ငြိမ်းချမ်းရေးသဝဏ်လွှာ

ပြည်သူ့နေ့စဉ် ကနဦး ကမ္ဘာစသလိုပ၊
သည်ယခု ယနေ့ပင် ဦးစွာအစတွင်ဖြင့်၊
ဘီလူးပမာဏ၊
နှစ်ဦး နှစ်ဖြာ နှစ်ဝ မြန်မာ့တံခွန် ရတနာတွေကို နော်ကွယ်။
အထူးသဒ္ဓါ ဗလဝရယ်နှင့်၊
ဆရာ့ သဝဏ်လွှာ။

(အို) မောင်အောင်သန်းတို့ရဲ့၊
အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနဲ့၊
အခေါင် မြန်းမကွဲ့လို့၊
အောင်ပန်းတကြိုင်ကြိုင်နှင့်၊
ညောင်ရမ်းပိုင် အညာချီတော့၊
အာဇာနည်မှ တကဲ့အာဇာနည်ဆိုတဲ့
မဟာထေရ်ဘားမဲ့ ဆရာတို့ထုံးလိုပ၊
ဘာမထီညာမထီ နွားရဲ့ပမာသို့
အားနဲ့ ဆရာရုန်းသဖြင့်၊
အလုံးစုံ လွတ်ရှာကြသော်လည်း၊
ဝဋ်ကြမ္မာ ဘဝပို့စရာ တချို့ သတ္တဝါတည်းဟူသော
တို့ဗမာ သခင်ဗဟိုဝယ်
တို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့ အလိုမငယ်
ဆိုရှယ်လစ် ကယ်နှင့်၊
တံခွန်တလူလူ ကွန်မြူနစ် ကယ်တို့၊
မချစ်သာ မေတ္တာကင်းပြန်သနဲ့၊
အချင်းချင်းပင် တငြင်းထဲ ငြင်းငြင်းပြီး၊
မင်းပွဲအတုမှာ ထမင်းပွဲလုခါ လယ်မျိုခဲပါလို့၊
ပွဲချင်းပြီး အသေအကြေ တအူအူ အသံဗလံနှင့်
တဆူဆူ တညံညံ ကိုက်ကြ,တိုက်ကြ,မိုက်ကြတော့၊
ဘဏ်တိုက် အခြေအနေ ထိပြန်သနဲ့၊
ငွေမရှိပြန်လျှင် အဖေ၏သဏ္ဌာန် ကဲ့သို့သော
အမေရိကန်တို့ အင်္ဂလန်တို့မှာ ချေးရတဲ့
ကြွေးမျိုးစုံ ကုဋေကုဋာနှင့်၊
ပြေရွာမှာ သေတာလောက်မကောင်းပြီမို့၊
အပေါင်းသော အမျိုးသားတပဲ့ မညီလိုသဖြင့်
မကြည်ညိုလျှင်၊
ယိုးဒယားနဲ့ သီဟိုဠ်ကျွန်းရဲ့ပြင်၊
(ဪ) သို့ကလောက် ကျော်ပေ မော်ပေတဲ့၊
ငတို့ ပေါက်ဖော်တို့ရဲ့ တရုပ်နီ တည်းဟူသော
တရုပ်ပြည်ကိုတောင်
တသုတ်တချီ မြန်းရော့မယ်လို့၊
မှန်းဆခါခါပေနော်ကွယ်၊
တနွမ်းနွမ်း တလျလျ၊
မချမ်းမြပါတဲ့၊
(ဪ) ကမ္မဌာန်း ဒကမ၊
ပန်းလှ,လှကြတဲ့ ဘန်းများဆရာ။

(ဪ) အမေကူပါ အဖေကူပါနဲ့နှော၊
ပြေသူတကာ မသာ အရှိုရှိုပွဲတွင်မှ၊
ထမရေပူအလာ လျှာကို လွှဲတယ်လို့၊
ဒါလိုဘဲပြောကြမှာ၊
လောကဓမ္မတာရဲ့ ပြောခွင့်မလိုတမျိုး၊
(ဝါ) လိုတမျိုးလည်းဟူ၏၊
(အိုကွယ်) တောရဝါသနာနှင့် တောဖြင့်ခို၍ ဖိုမထိုး။

အေးခေတ်မပေါ်
ဘေးဖြစ်အောင် မတော်မလျော်နှင့်၊
လေးနှစ်ကျော် ငါးနှစ်အဆင်းတွင်ဖြင့်၊
တရားစစ်ခင်းမည် တဖုံကြံလို့မို့၊
ဂဠုန်ပျံ ဒီပနီမှာလို မမှားပေမည့်၊
ဥုံ အရဟံ မထေရ်ဘုရားတို့နှင့်၊
တပြည်သား နယ်ချဲ့ အစွန်းရန်ကို၊
တကယ်တကဲ့ တွန်းလှန်ဘို့အရေးကလဲ မဝေးတော့ပြီမို့၊
အရေးကြီးလျှင်ဖြင့်၊
သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း၊
ကိုင်း ထထကြွကြွနှင့် ဝိုင်းကြပေရော့လို့၊
မှိုင်းမကာ တသုတ်ဟောချိန်မို့၊
စစ်ကိုင်းကဆရာ အဟုတ်ပြောရမှာဖြင့်၊
ဗုဒ္ဓေါမေ သရဏံ ယတြာအရေးတွေနှင့်၊
ကမ္ဘာအေးစေတီ ဒါယကာ (ကိုရွှေနု)တို့ရဲ့ပြင်၊
(ဪ) အောင်ဇေယတု အောင်ဇေယတုနှင့်၊
အောင်မြေရှုစရာ ဗဟိုပလ္လင်ပျံနှင့်၊
တောင်ခြေတခုမှာ ဗိုလ်ဝင်ခံကြသမို့လဲ၊
ဟိုအရင်ယမန် ထပိုးတဲ့တဲ့ ထမ်းခဲ့ကြတဲ့
(စိုး) နဲ့ (သန်း) တို့ကိုလဲ၊
တမျိုးကွဲ့လွမ်းသူ ဆရာဖအေက၊
မာပါစေ,သာပါစေ,လာပါစေ ဆုမွန်တောင်းလိုက်ကဲ့၊
ကဝိကူဘော် တပည့်သူတော်ကောင်းရယ်တို့၊
ဇာတ်ပေါင်းကာ အတည်ကျလျှင်တော့၊
(အမယ်မင်း) တည်တည်ပပ ညီညီမျှမျှနှင့်
ပြည်မြန်မာ့ အလံမညှိုးမူ၍
(ဪ) အနှီသမယ၊
အပြည်ပြည်ကတောင် ခ,ရပေမည့်၊
(အို တပည့်တို့ရဲ့) ထိုတကဲ့ ပထဝီဇယ မန္တာန်တန်ခိုး။

အတော်များများက ကဗျာလေးချိုးကြီးကို ကိုယ်ပိုင်သတ်ပုံတွေနဲ့ ရေးတင်ကြတယ်။ ထုတ်ဝေရောင်းချကြတယ်။ မလိုအပ်ပဲ တစ်လုပ်ထားတာ စုစုပေါင်း (၁၇) လုံးပါတယ်။ ကျွန်တော်တော့ သခင်ကိုယ်တော်မှိုင်းကို အတော်အားနာနေမိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ