The exiles တက္ကသီလာ ပြည်ပမှာ

(မနှစ်က ဒီရက်မှာရေးခဲ့တာ)

၁။ ဆရာရေ ၈၈ မှာတောခိုလာတဲ့လူတွေအများစုက နိုင်ငံပြင်ပကိုရောက်လာရင် ဘာဖြစ်လို့ သဘောထားတွေ ပြောင်းကုန်တာလဲမသိဘူးဆရာ။ တကယ်ဆိုရင် သူတို့လဲအာဏာရှင်ကိုဖြုတ်ချဖို့က လိုရင်းဆိုရင် သူတို့တွေလုပ်ခဲ့တဲ့ တော်လှန်ရေးနဲ့ လက်ရှိလုပ်နေတဲ့ စိတ်ခံစားမှုကဘာဆိုလိုလဲဆိုတာ နားမလည်နိုင်အောင်ပဲဆရာရေ။

၂။ ကျွန်တော့်အမြင်ကတော့ ဟီးရိုးလုပ်ချင်တာ၊ အများနဲ့မတူပဲဆန့်ကျင်ခဲ့ရင် ထင်ပေါ်မယ်ထင်တာလို့ပဲ မြင်ပါတယ်ဆရာ။

အတော်မေးသင့်တဲ့ မေးခွန်းပါ။ မေးတဲ့သူကိုယ်တိုင်က ကိုယ်ပိုင်လေ့လာမှုသဘောလုပ်ပြီးမှ ကောက်ချက်ထွက်လာမျိုး။ ကာလအပိုင်းအခြား အနည်းဆုံးနှစ်ခုကို ကြည့်ရတာမျိုး။ စာတမ်းလိုမရေးချင်ပါ။ လူနာမည် အသင်းအပင်း နာမည်တွေ မတပ်လိုပါ။

ကျွန်တော်တို့က ဝါအရပြောရင် အကြီးဆုံးမဟုတ်ပါ။ ကျောင်းသားတွေနောက်မှရောက်တဲ့ (နောက်ရောက်တဲ့သူ နောက်ကတန်းစီရတဲ့ခေတ်က) ၁၉၉ဝ အုပ်စုကဖြစ်ပါတယ်။ ဒိနောက်မှ ရောက်လာတဲ့အုပ်စုတွေလည်း ရှိသေးတယ်။ ၁၉၉၆ အုပ်စု၊ ၂ဝဝ၇ အုပ်စု၊ စသဖြင့်။ နောက်ဆုံးမှာ နိုင်ငံရေးနဲ့ လားလားမှမဆိုင်ဘဲရောက်လာသူတွေကနေ ပြည်ပကို ကြီးစိုးလာတယ်။ ဒီမိုကရေစီအရေးဓါတ်ပုံထဲမှာတော့ ရှေ့ဆုံးတန်းကနေကြတယ်။ သူတို့ကိုးကွယ်တဲ့ ဘာသာရေး ခေါင်းစဉ်အောက်ရောက်ရင် နိုင်ငံရေးကိုခါးခါးသီးသီးရန်တွေ့ပြီး၊ နိုင်ငံရေးမှာနေရာပေးရင် ထိပ်ဆုံးကရချင်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရတယ်။

နိုင်ငံရေးအုပ်စုထဲမှာကလည်းအမျိုးမျိုး။ အခြေခံအသက်မွေးမှုမတူတာ၊ ပညာရေးနဲ့ လေ့လာမှု မတူတာ၊ ရည်ရွယ်ရင်း မတူတာ၊ အဲတော့ အခြေအနေကို သုံးသပ်မှုမတူတာတွေရှိပါတယ်။ ဟီးရိုးလုပ်ချင်သူဆိုတာ တကယ်ပါတယ်။ အာဏာရှင်ကို အော်ကြီးဟစ်ကျယ် ဆန့်ကျင်ပြတဲ့သူတချို့ အာဏာရှင်ကအရေးမလုပ်တော့ ဘေးကလူတွေကို လိုက်တုတ်တယ်။

ငယ်ရွယ်သူတွေ (ကျောင်းသားအုပ်စု) ထဲမှာ အတွေ့အကြုံများလာတော့ တိုးတက်လာသိမြင်လာကြသူတွေရှိတယ်။ ချီးကျူးတယ်။ အဲ့ မငယ်သူတွေထဲမှာ ကြီးမိုက်ဆိုတာ တကယ်ရှိတယ်။ ဗီဇ (ဥာဉ်) ကို မပြင်နိုင်ကြပါ။ နှုတ်အာ ကြမ်းတဲ့သူတွေက အသက် ဘယ်လောက်ရရ ကြမ်းနေကြတာပဲ။ တချို့ကလည်း နေရာတကာမှာ ဗိုလ်သာ လုပ်ချင်ကြတယ်။ တတိယနိုင်ငံ သွားရေးအတွက် ပြည်ပထွက်လာကြသူတွေကိုဆွဲစားပြီး ဆရာကြီးလုပ်တယ်။ အစာခံရသူတွေကလည်း ပျော်လို့။ အဲဒီကာလမှာ ကျွန်တော့်ဘဝက ကျနေပြီ။ နိုင်ငံတကာကလည်း အကူအညီမပေးတော့။ ဇာတ်သိမ်းမလှတဲ့ (ကျွန်တော့်) ပြည်ပနိုင်ငံရေး။

ထောင်ကျသူတွေထဲမှာ ထောင်ချခံရတာကို ဆုတံဆိပ်လိုသဘောထားကြသူတွေရှိတယ်။ ပြည်ပထွက်ကြသူတွေထဲမှာ တချို့က သူတို့ကိုယ်သူတို့ တက္ကသီလာမှာ အဋ္ဌာရသပညာတွေ သင်ပြီးပြန်လာသလို အထင်ရောက်ကြတယ်။ အကုန်လုံးမဟုတ်တော့ တလှေလုံး မပုပ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၅
၂၇-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး