တိမ်စွန်လေလျှင်

နတ်ရှင်နောင်လို့ ရေးကြပေမယ့် မူရင်းရာဇဝင်မှာ နတ်သျှင်နောင်လို့သာရေးပါတယ်။ နတ်ရှင်နောင်ဟာ အဘက်ဘက်မှာ ကျွမ်းကျင်လိမ္မာတယ်၊ သူရသတ္တိနှင့်လည်းပြည့်စုံတယ်၊ ပညာတို့ကိုလည်း ရှာဖွေဆည်းပူးတယ်လို့ ရေးတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ စာဆိုဘုရင်နဲ့ ရတုဖွဲ့ဆိုရာမှာတံခွန်စိုက်သူလို့လည်း အမွှမ်းတင်ထားပါတယ်။ သီဟသူရ ဘွဲ့မည်ရင်းခံ တောင်ငူဘုရင် နတ်သျှင်နောင်လို့ရေးထားတယ်။ နဝဒေးကြီးက ရတုစပ်ဆိုရာမှာ သူ့ထက် ဗဟုသုတသာတယ်လို့ ကောက်ချက်ချကြတယ်။ ညောင်ရမ်းခေတ် (၁၅၉၇-၁၇၅၁) မှာထင်ရှားခဲ့တဲ့ စာဆိုရှင် (၁၄) ဦးထဲက တဦးဖြစ်တယ်။

နတ်ရှင်နောင်ကို ၁၅၇၈ ခုမှာမွေးတယ်။ သူ့ဖွားသက္ကရာဇ်နဲ့ပတ်သက်ပြီး၊ အငြင်းပွားတယ်။ ဦးချမ်းမြ (မြကေတု) က ၉၃၃ ခုနှစ်လို့ အထောက်အထားတွေနဲ့ပြတယ်။ သီဟသူက ၁၅၈၄ ခုမှာ တောင်ငူမှာ နန်းတည်တဲ့အခါ သားတော် နတ်ရှင်နောင်ကို အိမ်ရှေ့ဥပရာဇာပေးတယ်။ ဘုရင့်နောင်မင်းတရားကြီး၏သမီးတော်နဲ့ ဇင်းမယ်ဘုရင် အနော်ရထာမင်းစောရဲ့ နှမတော် ရာဇဓာတုကလျာနဲ့ လက်ထပ်ပေးတယ်။

ရာဇဓာတုကလျာကို ဘုရင့်နောင်ရဲ့မိဖုရား ရာဇဒေဝီဘွဲ့ခံ တပယင်း စတုဂါမဏိရဲ့သမီး ရှင်ထွေးလှကနေ ၉၂၁ခုနှစ်၊ နတ်တော်လဆန်း (၁၄) ရက်၊ တနင်္ဂနွေနေ့မှာမွေးတယ်။ နတ်သျှင်နောင်ထက် (၁၃) နှစ် ကြီးတယ်။ အဒေါ်နဲ့ တူတော်တယ်။ ဓာတုကလျာရဲ့ ပထမကြင်ရာတော် မဟာဥပရာဇာနဲ့ နတ်သျှင်နောင်က ဝမ်းကွဲညီအကိုတော်လို့ မရီးနဲ့ မတ်လည်းတော်ပြန်တယ်။ သူတို့ထိမ်းမြားတော့ ရာဇဓာတုကလျာက (၄၃) နှစ်နဲ့ နတ်သျှင်နောင်က အသက် (၃ဝ) ရှိပြီ။ သူတို့ဟာ (၇) လသာ ပေါင်းဖက်လိုက်ကြရရှာပါတယ်။

၁၆၁၃ မှာ ပေါ်တူဂီ ငဇင်ကာ ခေါ် ဒီဗရစ်တိုနဲ့ မုတ္တမစား ဗညားဓလတို့ကနေ တောင်ငူကိုတိုက်ယူတယ်။ ရွှေနန်းတော်၊ ကျောင်း၊ ကန်၊ အိမ်ရာ အားလုံးကို မီးတိုက်တယ်။ တောင်ငူဘုရင်ခံ နတ်သျှင်နောင်ကို လှေပေါ်တင်ပြီး သန်လျင်ကို ခေါ်ဆောင်သွားတယ်။

အင်းဝဘုရင် အနောက်ဖက်လွန်မင်း ခေါ် မဟာဓမ္မရာဇာကနေ သံလျင်ကိုပြန်တိုက်ယူပြီး ငဇင်ကာရော နတ်သျှင်နောင်ပါ ဖမ်းဆီးရမိတယ်။ ငဇင်ကာကို ၁၆၁၃ မတ်လ ၂၈ ရက်နေ့ သန်လျင်မြို့လယ်မှာ တံကျင်တင်ပြီးသတ်တယ်။ ငဇင်ကာက ကက်သလစ်ဘာသာဝင်မို့ ကားစင်နဲ့ကွပ်မျက်ပုံရတယ်။ အဲဒီနေ့မှာပဲ နတ်သျှင်နောင်ကိုလည်း ရင်ကိုဖွင့်ပြီးသတ်တယ်။ သူ့အလောင်းကို မီးသင်္ဂြိုဟ်ပြီး၊ သန်လျင်ကျိုက်ခေါက်စေတီ မြောက်ဘက်စောင်းတန်းအနောက်မှာ ကုလားကျောင်းစံ အရိုးအိုးစေတီ တည်ထားတယ်ဆိုတယ်။ နတ်လျှင်နောင်သေတော့ အသက် ၃၅ နှစ်သာ ရှိသေးတယ်။

တိမ်စွန်လေလျှင်
ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ဆိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွှတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ထပ်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်ညိုလေလျှင်၊ ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွမတတ်သော်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ