ခေတ်ရမ်းစာနဲ့ ကဗျာ

ငယ်ကတည်းက ကဗျာသင်ရတယ်။ ရှာလည်းဖတ်တယ်။ စပ်ဘို့လည်းကြိုးစားတယ်။ မဖြစ်မြောက်။ မျက်စိအောက်မှာ ကာရံမလိုခေတ်ဖြစ်တယ်။ မျက်စိရှေ့မှာ သတ်ပုံမလိုပါ အိုင်ဒီယာလို့ ဆိုလာတယ်။

ဓမ္မာစရိ ဦးထွန်းရွှေသို့ သခင်ကိုယ်တော်မှိုင်း၏ သဝဏ်လွှာ

့
ထိုမှတပါးလည်း တရားကို နတ်စောင့်သည်၊ မှန်ကင်းတလှဲ့ ထင်းတလှဲ့၊ ရေစီးတခါ ရေသာတလှဲ့တည်းဟူသော ပေါရာဏစကားပုံနှင့်အညီ အနှီကဲ့သို့သော တို့ဗမာပလ္လင်မှ တို့ဗမာသခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်အပေါင်း သူတော်ကောင်းတို့၏ ဘုန်းတန်ခိုးတေဇော် အာနုဘော်လက်နက်တို့ဖြင့် ဖက်ဆစ်တည်းဟူသော အင်္ဂလိပ်တရန်နှင့် ဂျပန်တို့၏ အစွန်းရန်ကို တွန်းလှန်ဖြိုဖျက်ပြီး၊ တထီးတနန်း တခမ်းတနား ဖြစ်ပေါ်လာသည့် မဟာသမယ ခေတ်ကြီးအတွင်း၊ ယင်းသို့သော နန္ဒမာလိနီ ခေါ် အဟော်ဝတ ပြောပဖွယ်ရာ ကဗျာစွယ်စုံကျမ်းတစောင် ပြောင်မြောက်လှစွာ ပေါ်ထွက်လာရာ အဆိုပါစာအုပ်ကို ကျွန်ုပ်တို့ ဖတ်ရှုလျက် သတ္တုချလိုက်ရာ အဆိုပါ ကဗျာဗန္ဓသာရကျမ်း၊ ကဗျာသာရတ္ထသဂြိုဟ်ကျမ်းတို့မှာပင် မပါမရှိသေးသော ရှေးရိုးမြန်မာများ ရေးသားစီကုံးနည်း များစွာကို တွေ့ရှိရသဖြင့် ယခင့်အခါရှိဟောင်း အစိုးရအထောက်အပံ့ခံ ကျောင်းအထောက်အပံ့မခံသော ကျောင်းတို့တွင် ၎င်းနန္ဒမာလိနီ သညီပျံ့လွှမ်း ကဗျာစွယ်စုံကျမ်းကို သင်တမ်းတခု ပြုလုပ်ကာ မြန်မာတိုင်းသူ လူထုအကျိုးကို သည်ပိုး ရွက်ဆောင်၍ အောင်မြင်ထမြောက်ကြပါစေသတည်း။

သခင်ကိုယ်တော်မှိုင်း
(၃၁-၁-၁၉၅၅)

ကျွန်တော့်မှတ်ချက်
ထိုမှတစ်ပါးလည်း မဟုတ်။
မှန်ကင်းတစ်လှဲ့ ထင်းတစ်လှဲ့ မဟုတ်။
ရေစီးတစ်ခါ ရေသာတစ်လှဲ့ မဟုတ်။
အင်္ဂလိပ်တစ်ရန်နှင့် မဟုတ်။
တစ်ထီးတစ်နန်း တခမ်းတနား မဟုတ်။
ကဗျာစွယ်စုံကျမ်းတစ်စောင် မဟုတ်။
သင်တမ်းတစ်ခု မဟုတ်။

သတ်ပုံမလိုတဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အယ်ဒီတာတွေ၊ မြန်မစာဆရာတွေက သခင်ကိုယ်တော်မှိုင်းထက် တော်ကြတယ်လို့ အခုထိမထင်သေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး