Thumbs-up လက်မထောင်ခြင်း

၂ဝ၁၄ ခုနှစ် မေလထဲမှာ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှာမှုကြီး ဆောင်ရွက်ခဲ့ကြစဉ်က လက်မထောင်တွေ အများကြီးရပါစေလို့ ဆုတောင်းပြီး ဒီစာကိုရေးခဲ့တာပါ။

လက်နှစ်ချောင်းထောင်ပြတာဟာ V sign ဗွီ-ဆိုင်း နဲ့ Peace sign ပိစ်-ဆိုင်းတခုခုဖြစ်မယ်။ လက်ညှိုးနဲ့ လက်ခလယ်ကို ထောင်ပြပြီး၊ ကားထားတာပါ။ ကျန်လက်ချောင်းတွေကို ကွေးထားရတယ်။ အောင်မြင်မှုသင်္ကေတလို့ ခပ်လွယ်လွယ် မှတ်ယူတယ်။ ဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိပါတယ်။ အတည်ပြုတယ်၊ လက်ခံတယ်၊ အပေါင်းလက္ခဏာဆောင်တယ်။ လက်မအောက်စိုက်ရင် အတည်မပြုဘူး။

ဒုတိယကမ္ဘာစစ်မှာ အမေရိကန်လေသူရဲတွေကနေ လက်မထောင်ပြရင် လေယာဉ်ထွက်ဘို့ အဆင်သင့်လို့ပြောချင်တာ ဖြစ်တယ်။ ဒါပေမဲ့ အာဖကန်နစ်စတန်နဲ့ အီရန်မှာတော့ လက်မထောင်ပြခြင်းဟာ စော်ကားမှုတခုဖြစ်တယ်။ ငါ့ဟာပေါ် လာထိုင်လို့ ပြောချင်တာတဲ့။ (ကန်တော့ပါ)

V ကို Victory အောင်မြင်မှုလို့စသုံးခဲ့တာက ဒုတိယကမ္ဘာစစ်ပွဲကြီးကို နိုင်အောင်တိုက်နိုင်တဲ့ မဟာမိတ် အဖွဲ့တွေက ဖြစ်ပါတယ်။ ဗြိတိသျှဝန်ကြီးချုပ် ချာချီကနေ ၁၉၄၃ မှာ အဲလိုထောင်ပြခဲ့လို့ နာမည်ပိုကြီးခဲ့ပါတယ်။ အမေရိကန်သမတ ရစ်ချတ်နစ်ဆင်ကလဲ ဗီယက်နမ်စစ်ပွဲအတွင်းမှာတုံးက သုံးခဲ့သလို သူသမတအဖြစ်ကနေ ၁၉၇၄ မှာ ထွက်ရတော့လဲ အဲလိုပဲထောင်ပြခဲ့တယ်။ အမှန်ကတော့ ၁၉၄၁ မှာ ဘယ်လဂျီယန် နိုင်ငံရေးသမား ဗစ်တာ ဒီ လာဗယ်လေကနေ စည်းလုံးခြင်းသဘောအနေနဲ့ စခဲ့တာပါ။ ၁၉၆ဝ ကျော်ကစပြီး V sign ကို Symbol of Peace ငြိမ်ချမ်းရေးသင်္ကေတအဖြစ် သုံးလာပါတယ်။

လက်ဝါးဖက်က သူများဖက်ကို လှည့်ထားရပါမယ်။ အဆိုတော်ကနေ ပရိတ်သတ်ဖက်ကို လက်ဝါးဖက်ထားပြီးလက်ညှိုးနဲ့ လက်ခလယ်ထောင်တာဆိုရင် ၂ ဖြစ်တယ်။ မိတ်ဆွေသဘောအနေနဲ့လဲ သုံးပါတယ်။ ဒါပေမဲ့ ယူကေနိုင်ငံမှာ အဲလို လက်ညှိုးနဲ့လက်ခလယ်ကို ထောင်ထားပြီး၊ လက်ဝါးဖက်က ကိုယ့်ဖက်မှာထားတာဆိုရင် စော်ကားမှုလို့ ယူဆတယ်။ အဆိုတော်တချို့ အဲလိုလုပ်တယ်။ အဆိုတော်ကနေ သူ့မျက်လုံးတွေဆီကို လက်နှစ်ချောင်းနဲ့ ထိုးညွှန်ပြနေတာ ဆိုရင်တော့ ရှင့်ကိုကြည့်နေတယ်နော်လို့ ဆိုလိုပါသတဲ့။

ကျွန်တော်ကဆော့ ဆေးခန်းမှာ စာသင်ရင် မပျင်းရအောင် ရီစရာသဘော ညှပ်ပြောတတ်တယ်။ သားဖွါးလူနာကို စမ်းတဲ့အခါ လက်ညှိုးနဲ့ လက်ခလယ်ကို ပူးပြတာဆိုရင် သားအိမ်အဝ လက်နှစ်လုံးတိတိ ပွင့်နေပြီ။ လက်ညှိုးနဲ့ လက်ခလယ်ကို ဘေးကားပြရင် သားအိမ်အဝ လက်နှစ်လုံးချောင်ချောင် ပွင့်နေပြီ။ အဲတာနဲ့ တပည့်ဆရာမတွေ ဆရာ့ရှေ့မှာ လက်ချောင်းထောင်ပြရင် သတိထားကြရတော့တယ်။

လက်မထောင်ပြတဲ့သင်္ကေတကို ရုပ်ရှင်ရိုက်တည်းဖြတ်သူတွေကနေ စသုံးတာလို့ဆိုတယ်။ အခြေခံဥပဒေ ၄၃၆ ပြင်ဘို့ ဆန္ဒပေးလက်မှတ်ရေးထိုးကြတဲ့ ရုပ်ရှင်နဲ့ အနုပညာသယ်တွေကနေ လက်မှတ်ထိုးပြီး လက်မထောင်ကြတဲ့သဘောဟာ နိုင်ငံတကာထုံးစံနဲ့ညီနေတာတွေ့ရပါတယ်။ ရုပ်ရှင် ရီဗျူးလုပ်သူတွေဖြစ်ကြတဲ့ ဂျီနီ ဆစ်ကယ်နဲ့ ရောဂျာ အီဘတ်တို့က အလွန်အရည်အသွေးမြင့်တဲ့ရုပ်ရှင်ဆိုရင် လက်မထောင်နှစ်ခုပါတာကို ခေါ်ပါသတဲ့။

ပြုပြင်ရေးမှာ လက်မ မထောင်၊ အမောင်ယောက်ျား ပီသပါ၏လော။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး