Passing fad ပေါ်ပင်
ဖေ့စ်ဘွတ်မှာ သတင်းတခုနောက် တကောက်ကောက်နဲ့။ ပြီးတော့လဲ တယောက်တပေါက်။ အမြီးအမောက်ကမတည့်။ တချို့က ကိုယ့်ကိုယ်ကို မီဒီယာသမားလိုသဘောပိုက်ပြီး မိုက်ကြတယ်။ ကိုယ်တိုင် သတင်းထောက်၊ ကိုယ်တိုင် အယ်ဒီတာ။ ထွက်လာတာ သတ်ပုံမမှန်၊ သဒ္ဒါအမှား၊ အချက်အလက်က တခြားဖြစ်။ တချို့ကတော့ တိုင်စာလို၊ တချို့ကြ ပစ်စာလို၊ ကိုယ်သိစေချင်သူက မဖတ်တာကို ထပ်ထပ်ရေးကြတယ်။ တချို့က ရောင်းကုန်လို၊ ကိုယ့်ပစ္စည်းကို ဂျူတီဖရီးမှာ အမြည်းပါပေးတယ်။ တချို့က ခေါင်းမြီးခြုံပြီး အသားကုန်အော်တယ်။ တချို့က မူးလဲပြီး လမ်းပေါ်အော်ဆဲနေသလိုဘဲ။ တချို့က ဆေးချပြီးမှ ထလာတယ်။ တချို့က အီမိုးရှင်းအရ ငိုချင်းချတယ်၊ ဒေါသနဲ့ ဆဲရေးကြတယ်။ တချို့က တာဝန်အရ လုပ်ခရသလောက်လုပ်ကြတယ်။ သူတို့မှာက ငါးမျှားချိတ်မှာ တန်းလန်းပါလာရင် လစာတိုးတယ်။
ဖေ့စ်ဘွတ်ကို ဖွဘုတ်လို့ပြောတာ၊ ခေတ်မီသလိုတော့ရှိတယ်။ ကိုယ့်သားလေး ငခွေးလို့ခေါ်သလိုဘဲ။ သမီးလေး မိဝေးလို့ မှည့်သလိုဘဲ။ ပညတ်သွားရာ ဓါတ်သက်ပါတော့တယ်။ ဖေ့စ်ဘွတ်ဆိုတာ မျက်နှာလို့ ယူသင့်တယ်။ ရွှေတိဂုံဟာ တိုင်းပြည်မျက်နှာလို့ ဆယ်တန်းမြန်မာစာမှာ သင်ရတယ်။ ပေါ်ပင်ဆိုတာ ခဏလေးသာခံတယ်။ လေးစားတာမခံရဘူး။
ရေးချင်တာရေးတာကို ဒီမိုကရေစီတဲ့။ အသံမြည်တိုင်းကောင်းတယ်မှတ်ပြီး၊ စောင်းသံကို ဗြောင်းဆန်အောင်တီးတယ်။ တင်ချင်တာတင်တာ ဖရီးဒမ်းတဲ့။ ညစ်ညမ်းတာဟာ ဒတ်တီးပေါ့။ တရားသမားတွေလဲပေါ၊ မတရားသမားတွေလဲများ၊ ကိုးယိုကားယားတွေကလဲအစုံ၊ သုံးဆယ့်တဘုံဟာ တလွှာတည်းမှာလိုဖြစ်နေတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment