ညီမလေးရယ် စိုးရိမ်မိတယ်

လူငယ်မှာလည်း နေရာမှ ပျာရီးပျာရာထကာ မေရီ့နောက်မှ ကပ်လိုက်လာသည်။ လှေကားတွင် သူကမေရီ့အား ကျော်ဆင်းသည်။ မေရီအားဖြတ်စဉ်တွင် သူက ပိုက်ထားသောမေရီ၏စာအုပ်ကြားသို့ စာတစောင်ကို ဖျတ်ကနဲ ပစ်ထည့်သွားသည်။

မေရီ၏မျက်နှာလေးမှာ နီရဲသွားကာ စာရွက်ခေါက်အပြာလေးအား လှေကားထက်မှ အောက်သို့ပင် ပစ်ပေါက်ချလိုက်၏။ ထိုအချိန်တွင် လှေကားခြေရင်းသို့ ရောက်ရှိနေပြီဖြစ်သော လူငယ်မှာ ခြေလှမ်းတုံ့သွားလျက် စာရွက်ခေါက်လေးအား ပြန်ကောက်ယူလိုက်သည်။ မေရီသည် သူ့အား အမှတ်မပြုသည့်ဟန် မျက်နှာလေးကို အသာပင့်လျက် စာကြည့်တိုက် အပေါက်ဝမှ ကြော့ကြော့မော့မော့ပင် မှန်မှန်လမ်းလျှောက် ထွက်လာခဲ့သည်။

ခဏချင်းမှာပင် လူငယ်မှာ မှီလိုက်လာကာ နောက်တကြိမ် စာရွက်ခေါက်လေးအား ရင်၌ပိုက်ထားသော မေရီ၏ စာအုပ်ကြားထဲသို့ ထည့်လိုက်ပြန်သည်။ မေရီသည် ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်သည်။

လူပုပု ဆံပင်စုတ်ဖွားနှင့် မျက်နှာတွင် ဝက်ခြံများထူလပျစ်ရှိသော ကျောင်းသားတဦးသည် ကရင်လွယ်အိတ် အနီကြီးတခုကို လွယ်လျက် မော်တော်ဆိုင်ကယ်တစီးအား အဓိပတိလမ်းတလျှောက် မြောက်မှတောင်သို့ အချိုးမကျစွာ အပြင်းမောင်းစီးလာရာမှ မေရီတို့စုံတွဲအားမြင်သောအခါ မှေးသော ပွေးမျက်လုံးကိုပြူးလျက် ကျယ်သောပါးစပ်ကိုဖြဲလျှက် သမင်လည်ပြန် လှည့်ကြည့်သွားသည်။

ဂျပ်ဆင်ကျောင်းဝင်းဘက်မှ အဓိပတိလမ်းကိုဖြတ်ကျော်လာသော ကတုံးဆံတောက် ရွှေမျက်မှန်ဝင်းဝင်းနှင့် အရပ်ရှည်ရှည် ပိန်ပိန်လူငယ်တဦးက မော်တော်ဆိုင်ကယ်ပေါ်မှ ကျောင်းသားအား လှမ်းနောက်လိုက်သည်။

“ဟ ကောင်ကြီ့း့ သုဘရာဇာညွန့်၊ ပစပ်က သရေတွေ ဓာတ်ဆီအိုးထဲဝင်တော့မယ့့်”

မှတ်ချက် (၁)
အဲဒီစာကတော့ တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ ညီမလေးရယ် စိုးရိမ်မိတယ်ဝတ္ထုစာအုပ်ထဲကဖြစ်ပါတယ်။
စာတစ်စောင်ကို မဟုတ်။
နောက်တစ်ကြိမ် မဟုတ်။
ကျောင်းသားတစ်ဦးသည် မဟုတ်။
ကရင်လွယ်အိတ် အနီကြီးတစ်ခုကို မဟုတ်။
မော်တော်ဆိုင်ကယ်တစ်စီးအား မဟုတ်။

မှတ်ချက် (၂)
တက္ကသိုလ်ဘုန်းနိုင်ဟာ သူ့ခေတ်နဲ့သူ နာမည်အလွန်ကြီးပြီး ကောလိပ်ကျောင်းသားအကြိုက်စာတွေ ရေးသားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အခုစာအုပ်ကို ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့ (မဆလ) အစိုးရအကြိုက် ရေးသားတာဖြစ်နေလို့ တက္ကသိုလ်ကျောင်းသားတွေက ညီမလေးရယ် အမေရိကသွားချင်တယ်လို့ စာကပ်တာ ခံလိုက်ရပါတယ်။

တက္ကသိုလ်ဘုန်းနိုင်ရေးခဲ့တဲ့စာအုပ်တွေ အားလုံးလောက် ထပ်ထုတ်ကြတယ်။ နောက်စာအုပ်ထုတ်ဝေသူတွေကလည်း တက္ကသိုလ်ဘုန်းနိုင်နဲ့သွားတူနေတာက သတ်ပုံတွေကို စစ်အစိုးရအလိုကျသတ်ပုံတွေနဲ့သာ ပြင်ထားတာတွေ့ရပါတယ်။ စာအုပ်အဖုံးတောင်မရှိတော့တဲ့ အခုစာအုပ်ဟောင်းကိုသာ ကိုးကားလိုက်ရပါတယ်။

ဖေါ်လံဖား စာရေးဆရာများလက်ထဲက မြန်မာစာလေးရယ် စိုးရိမ်မိတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး