Lung Cancer (1) အဆုပ် ကင်ဆာ (၁)

၁။ ဆရာခင်ဗျ လူနာအသက် ၆၀ ဖြစ်တာ ၁ နှစ်ကျော် လောက်ပဲရှိသေးတယ်။ နူမိုးနီးယားဆိုပြီးဆေးရုံက ဆေးသွင်း ရတယ်။ အားရုတ်ပြီးမသက်သာဘူးဗျ။ အခုစစ်ဆေးရုံပြေားကုတရယ် CT scan ဖတ်တော့ အဆုပ်မှာအဖုတည်နေတယ်လို့ပြောတယ်။ တောင်ကြီး (သို့) ရန်ကုန်မှာ ဓာတ်ကင်လို့ပြောတယ်ဗျ။ ကင်ဆာပုံစံလိုလဲပြောတယ်ဆရာ။ ကူညီပါအုံး ဘာဆက်လုပ်ရမလဲဗျ။

၂။ မင်္ဂလာပါဆရာ။ ကျွန်မက စစ်တွေကပါ။ အသက် (၂၇)နှစ်ပါ။ မနေ့က ကျွန်မအဒေါ်တယောက် အသက် (၄၀) အရွယ်မှာ အဆုတ်ကင်ဆာနဲ့ဆုံးသွားပါတယ်။ အဆုတ်ကင်ဆာလို့စသိတာက ၈ လပိုင်းကုန်ခါနီးမှာပါ။ အဲဒီမတိုင်ခင်ထိ ဘာရောဂါလက္ခဏာမှ မပြခဲ့ပါဘူး။ ၈ လပိုင်းတတိယအပတ်လောက်မှာ မှတ်ဉာဏ်တွေချို့ယွင်း၊ အဖုအကျိတ်တွေ ထွက်လာပါတယ်။ စစ်တွေကဆရာဝန်ကကင်ဆာလက္ခဏာတဲ့။ သိတဲ့အချိန် ချက်ချင်းကြီး ရန်ကုန်သွားပြီး ဆေးစစ်တော့ ကင်ဆာကအဆင့် (၄) ပါတဲ့။ တလတိတိလောက်ပဲ နေခဲ့ရပါတယ်။ အဘိုးကလည်း ကင်ဆာနဲ့ပဲဆုံးသွားခဲ့ပါတယ်။ ဒါတွေဟာမျိုးရိုးလိုက်တတ်ပါသလား။ ကင်ဆာရှိမရှိ အခုကတည်းက ကြိုတင်စစ်ထားလို့ရပါသလားရှင့်။ ကျေးဇူးတင်ပါတယ်။

၃။ အသက် ၃၈ နှစ်။ ကျား။ ဆေးလိပ်သောက်သောနှစ် ၁၈ နှစ်ပါ။ ဖြတ်ဖို့ကြိုးစားနေပါသည်။ အဆုပ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရောဂါများအကြောင်း သိချင်ပါသည်ဆရာ။ ညာဖက်လက်ပြင်အောက်ပိုင်း အောင့်တင်းသလို ခံစားမိလို့ပါ။ အဆုပ်ကင်ဆာမျိုးရိုးမရှိပါ။ မန္တလေးမြို့၌နေပါသည်။

၎။ ကျမယောက်ခမအတွက် ကင်ဆာရောဂါနဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ ပထမတခါ ဆရာ့ကိုမေးဖူးပါတယ် အဲဒါက ကင်ဆာရောဂါအခြေအနေနဲ့ အစားအသောက်ပါ။ ခုကလူနာဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘာလုပ်သင့်လည်း အကြံပေးစေချင်ပါတယ်ဆရာ။ ဒေါ့့်၊ အသက် ၆၁၊ အဆုပ်ကင်ဆာ အဆင့်(၃) ကင်ဆာလို့ ပြောသည်။ ယခုလက်ရှိ တိုင်းရင်းဆေးနဲ့ကုနေပါတယ်။ လူနာရောဂါ မသက်သာသည့်အပြင် ပိုဆိုးလာပါတယ်ဆရာ။ ချောင်းဆိုးတယ်၊ ခနခန ဖျားတယ်၊အစာမစားချင်ဘူး၊ ညာဘက် ခြေထောက်နှင့် ညာလက်မောင်း ထုံကျင်ပြီး ခံစားချက်မရှိတော့သလို ဖြစ်ပါတယ်၊ ရင်ဘတ်ကခဏခဏတင်းတယ်။ ခုတရက်နှစ်ရက်အတွင်း ဝမ်းဗိုက်မှာ အလုံးပေါ်လာတယ်။ ကိုင်ကြည့်ရင် နာတယ်ပြောတယ်။ ခုတော့ အိပ်ယာပေါ်မှာဘဲ လှဲနေရတယ်ဆရာ။ ကင်ဆာရောဂါက အဆင့် ၁ ကနေ ၄ ထိရှိတာဆိုတော့ ခုဖြစ်နေတာအဆင့် ၃ လို့သိတာ တလကျော်ပါပြီဆရာ။ အဆင့် ၄ ဖြစ်ဖို့ ဘယ်လောက်ကြာနိုင်လဲဆရာ ကျမတို့ကလည်း နိုင်ငံခြားမှာနေရတာဆိုတော့ စိတ်ကမဖြောင့်ဘူးဖြစ်နေတယ်။ မြန်မာပြည်မှာရှိတဲ့ လူနာမိသားစုကလည်း တိုင်းရင်းဆေးလောက်ဘဲ အကောင်းထင်တယ်ဆရာ။ ခုလို လူနာဖြစ်နေတဲ့ အနေအထားကြည့်ပြီး ကျမတို့တခုခု ဆုံးဖြတ်ရတော့မယ့် အခြေအနေမှာရောက်နေပြီးဆိုတော့ ခုလို အခြေအနေမှာ ဘာလုပ်သင့်လည်း အကြံပေးပါလားဆရာ။

၅။ ဆရာ ကျမယောက်ခမ အဆုပ်ကင်ဆာဖြစ်နေပါတယ်။ လူနာအမည့့်။ အသက် ၆၁။ အဆုပ်ကင်ဆာလူနာနဲ့ ပတ်သက်ပြီး ဘယ်လိုအစားအသောက်မျိုးစားရမလဲ။ လူနာခံစားရမယ့် ရောဂါလက္ခဏာအကျဉ်းကိုသိချင်လို့ဆရာ။ ခုလူနာ မိသားစုက ကင်ဆာကို တိုင်းရင်းဆေးနဲ့ ကုမယ်လုပ်နေကြလို့ ကျမလည်း အရမ်းစိတ်ညစ်ရတယ်ဆရာ။ နယ်ကလူတွေဆိုတော့ သူတို့က သိပ်နားမလည်ဘူး။ နားမလည်တာကိုပြောပြတော့လည်း လက်မခံဘူး။ ဒီတော့ ခုလူနာက အစားနည်းနည်းစားတာနဲ့ ရင်ဘတ်ကတင်းလာတယ်ဆရာ။ အဆုပ်ကင်ဆာနဲ့ပတ်သက်ပြီး ဘယ်လိုလက္ခဏာ ဖြစ်မလည်း ကျမသိချင်လို့ အကြံပေးပါအုံးဆရာ။ ကင်ဆာ အဆင့်အခြေအနေ ဆရာကြည့်လို့ရအောင် ဓါတ်ပုံပို့ပေးထားတယ်ဆရာ။

၆။ ကျွန်တော့် အဖေဟာ အသက် ၅၅ နှစ်ရှိပါပြီ။ သူ့မှာ ဆီးချိုရောဂါရှိတာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီး သိခဲ့ရပါတယ်။ အခုတခါ ဆေးစစ်ကြည့်လိုက်တော့ အဆုတ်မှာ ကင်ဆာဖြစ်နေကြောင်း သိလိုက်ရပါတယ်။ ၁၃-၅-၂၀၁၁ မှာ ရန်ကုန်မှာ မှန်ပြောင်းကြည့် အသားစယူပြီး သိလိုက်ရတာပါ။ အဲတာ ဆရာဝန်က ခွဲရမယ်လို့ ပြောပါတယ်။ အဖေက ဘယ်လိုမှ ခွဲဖို့ကို ပြောလို့ မရတော့ပါဘူး။ အခုဆို ၉ လပိုင်းလောက် ရောက်ရော ချောင်းဆိုးရင် သွေးပါ ပါလာပါတယ်။ အဆုတ်ကင်ဆာနဲ့ ပတ်သတ်လို့က ဘာဆေးမှ မတိုက်ရသေးပါဘူး။ ဘယ်လို ကုသရင် ကောင်းမယ်ဆိုတာလေး သိချင်ပါတယ်။ ကျွန်တော်တို့က နယ်မြို့လေးတမြို့ကပါ ဆေးပညာ ဗဟုသုတလဲ နည်းပါတယ်။ ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိပါဘူး။

အဆုပ်ကင်ဆာဟာ ကင်ဆာကြောင့် သေဆုံးရမှုထဲမှာ အများဆုံး ဖြစ်တယ်။ ဆေးလိပ်သောက်တာ၊ ဆေးလိပ်ငွေ့ ရှူမိတာနဲ့ ဆက်စပ်မှုရှိတယ်။ အသက်ကြီးသူတွေမှာ အများဆုံးဖြစ်တယ်။ အဆုပ်ကင်ဆာ လူနာတွေရဲ့ ၇ဝ% ဟာ အသက် ၆၅ နှစ်ကျော်တွေ ဖြစ်တယ်။ ၄၅ နှစ်အောက်မှာ ၃% သာဖြစ်တယ်။ အမေရိကန် အမျိုးသား ကင်ဆာဌာနရဲ့ ခန့်မှန်းချက်အရ ယောက်ျား-မိန်းမ ၁၄ ယောက်မှာ ၁ ယောက်ဟာ တချိန်ချိန်မှာ အဆုပ်ကင်ဆာ ဖြစ်နိုင်တယ်။ အလားအလာ မကောင်းပါ။ ၅ နှစ်အထိ အသက်ရှင်နှုန်း ၁၆% သာရှိတယ်။

အဆုပ်မှာ ကင်ဆာ စဖြစ်တာနဲ့ တခြားနေရာမှာ ကင်ဆာဖြစ်နေရာကနေ အဆုပ်ကိုကူးလာတာလဲရှိတယ်။ ဥပမာ ဆီးကျိတ် ကင်ဆာကနေ သွေးကတဆင့် အဆုပ်ကို ရောက်လာတယ်။ အဆုပ်ရဲ့ နေရာတကာမှာ ကင်ဆာ ဖြစ်နိုင်ပေမဲ့ ၉ဝ-၉၅% ဟာ Bronchi နဲ့ Bronchioles ဆိုတဲ့ လေပြွန်တွေကို ဖုံးပေးထားတဲ့ Epithelial cells တွေကနေဖြစ်တယ်။ ဒါ့ကြောင့် အဆုပ်ကင်ဆာကို Bronchogenic cancers or Bronchogenic carcinomas လို့ ခေါ်တယ်။ အဆုပ်ကိုဖုံးပေးထားတဲ့ အလွှာကဖြစ်တာကို Mesotheliomas လို့ခေါ်တယ်။

ဘယ်လိုလူတွေမှာ အဖြစ်များသလဲ
ဆေး-ဆေးလိပ် သောက်သူ၊ သုံးသူ၊ တဆင့်ခံဆေးလိပ်ငွေ့ရှူမိသူ၊ မီးခံကျောက်ပြား၊ (ယူရေနီယမ်) အဟောင်းအဆွေးကနေဖြစ်လာတဲ့ ဓါတ်ငွေ့၊ မျိုးရိုးလိုက်နိုင်တယ်။ COPD နာတာရှည် လေဝင်လမ်းကြောင်းပိတ် အဆုပ်ရောဂါရှိနေသူတွေဟာ ၄-၆ ဆ ပိုတယ်။ အရင်က အဆုပ်ကင်ဆာဖြစ်ဘူးသူ ၁-၂% နောက်ထပ်ဖြစ်နိုင်တယ်။ လေထုညစ်ငြမ်းမှု။

အဆုပ်ကင်ဆာ အမျိုးအစားတွေ
Small cell lung cancers (SCLC) နဲ့ Non-small cell lung cancers (NSCLC) (ဆဲလ်) အသေး-အကြီး ဆိုပြီး ၂ မျိုး ရှိတယ်။ SCLC ဖြစ်တာ ၂ဝ% ရှိပေမဲ့ ရောဂါတိုးတာမြန်တယ်။ တခြားနေရာတွေကို ပြန့်တယ်။ ဆေးလိပ်နဲ့ဆက်စပ်တယ်။ ၁% သာ ဆေးလိပ်မသောက်သူမှာ လာဖြစ်တယ်။ (ဆဲလ်) ပုံပန်းကြည့်ပြီး Oat cell carcinomas လို့လဲ ခေါ်တယ်။ NSCLC အမျိုးအစားက ၈ဝ% ဖြစ်တယ်။ အမျိုးအစားခွဲတွေလဲ ရှိသေးတယ်။ Adenocarcinomas အမျိုးအစားက ၅ဝ%၊ Squamous cell carcinomas အမျိုးအစားက ၃ဝ%၊ Large cell carcinomas နဲ့ အမျိုးအစားတွေ ရောဖြစ်တာလဲ ရှိတယ်။ NSCLC နဲ့ SCLC အပြင် တခြားရှားတဲ့ အမျိုးတွေလဲ ၅-၁ဝ% ရှိသေးတယ်။ ဥပမာ Bronchial carcinoids ၅% ရှိတယ်။ အဆုပ်ထဲက တခြား (တရှူး) တွေကနေလဲ ကင်ဆာဖြစ်လာတာရှိတယ်။ ဥပမာ ကြွက်သားနုနဲ့ သွေးကြော စတာတွေ ကနေ ဖြစ်တယ်။

ရောဂါလကဏာတွေဟာ ဖြစ်တဲ့နေရာအပေါ်မူတည်ဖြစ်လာစေတယ်။ ၂၅% လောက်ဟာ ဆေးစစ်လို့ ဓါတ်မှန်၊ (စီ-တီ-စကင်) ရိုက်မှ ကင်ဆာရှိနေမှန်း သိလာရတယ်။ ဘာမှ မခံစားရဘူး။ ခံစားရနိုင်တာတွေက အသက်ရှူရ ခက်တယ်။ ချောင်းဆိုးမယ်။ အသက်ရှူသံက စီစီနဲ့ ဖြစ်လာမယ်။ ရင်ပတ်နာမယ်။ ချောင်းဆိုး သွေးပါမယ်။ အာရုံကြော ထိခိုက်လာရင် ပခုံးကနေ လက်မောင်းအပြင်ဘက်အထိ နာမယ်။ အသံဖြစ်စေတဲ့ Vocal cords ထိခိုက်လာရင် အသံဝင်မယ်။ အစာမျိုပြွန် ထိခိုက်လာရင် အစာမြိုရ ခက်လာမယ်။

ရောဂါပိုးဝင်ရင် ပြည်တည်တာတို့ နူမိုးနီးယားတို့ ဆက်ဖြစ်နိုင်တယ်။ အဆုပ်က တခြားနေရာအထိ ရောက်မယ်ဆိုရင် နေရာအလိုက်ခံစားရမယ်။ ဥပမာ အရိုး၊ ဦးနှောက်၊ ဘေးထွက်လက္ခဏာတွေလဲ ရှိတတ်တယ်။ ဥပမာ ဟော်မုန်းနဲ့တူတာတွေ ထွက်တတ်တယ်။ ယေဘုယျဆန်တဲ့ လက္ခဏာတွေလဲ ရှိမယ်။ ဥပမာ ကိုယ်အလေးချိန်ကျတာ၊ အားယုတ်တာ၊ စိတ်ဓါတ်ကျတာနဲ့ စိတ်မူပြောင်းတာတွေ ဖြစ်တယ်။

အဆုပ်ကင်ဆာသေခြာအောင် စမ်းသပ်နည်းတွေအများကြီးလုပ်နိုင်တယ်။
• Chest X-ray
• CT (computerized tomography, computerized axial tomography, or CAT) scans
• Magnetic resonance imaging (MRI) scans
• Positron emission tomography (PET) scanning
• Bone scans
• Sputum cytology
• Bronchoscopy
• Needle biopsy
• Thoracentesis
• Blood tests

ကိုယ်ခန္ဓာထဲ ဘယ်လောက်အထိ ပြန့်နေပြီလဲ ဆိုတာကို ကြည့်ပြီး အဆင့်သတ်မှတ်တယ်။ NSCLC အမျိုးအစားကို အဆင့် ၁ ကနေ ၄ အထိခွဲထားတယ်။

ခွဲစိတ်ကုသတာ၊ ကင်ဆာဆေးပေးတာနဲ့ ဓါတ်ကင်တာတွေ လုပ်တယ်။ စမ်းသပ်ကုသနည်းတွေလဲ လုပ်ပါသေးတယ်။ ကင်ဆာမှန်သမျှကို ကုသနည်းအတိုင်း ပင်ရင်းအကြောင်းကို ကုသမှုပေးတာနဲ့ ခံစားနေရမှု ဒုက္ခသက်သာစေအောင် လုပ်ပေးတာလို့ ရှိတယ်။ ခွဲစိတ်တာကို stage I or II NSCLC အတွက်လုပ်ပေးတယ်။ အဆုပ်ကင်ဆာထဲက ၁ဝ-၃၅% ကို ခွဲစိတ်ထုတ်ပြစ်လို့ ရတယ်။ ခွဲလို့ရပေမဲ့ ပျောက်သွားပြီလို့တော့ မဆိုလိုပါ။ အဖြစ်နှေးတဲ့အမျိုးအစား၊ စတွေတာက ပိုက်ဆံစေ့လို သီးခြားဟာမျိုးလေးသာဆိုရင် ၂၅-၄ဝ% ဟာ ၅ နှစ်ခံဖြစ်နိုင်တယ်။ ဓါတ်ကင်ကုသတာကို NSCLC နဲ့ SCLC နှစ်မျိုးလုံးအတွက်လုပ်တယ်။ ကင်ဆာပျောက်စေဘို့ရော၊ ခံစားရတာတွေ သက်သာစေဘို့ရော၊ ခွဲစိတ်ကုသမှုနဲ့ဖြစ်ဖြစ် ဆေးပေးတာနဲ့ဖြစ်ဖြစ် တွဲပြီးတော့ရော လုပ်ပေးတယ်။ လူနာက ခွဲစိတ်တာမခံချင်ဘဲ ငြင်းနေရင်လဲလုပ်တယ်။

ကင်ဆာဆေးပေးနည်းကိုလဲ NSCLC နဲ့ SCLC အတွက်ပါ လုပ်ပေးတယ်။ SCLC လို ပြန့်နှံ့တာမြန်တဲ့ အမျိုးအစား အတွက် နည်းကောင်းဖြစ်တယ်။ စားဆေး၊ ထိုးဆေးတွေ လုပ်တယ်။ Prophylactic brain radiation ဆိုတာ SCLC အမျိုးအစားက ဦးနှောက်ကိုပြန့်တာ ဖြစ်မလာအောင် ကာကွယ်တဲ့ အနေနဲ့ ဓါတ်ကင်ပေးတယ်။

• Lung Cancer (1) အဆုပ် ကင်ဆာ (၁) http://doctortintswe.blogspot.com/2015/02/lung-cancer-and-papaya.html
• Lung Cancer (2) အဆုပ် ကင်ဆာ (၂) http://doctortintswe.blogspot.com/2015/02/lung-cancer-2.html
• Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက် http://doctortintswe.blogspot.com/2015/02/lung-cancer-1.html
• Lung cancer therapy is milestone အဆုပ်ကင်ဆာကုသနည်းမှတ်တိုင် http://doctortintswe.blogspot.com/2015/05/lung-cancer-therapy-is-milestone.html
• Smoking and Cancer ဆေးလိပ်နဲ့ ကင်ဆာ http://doctortintswe.blogspot.com/2015/02/smoking-and-cancer.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး