Lost and Found မြန်မာစာလုံးမှားများ ကောက်ရထား

ဆရာမောင်သာနိုးရေးထားတဲ့ စာတပုဒ်ကို စောစောက ကိုးကားခဲ့ပါတယ်။ မိန်းမပျိုကလေးရဲ့ကိုယ်လုံးလေးကို ရာဂုမ္မတ္တကြီးတဦးက ပွေ့ချီသွားတာကို မြင်လိုက်ရတော့တယ်။ တစ်ဦးကို တဦးလို့ပြင်လိုပါကြောင်း ကန်တော့ပါဆရာလို့ ရေးခဲ့တယ်။ ပို့စ်တင်ပြီးမှ ဆရာမောင်သာနိုးစာမူရင်းကို တွေ့ပါတယ်။ တဦးလို့သာရေးထားတာကို ပေ့ခ်ျတင်သူကသာ တစ်ဦးလုပ်ထားတာဖြစ်နေတယ်။ ဆရာမောင်သာနိုးရေးတဲ့ မြန်မာစာ ဆင်းရဲကြပုံများထဲကနေ ထုတ်နှုတ်တင်ပြပါရစေ။

၁။ နန်းတော်ရှေ့ဆရာတင်ရဲ့ လက်ရေတပြင်တည်းကို လက်ရေတပြင်စီးရယ်လို့ လုပ်တယ်။ လက်ရည်တပြင်တည်းဆိုတာ တစိတ်တည်း တ၀မ်းတည်းလို့ ဆိုလိုတာဖြစ်တယ်။

၂။ မင်းဂံဘုတ်သီချင်းထဲမှာ ရှန်တဘက်မဟုတ်ပါ။ ရှာတဘက်ပါ။ အဲဒီခေတ်ကို ကောင်းကောင်းမီလိုက်သူ လူထု ဒေါ်အမာက ရှင်းပြပေမယ့် ခုထက်ထိ ဒီသီချင်းဆိုသူတိုင်းက ရှန်တဘက်နေတုန်းပဲ။

၃။ မြို့မငြိမ်းရဲ့ ပျို့မှာတမ်းသီချင်း မောင့်အပူပွေသူ ကို မောင့်အပေါ် ဗွေမယူပေါင်ရှင်လို့ မှားဆိုတယ်။

၎။ ဆရာငြိမ်းရဲ့ မပြီးသေးသော ပန်းချီကားသီချင်းမှာ ချစ်သူဟာလဲ မလှမ်းမကမ်းမှာ ရောက်နှင့်တဲ့ကာမြင်ကို မလှမ်းမကမ်းမှာ ရောက်နှင့်ခဲ့တာမြင်လို့ မှားဆိုတယ်။

၅။ သွေးကာချီ ဖူးပွင့်ငုံဝေစီလို့ လှလှပပလေး ဖွဲ့နွဲ့ထားပါတယ်။ ဒါကို ခေတ်ပြန်ဆိုသူက ပွေ့ကာချီ ပွေ့ကာချီ ဖူးပွင့်ငုံဝေစီ လုပ်ပစ်လိုက်တော့ ပျက်ရော။

၆။ သက်ရှိ ခေတ်ဟောင်းတေးရေးဆရာတဦးကတော့ ရုပ်မြင်သံကြားတွေ့ဆုံခန်းမှာ သူ့ရေးရင်းက ရှမ်းမလေးတွေ အချောရယ် ပေါတယ်လို့ ရေးတာ။ ဒါကို ရှမ်းမလေးတွေ ချောတယ် ပေါတယ်လုပ်ပစ်လိုက်တော့ သွားရောတဲ့။

၇။ လျှပ်ပန်းခွေနွဲ့ကို သီဆိုသွားသူတဦးက ဘ၀ဂ်စောင်းအောင်ကို ဘ၀ဂ်ဆောင်းအောင်လို့ ဆိုသွားတဲ့အကြောင်းပါ။ စသံ နဲ့ ဆသံကို မပီဘဲ ပြောကြဆိုကြတာ ရန်ကုန်မှာ ခေတ်စားနေပေမယ့် သီချင်းဆိုရာမှာ ပရိသတ်ရှေ့မှာတော့ ပီအောင် ကြိုးစားဖို့ ကောင်းတယ်။

၈။ ရုပ်မြင်သံကြားကြော်ငြာတခုမှာ ဝေဒနာကို ဝေသနာလို့ ပြောသွားတာ။ စောင်းတန်းကို ဇောင်းတန်းလို့ ဖတ်သွားတာကို (အမှန်က စောင်းဒန်း) လဲ ကြားလိုက်ရသေး။ မြန်မာပြည်တ၀န်း နာမည်ဆန်းတဲ့။ ဖြစ်သင့်တာက မြန်မာပြည်တ၀န်း နံမည်ဆန်း။ စာအတိုင်း ဖတ်နေစရာ မလိုပါဘူး။ ရေးတာက အမှန်၊ ဖတ်တာက အသံဆိုထားတာပဲ။ နံမည်လို့ဖတ်မှ မြန်မာပြည်နဲ့ ကာရန်ညီမှာပေါ့။

၉။ ကြော်ငြာတခုကတော့ လိပ်ခေါင်းရောဂါရှိလိုက်တာတဲ့။ ဘယ်မြန်မာလူမျိုးကမှ အဲဒီလို မအော်ဘူး။ အမလေး မြန်မာစကား မပြောတတ်လိုက်တာ၊ ကယ်ပါဦးလို့ပဲ ပြန်အော်ဖို့ ကောင်းတယ်။ ကျင်းပလိမ့်မှာ ဖြစ်ကြောင်း၊ သွားရောက်လိမ့်မှာဖြစ်ကြောင်းတဲ့။ မြန်မာစကားမှာ လိမ့် နဲ့ မှာ တွဲသုံးတာ ရှိကို မရှိဘူး။ ဒီလူတွေ ဒီအသုံးအနှုန်းကို ဘယ်ကများ ကောက်ရထားပါလိမ့်လို့သာ အံ့သြမိရတော့တယ်။

၁ဝ။ နိုင်ငံကျော် သင်္ကြန်သီချင်းတပုဒ်မှာ မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ်ရယ်လို့ ဖြစ်ပါတယ်။ ကိုအံ့ကြီး သီဆိုအသံသွင်းထားရမှာလည်း အဲဒီအတိုင်းပဲ ကြားနိုင်ပါတယ်။ ဒါကို နောက်ပါက်အဆိုတော်တဦးက မြလေးလေးနန္ဒာ ရေညိုညို ရစ်ကာသန်းတော့ရယ်လို့ ဖျက်ဆီးပစ်လိုက်တယ်။ ရစ်ကာသန်းတဲ့ကို ရစ်ကာသန်းတော့လုပ်လိုက်တာကတော့ မြန်မာစကားကို မတတ်တာပါပဲ။ ရှေးအတိတ်တဘောင်က အသက်ကလေးရယ်တဲ့ ရှည်စေလို၊ မြနန္ဒာရေညိုသန်းတဲ့ (တယ်) မန်းတောင်ရိပ်ခိုရယ်လို့ ရှိတယ်။ ဒါကို သီချင်းထဲမှာ သုံးထားတာပဲဖြစ်တယ်။ ရေညိုသန်းတော့ မန်းတောင်ရိပ်ခို ဆိုတော့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ ရေညိုသန်းသောအခါ မန်းတောင်ရိပ်ခိုဆိုတာ စကားအဆက်အစပ်ကိုမရှိတော့ဘူး။

မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ့့် https://www.youtube.com/watch?v=J7Q8xqRrMJc

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ