရေးနဲ့ စိတ်ပညာနယ်ပယ်တွေမှာသုံးတယ်။ IQ testing ကိုလည်း ပိုပြီးဓမ္မဓိဌာန်ကျအောင် လုပ်လာတယ်။ Stanford-Binet test နည်းဟာ ပဌမဆုံးဖြစ်တယ်။ စမ်းသပ်ခံသူရဲ့ Mental age စိတ်သက်ကို သိမယ်။ စိတ်သက်ကို သူ့အသက်နဲ့စားပြီး  ၁ဝဝ နဲ့မြှောက်တယ်။ အမေရိကန်စိတ်ပညာရှင် David Wechsler ကနေ IQ tests သုံးခုတီထွင်ထားတယ်။ ကျောင်းမဝင်ခင်ကလေးတွေနဲ့ မူလတန်းကလေးတွေအတွက်၊ ကလေးအကြီးတွေအတွက်နဲ့ လူကြီးတွေအတွက်။ Woodcock-Johnson Test of Cognitive Abilities နည်းလည်းရှိတယ်။

EQ နည်းရော IQ နည်းမှာပါ အငြင်းပွါးစရာတွေ မလွတ်ပါ။

မေးခွန်းတွေမကြာခဏလာတယ်။ မွေးလာမယ့်ကလေးဉာဏ်ကောင်းချင်တဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကလေးမိဘတွေက မေးကြတယ်။ ဉာဏ်ကောင်းဆေးရှိလားတဲ့။ အဲလိုဆေးမရှိပါ။ ကြော်ငြာရင် မယုံပါနဲ့။ ရှိတယ်လို့ယုံရင် ဉာဏ်နည်းလို့။

EQ နဲ့ IQ ကို ကောင်းအောင်လုပ်နိုင်သလား
စိတ်လှုပ်ရှားမှုအရည်အသွေးကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးနိုင်တယ်။ သူသိတာကိုမျှဝေစေခြင်း၊ သူများအကြောင်းကို တွေးတောစေခြင်း၊ ကိုယ့်ကိုယ်ကို သူများနေရာမှာ ဝင်ကြည့်ပြီးစဉ်းစားခိုင်းခြင်း၊ သူ့အတွက် ဝန်းကျင်ကျယ်ပေးထားခြင်းနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ ယေဘုယျချတတ်စေခြင်း။ EQ မြင့်စေဘို့ရာ ကစားစရာတွေ၊ (ဂိမ်း) တွေသုံးနိုင်တယ်။ နိမ့်နေတဲ့ကလေးကို SEL (Social and Emotional Learning) သင်တန်းတက်စေရင် တိုးတက်လာမယ်။ လူကြီးတွေအတွက်လည်းရှိတယ်။

IQ ကတော့ ပိုပြီး မျိုးဗီဇနဲ့ဆိုင်တယ်။ ပိုကောင်းအောင်လည်း နည်းနာတွေရှိပါတယ်။ Brain-food and mental ability exercises လေ့ကျင့်မှုခေါ်တဲ့ Puzzles ပဟေဠိ၊ Lateral thinking ပြဿနာကိုဘေးတိုက်စဉ်းစားနည်း၊ Think outside the box ကန့်သတ်ထားတဲ့ အဝန်းအဝိုင်းအပြင်ထွက် စဉ်းစားနည်း။

ဒီစာကိုဖတ်ပြီး အဲတာဘာလည်းဆိုတာ ဖေါ်ပြတတ်မှု၊ အဲတာကို သုံးသပ်တတ်မှုနဲ့ ထိန်းသိမ်းတတ်မှုအရည်အသွေးတွေနဲ့ ကွန်မင့်တွေ လာမယ်ထင်တယ်။ ခေါင်းစဉ်နဲ့တင် ကောက်ရေးချသူလည်းပါမယ်။ ဆက်စပ်စဉ်းစားပြီး ရေးသူလည်းပါမယ်။ ရှိထားတဲ့အရည်အသွေး ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ်ကို စူးစမ်းနေသူလည်းပါမယ်။

မြန်မာနိုင်ငံသားတွေ ဗလငါးတန်ပြည့်ကြစေ။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး