Eggs ကြက်ဥ အစရှာခြင်း


လူတွေဟာ ဟိုရှေးရှေးကတည်းက ဥမျိုးစုံကို စားသုံးခဲ့ကြတယ်။ Chicken ကြက်ဥ၊ Duck ဘဲဥ၊ Goose ငန်းဥ၊ Quail ငုံးဥ၊ Roe ငါးဥ၊ နဲ့ Caviar ငါးကြီးဥ၊ Ostriches ငှက်ကုလားအုတ်ဥ အစုံပေါ့။ အာဖရိကားမှာတော့ Pheasant eggs ရစ်ဥ၊ Guineafowl eggs ရစ်တမျိုးဥ၊ သြစတြေးလျမှာ Emu eggs အီမျူးဥတွေကို စားကြတယ်။ Gull eggs စင်ရော်ဥကို နော်ဝေနဲ့ အင်္ဂလန်မှာ Delicacy ရသာမွန်လို့ ပြောပြီး လူကြိုက်များတယ်။

ကြက်ဥရဲ့အရောင်ဆိုတာ အကောင်အမျိုးအစားအပေါ် မူတည်တယ်။ ကြက်နားသီးဖြူရင် ဥကဖြူတယ်။ နီရင် ညိုမယ်။ အရောင်နဲ့ အာဟာရတန်ဘိုးက ဆက်စပ်မှု သိပ်မရှိပါ။ အဝါနှစ်ဟာ လတ်ဆတ်နေချိန်မှာ သေးသေးမာမာနဲ့ ဝိုင်းနေတယ်။ ကြာရင် အဖြူထဲကရေကို စုပ်ယူလို့ ကြီးလာ၊ ကျဲလာ၊ ကျယ်လာမယ်။ ကြက်စားတဲ့ အစာအပေါ်မူတည်ပြီး အနှစ်ရောင်က ပြောင်းသေးတယ်။

ကြက်ဥကို အခန်းတွင်းအပူချိန်မှာရှိစေအောင်ထားပြီးမှ ပြုပ်သင့်တယ်။ အိုးအဖုံးကို ဖုံးမထားပဲ ပြုပ်တာကောင်းတယ်။ တောင်ပေါ်လို အမြင့်မှာဆိုရင် အချိန်ပိုကြာတယ်။ လေဖိအားနည်းလို့ ရေငွေ့ပျံလွယ်လို့ဖြစ်တယ်။ မီတာ ၁ဝဝ ပိုမြင့်ရင် ၃ စက္ကန့်၊ မီတာ ၁ဝဝဝ ပိုမြင့်ရင် ၂၈ စက္ကန့် ပိုကြာတယ်။ 62.2 - 65°C အထိ အပူပေးလိုက်ရင် အဖြူကခဲလာမယ်။ အဝါကတော့ နည်းနည်းပိုပူမှ 65 - 70°C မှ ခဲမယ်။ အပူပေးတာများရင် အရသာတော့မပျက်ပါ။ ပရိုတင်းကိုတော့ နဲနဲထိခိုက်စေတယ်။ အပူများသွားရင် အဝါနှစ်ဘေးမှာ ခပ်စိမ်စိမ်းအလွှာ ပေါ်လာတယ်။ သံဓါတ်နဲ့ ဆာလ်ဖါဓါတ်ကြောင့် ဖြစ်ရတယ်။ ပြုပ်တဲ့ ရေထဲမှာ သံဓါတ်များနေရင်လဲ အဲလိုဖြစ်ပါတယ်။ ကျက်ပြီးမှ ရေအေးထဲနှစ်ထားလိုက်ရင် အစိမ်းလွှာ ပျောက်တယ်။

ဥတွေကို ကိုင်တွယ်ထိန်းသိမ်းတာ အရေးကြီးတယ်။ စနစ်တကျ မရှိရင် သူ့ထဲမှာ ပါနေတဲ့ Salmonella ဗက်တီးရီးယားပိုး ကြောင့် Food poisoning အစာဆိပ်သင့်တာ ဆိုးဆိုးဝါးဝါး ဖြစ်စေနိုင်တယ်။ အလွယ်ဆုံးနည်းက ဆားသုံးတဲ့နည်းပါ။ တရုပ်တွေက ဆားနဲ့ ရွံ့နဲ့ မံကြတယ်။ ဆားနဲ့ တလထားရင် အဝါနှစ်က ဆားပြည့်ဝသွားပြီး၊ လိမ်မော်ရောင် ဖြစ်လာမယ်၊ အဖြူရည်က ဒီအတိုင်း ကျန်နေမယ်။ ဒါကို ပြုပ်ပြီး Rice congee ဆန်ပြုပ်နဲ့ စားသုံးလေ့ရှိကြတယ်။ ကြက်ဥကို ကြက်မကနေအုပြီးနောက် ၁-၂ ပါတ်မှာစားသုံးတာအသင့်ဆုံးဖြစ်တယ်။

နောက်တနည်း ဥကိုပြုပ်၊ ဗနီဂါရည်၊ ဆားနဲ့ ချင်းထဲစိမ်ပြီး Pickled eggs ကြက်ဥအချဉ်လုပ်ကြတယ်။ တချို့ Beetroot juice မုံလာဥနီအရည်မှာစိမ်ထားပြီး အရောင်လှအောင်လုပ်တယ်။ အချဉ်ဓါတ်က ဗက်တီးရီးယားပွါးမှာကို တားဆီးနိုင်တယ်။ ဒီလိုလုပ်ထားတဲ့ ဥတွေက ရေခဲသေတ္တာမရှိဘဲ နှစ်နဲ့ချည်ပြီး အကြာကြီးထားလို့ခံတယ်။

ဥကို ဆား၊ ပြာ၊ ရွံ့၊ သံပရာ-ရှောက်ရည် လိမ်းပြီးထားရင် နှစ်တရာခံသတဲ့။ ကောက်ရိုးနဲ့ထားရင် လနဲ့ချည်ပြီး ထားနိုင်သတဲ့။ ကြာကြာထားတဲ့ဥက အဝါနှစ်ဟာ စိမ်းပုတ်ရောင်ဖြစ်လာစေတယ်။ ဆာလ်ဖါနဲ့ အမိုးနီးယားကြောင့် အနံ့တမျိုးလည်းရစေတယ်။ အဖြူနှစ်ကလည်း ညိုမဲလာမယ်။ Transparent jelly ဂျယ်လီဖြစ်လာတယ်။

ကြက်ဥရဲ့ထိပ်အကြီးပိုင်းမှာ Air cell လေခိုနေတယ်။ လေနည်းရင် ကြက်ဥက လတ်ဆတ်တယ်။ လေများတာ မကောင်းပါ။ စကားသိပ်မပြောနဲ့။ ရေထဲလိုက်ထည့်ရင်ပေါ်နေလေလေ ကြက်ဥကဟောင်းလေလေဘဲ။ ကြက်ဥကို ထားရင် အချွန်ပိုင်းက အောက်ကထားရတယ်။ အဝါနှစ်က လေရှိတာနဲ့ ဝေးအောင်လို့။

ကြက်ဥမှာ (ပရိုတင်း)၊ ဗီတာမင် (A, B2, B6, B9, B12, D, E) နဲ့ ဓါတ်ဆား သံဓါတ်၊ (ကိုလိင်း)၊ (ကယ်လ်စီယမ်)၊ (ဖေါ့စဖိတ်)၊ (ပိုတက်ဆီယမ်) တွေပါတယ်။ Choline ဆိုတာက ဦးနှောက်အတွက် ကောင်းတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် လိုအပ်တယ်။ ကြက်ဥခပ်ကြီးကြီးတလုံးရဲ့ အဝါက ကယ်လိုရီ ၆ဝ၊ အဖြူက ၁၅ ရတယ်။ ကိုလက်စထော ၃ဝဝ mg နဲ့ ဆီ ၅ gm ပါတယ်။ ၂၇% က LDL Cholesterol ဖြစ်တယ်။ အဖြူမှာ ရေ ၈၇% နဲ့ ပရိုတင်း ၁၃% ပါပြီး၊ အဆီ နည်းနည်းသာ ပါတယ်။ ကြက်ဥနဲ့ ဆီးချို (၂) အမျိုးအစားရှိသူ မသင့်ဘူး။ ကြက်ဥစားရင် ကလေးငယ်လေးတွေ အပါအဝင် တချို့မှာ အလာဂျီရတယ်။ အဖြူကိုမတည့်တာ များတယ်။ တချို့က မတည့်တာ မဟုတ်ပဲ မခံနိုင်တာဖြစ်တတ်တယ်။ ကြက်ဥကို ချက်ပြုပ်လိုက်ရင် အဝါနှစ်ထဲက ကိုလက်စထောကို Oxidization များစေလို့ Atherosclerosis သွေးကြောကျဉ်းတာကို ပိုဖြစ်စေနိုင်တယ်။ အင်္ဂလန်မှာ နှလုံးရောဂါရှိသူတွေ တပါတ်ကို ကြက်ဥ ၄ လုံးထက်ပို အစားမခိုင်းဘူး။ WHO ကတော့ ၁ဝ လုံးအထိ စားနိုင်တယ်ပြောတယ်။ ၁ဝ လုံးဆိုတာ ကြက်ဥနဲ့လုပ်တဲ့ တခြား အစားအစာတွေကိုပါ ထည့်တွက်ရမယ်။

ကြက်ဥကို ပြုပ်-ကျော်-ချက်တာက အစာခြေဘို့ ပိုလွယ်စေပြီး Salmonellosis အစာဆိပ်သင်တာလဲ မဖြစ်စေဘူး။ အစိမ်းက အစာကျေခဲတယ်။ ကလေး ၉ လသားဆိုရင် အဝါနှစ်ကို အစာခြေနိုင်ပြီ။ နလံထသူတွေပါ စားသင့်တယ်။ အူမကြီး သိပ်မကောင်းသူတွေလဲ စားနိုင်တယ်။ ပိန်ချင်သူတွေ ကာဗွန်ဟိုက်ဒရိတ်နည်းလို့ ကြက်ဥ စားနိုင်တယ်။

လူအများသုံး ကြက်ဥတွေကို Unfertilized မျိုးမစပ်ရသေးတဲ့ဥ ခေါ်ပြီး၊ အိမ်မွေးဥကို Fertile eggs မျိုးပေါက်နိုင်တဲ့ဥလို့ ခေါ်တယ်။ အဟာရဓါတ်က နဲနဲသာကွာတာပါ။ ဒါပေမဲ့ Pastured egg အိမ်မွေးကြက်ဥဟာ ဆူပါမားကက်တွေမှာ ရောင်းနေတဲ့ စက်ရုံထုတ် ကြက်ဥတွေထက် ကောင်းတဲ့အကြောင်း ကင့်ပိန်းလုပ်ကြတယ်။ Cholesterol ၃ ပုံ ၁ ပုံ၊ Saturated fat ၄ ပုံ ၁ ပုံနည်းတယ်။ ဗီတာမင် ဒီ ၄-၆ ဆ၊ Vitamin A ၃ ပုံ ၂ ပုံ၊ Omega-3 fatty acids ၂ ဆ၊ Vitamin E ၃ ဆ၊ Beta carotene ၇ ဆ ပိုများတယ်။ သူတို့နှိုင်းတဲ့ကိန်းဂဏန်းတွေက USDA နဲ့ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ မမှားပါနဲ့။ အမေရိကန်စိုက်ပျိုးရေးဌာနကို ပြောတာပါ။

ကြက်မတွေကို Polyunsaturated fats and kelp meal အစာတွေကြွေးပြီး နာမည်ကြီး Omega 3 ပါတဲ့ ကြက်ဥတွေ ဆိုင်တင်ရောင်းနေကြပြီ။ အင်္ဂလန်မှာ ကြက်ဥရောင်းရင် Egg Code ပါတော့ အင်တာနက်ကနေ Tracker ဆိုတာရှာရင် ဒီကြက်ဥဟာ ဘယ်လောက်ဝေးတဲ့ ကမ္ဘာ့ဘယ်နေရာကနေ လာသလဲဆိုတာ တန်းသိစေနိုင်တယ်။ မြန်မာပြည်က စစ်အစိုးရကတော့ နာဂစ်မုန်တိုင်းမှာ ကွဲသွားတဲ့ ကြက်ဥအရေအတွက် အတိအကျကို သတင်းစာမှာရေးတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး