Quest for Leaders ခေါင်းဆောင်အရည်အသွေး

မနှစ်က ဒီအချိန်မှာ ဝန်ကြီးချုပ်စာရင်းတွေကို ကြည့်ပြောနေကြတယ်။ မြန်မာပြည်မှာ လွတ်လပ်ရေးရကတည်းက ဝန်ကြီးချုပ်ဟာ အစိုးရအဖွဲ့ အကြီးအကဲဖြစ်တယ်။ စစ်တပ်အသွင်ပြောင်း (မဆလ) ပါတီက သူတို့အလိုကျ ရေးထားတဲ့ဖွဲ့စည်းပုံမှာ အစိုးရအဖွဲ့ ခေါင်းဆောင်ကို သမ္မတလုပ်လိုက်တယ်။ ပါတီဥက္ကဋ္ဌကြီးက အရာရာအထက်မှာ နေသွားတယ်။

နောက်ထပ် စစ်တပ်အသွင်ပြောင်း ပြည်ခိုင်ဖြိုးကတော့ သူတို့အလိုကျရေးထားတဲ့ဖွဲ့စည်းပုံမှာ သမ္မတကို ဗဟိုအစိုးရအဖွဲ့ အကြီးအကဲလုပ်လိုက်ပြီး၊ ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့ခေါင်းဆောင်တွေကိုတော့ ဝန်ကြီးချုပ်လုပ်စေခဲ့တယ်။

အိန္ဒိယနိုင်ငံမှာတော့ အဲလို ပြည်နယ်ဝန်ကြီးချုပ်တွေကို Chief Minister လို့ခေါ်တယ်။ အိန္ဒိယမှာပဲ ပြည်နယ်တိုင်းမှာ သမ္မတကို အာမခံရတဲ့ Governor (ဂါဗာနာ) ထားတယ်။ (ဂါဗာနာ) ကို အမေရိကားမှာလို ပြည်နယ်အုပ်ချုပ်ရေးမှူးလို့ ဘာသာပြန်ရင် မမှန်ပါ။ သူတို့ဆီမှာ Chief Minister တွေကို သမတကနေခန့်တာ မဟုတ်ပါ။ ပြည်နယ်သားတွေကနေ မဲပေးရွေးတယ်။

မြန်မာပြည်မှာ တချို့ပြည်နယ်တွေက အဲလိုဖြစ်ချင်ကြတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ လုပ်မဖြစ်ပါ။ ဖွဲ့စည်းပုံအရ လုပ်မရတာမျိုးကို အော်ကြီးဟစ်ကျယ်တောင်းပြီး လူစွမ်းကောင်းလုပ်တဲ့အသံတွေကြားလာရတယ်။ ဖွဲ့စည်းပုံကိုသာ ရအောင်ပြင်ရမယ်။ NLD ကို ရန်လုပ်နေလို့ ဘယ်လိုမှမဖြစ်ပါ။ ရွေးကောက်ပွဲမတိုင်မီက သဘောတူညီမှု ရယူထားတာ ရှိခဲ့ရင်တော့ ဖြစ်နိုင်သေးတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပါတီတိုင်းက ကိုယ့်ပါတီ နေရာများများ ရရေးကိုသာမဲကြရတယ်။ အဲတာ မှန်ကန်တဲ့ မဟာဗျူဟာအဆုံးအဖြတ်ဖြစ်တယ်။ အဲလိုမလုပ်ရင် ဒီမိုကရေစီဖက်က သမ္မတဖြစ်လာမှာမဟုတ်ပါ။

၂ဝ၁၅ အလွန်ကို ကြိုတင်ခန့်မှန်းခဲ့တာတွေမှာ မပါခဲ့တာမျိုး တွေ့တွေ့လာနေရတယ်။ အကျယ်မြင်တဲ့၊ အရှည်တွေးတဲ့ ခေါင်းဆောင်တွေ နေရာတိုင်းမှာ ပိုပြီးလိုအပ်လာတယ်လို့ ကနေ့အနေအထားကနေ တောင်းဆိုနေပါကြောင်း။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ