Dandelion ဘယဆေး

၁။ ဆရာ မင်္ဂလာပါ။ သိချင်တာလေးရှိလို့ပါ။ Female ပါ။ အိမ်ထောင်ရှိပါတယ်။ အသက် ၃ဝ ပါ။ B ပိုးရှိပါတယ်။ အသက် ၁၇ နှစ်ထဲကပါ။ ဒီ Dandelion ဆေးသောက်လို့ရပါသလား။ သားသမီးယူဖို့အစီအစဉ်လည်းရှိလို့ ဖြေပေးပါရှင်။

၂။ ဆရာရှင့် သမီးရဲ့ အမေက ၅၈ နှစ်ပါ။ ဗိုက်ထဲမှာ အလုံးစမ်းမိလို့ ခွဲမှ ကင်ဆာမှန်းထဲသိပါတယ်။ အထဲမှာ ပြန့်နေလို့ ပထမတခါခွဲတုန်းက အသားစယူတာရယ် အဆီတစ်ရှူးဖယ်တာပဲ လုပ်နိုင်ပါတယ်။ စုစုပေါင်း ဆေး ၄ ကြိမ်သွင်းပြီးတော့ ဒုတိယတကြိမ် ထပ်ခွဲပါတယ်။ သားအိမ်ရယ် သားအိမ်ခေါင်းရယ် ဘယ်ဘက် သားဥအိမ်ပဲ ထုတ်နိုင်ပါတယ်။ အူကိုထိပြီး ပေါက်သွားလို့ ပြန်ဖာထားရပါတယ်။ ဆရာဝန်က အထဲမှာ မြင်ရတဲ့ အကျိတ်မရှိတော့ဘူးလို့ ပြောပါတယ်။ ညာဖက် သားဥအိမ် တခုကျန်ခဲ့ပါတယ်။ အဲ့လိုကျန်ခဲ့တော့ ပြန်ပွားနိုင်သေးလားလဲ သိချင်ပါတယ်။ ပြီးတော့ ပထမတခါ အသားစအဖြေက ညာဖက်သားဥအိမ်ကယူတာ serous cysterdenocarcinoma ဒုတိယတခါ အသားစအဖြေက ဘယ်ဘက်သားဥအိမ်ကယူတာ Serous cysterdenoma လို့ ရေးထားပါတယ်။ ကင်ဆာမရှိတဲ့ အပိုင်းတွေပဲ ထုတ်နိုင်တာဆိုတော့ ဒုတိယအကြိမ်ခွဲစိတ်မှုက ဘာမှ အကျိုးသက်ရောက်မှုမရှိတာ ရောဖြစ်နိုင်ပါသလားဆရာ။

ဘီပိုးကိုရော ကင်ဆာကိုပါ စနစ်တကျကုသရမယ်။ Dandelion ဆေးက ဘယဆေးဖြစ်တယ်။ ကြော်ငြာဆေးဖြစ်တယ်။ ခုတလော ကနေဒါကလာတဲ့ဆေး ၄၈ နာရီအတွင်း ကင်ဆာဆဲလ်တွေသေမယ်ဆိုတာ သူ့ဆိုက်မှာသာ အဲလိုရေးထားတာ တွေ့ပါတယ်။

Dandelion ဆေးကို နာမည်ကြီး မေရီလန်းတက္ကသိုလ်ကနေသုတေသနလုပ်ထားပါတယ်။ ရုက္ခဗေဒအရ Taraxacum officinale ဖြစ်တယ်။ သူ့ထဲမှာ ဗီတာမင် အေ၊ ဘီ၊ စီ နဲ့ ဒီတွေပါတယ်။ သံဓါတ်၊ ပိုတက်ဆီယမ်ဓါတ်နဲ့ သွပ်ဓါတ်တွေလည်း ပါတယ်။ အရွက်ကို အမွှေးနံ့ သာအဖြစ်စားစရာထဲမှာထည့်နိုင်တယ်။ လက်ဖက်ရည်လိုသောက်ကြတယ်။ အမြစ်ကိုလည်း ကော်ဖီလိုသောက်ကြတယ်။ အပွင့်ကို ဝိုင်လုပ်သောက်ကြတယ်။

အရင်က အမြစ်ကို အသည်းရောဂါတွေအတွက်သုံးခဲ့ပါတယ်။ ဌာနေအမေရိကန်တွေက ရေနဲ့ပြုပ်ပြီး ကျောက်ကပ်ရောဂါ၊ အရေပြားနာ၊ ရင်ပူတာနဲ့ ဗိုက်အောင့်တာတွေအတွက်သုံးခဲ့တယ်။ တရုပ်တိုင်းရင်းဆေးမှာ အစာအိမ်ရောဂါ၊ အူအတက်ရောင်တာ၊ ရင်သားရောဂါ၊ နို့ထွက်နည်းတာတွေအတွက်သုံးတယ်။ ဥရောပမှာ အဖျား၊ အနာ၊ မျက်စိ၊ ဆီးချိုနဲ့ ဝမ်းလျှောတာအတွက်သုံးကြတယ်။

အခုထိတော့ Quality scientific studies အရည်အသွေးမီဆေးသုတေသနမရှိသေးပါ။ ကနေ့ကာလ အများဆုံး သုံးနေကြတာကတော့ အမြစ်ကို အစာစားချင်စိတ်တိုးအောင်၊ အသည်းနဲ့ သည်းခြေရောဂါတွေအတွက် ဖြစ်ပါတယ်။ အရွက်ကို ဆီးရွှင်အောင်နဲ့ ကိုယ်ရောင်တာအတွက်သုံးတယ်။

သုတေသနလုပ်နိုင်တာက တိရစ္ဆာန်တွေသာဖြစ်ပြီး လူတွေကိုမလုပ်နိုင်ပါ။ ဆီးများများသွားစေလို့ ကိုယ်ရောင်တာနဲ့ သွေးတိုးအတွက်အကျိုးရှိပါမယ်။ အဲတာလည်း ဆေးသုတေသနစနစ်တကျမလုပ်နိုင်သေးပါ။ အမြစ်ကဝမ်းပိုသွားစေမယ်။ အစာချက်ကောင်းစေနိုင်တယ်။ အသည်းလုပ်ငန်းတွေနဲ့ သည်းခြေလုပ်ငန်းတွေကောင်းစေနိုင်တယ်။ အဲဒီအင်္ဂါတွေရဲ့ရောဂါတွေကို ကုလို့ ရ မရ ခိုင်မာတဲ့ဆေးသုတေသနမရှိပါ။ ကြွက်တွေကိုစမ်းတော့ သွေးထဲက သကြားဓါတ်ကိုထိန်းနိုင်တယ်။ ဆိုးတဲ့ကိုလက်စထောကျစေတယ်။ ကောင်းတဲ့ကိုလက်စထောများစေတယ်။ ရောင်ရမ်းဖြစ်စဉ်ကိုအားပေးတယ်။

Dandelion ဆေးက ယေဘုယျ စိတ်ချနိုင်တယ်လို့ပြောပါတယ်။ မတည့်သူတွေတော့ အလာဂျီဖြစ်တယ်။ တချို့မှာ ပါးစပ်နာပေါက်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး