Clinical examination လူနာအား မေးမြန်း စစ်ဆေးခြင်း
(ယမုန်နာဆေးခန်းအတွက် သင်ခန်းစာသာဖြစ်သည်၊)
History taking ရောဂါအကြောင်း မေးမြန်းခြင်း
လူနာ၏ရောဂါအကြောင်းကို သေသေခြာခြာ၊ တိတိကျကျစိတ်ရှည်လက်ရှည် မေးမြန်းရမည်။ Complaints (C/o) or Chief complaints (C/C) လူနာကပြောသော တိုင်တန်းချက်များကို မေးမြန်းမှတ်သားရသည်။ ဘယ့်ကြောင့် ဆေးခန်းသို့ လာရသနည်း။ ၎င်းတို့မှာ Symptoms ရောဂါလက္ခဏာများဖြစ်သည်။ ပြောပြချက်ရှိသမျှ (၁)၊ (၂)၊ (၃)၊ ရေးမှတ်ပါ။ Complaints တခုတိုင်းသည် Duration မည်မျှကြာသည်ကို မေးပါ။ လူနာပြောသည့်စကားအတိုင်း ရေးမှတ်ပါ။
မေးသင့်သောမေးခွန်းများ မေးရမည်။ ဥပမာ မည်သည့်အချိန်မျိုး၌ ရောဂါကိုခံစားရသည်။ မည်မျှဆိုးသည်။ မည်သည့် နေရာ၌ အတိအကျကျဖြစ်သည်။ မည်သည့်အရပ်မျက်နှာသို့ ကူးသွားသည်။ မည်သည့်အချိန်၌ ပိုဆိုးသည်။ မည်သို့ နေလျင်၊ သက်သာသည်။ အမျိုးသမီးဖြစ်ပါက လစဉ်ရာသီအကြောင်း၊ သွေးဆုံးခြင်း၊ အိမ်ထောင်ရှိ-မရှိ၊ မွေးလမ်းမှ တမျိုးမျိုးဆင်းခြင်း။ Family history မိသားစု ကျန်းမာရေးရာဇဝင်။ မိသားစုအတွင်း ဆီးချို၊ သွေးတိုး၊ ပန်းနာစသည့် ရောဂါရှိသလား။ ပတ်ဝန်းကျင် ကျန်းမာရေးအခြေအနေ။ ဥပမာ (တီဘီ) ရောဂါရှိသူနှင့် တအိမ်တည်း နေဘူးသလား။ အလုပ် အကိုင် အမျိုးအစား၊ Past Medical History နောက်ကြောင်းကျန်းမာရေးရာဇဝင်။ အရင်ကလည်း ဤသို့ ဖြစ်ဘူးခြင်း ရှိ-မရှိ။ ဆေးရုံတက် ဘူးခြင်း ရှိ-မရှိ။ ငှက်ဖျားရောဂါရဘူးခြင်း ရှိ-မရှိ။ ဓါတ်မှန်-(အာလ်ထွာဆောင်း) ရိုက်ဘူးခြင်း၊ ခွဲစိတ်ကုသ ခံရဘူးခြင်း၊ ဆေးမတည့်ခြင်း၊ ဆေးလိပ်-အရက်-မူးယစ်ဆေး သုံးစွဲခြင်း။
စစ်ဆေးပုံ အဆင့်ဆင့်
၁) Inspection မျက်စိဖြင့် ခြေစခေါင်းဆုံး စစ်ဆေးခြင်း၊
၂) Palpation လက်ဖြင့် စစ်ဆေးခြင်း၊
၃) Percussion လက်ဖြင့်ခေါက်၍ ထွက်ပေါ်သည့်အသံကို နားထောင်ပြီး စစ်ဆေးခြင်း၊
၎) Auscultation နားကြပ်ဖြင့် နားထောင်ပြီး စစ်ဆေးခြင်း၊
Inspection မျက်စိဖြင့် လူနာအား ခြေစခေါင်းဆုံး စစ်ဆေးခြင်း
လူနာအား ခြေစ-ခေါင်းဆုံး ကြည့်ရှုစစ်ဆေးပါ။ Pale အသားအရောင် ဖြော့တော့နေခြင်း။ Cyanosis နှုတ်ခမ်းပြာ နေခြင်း။ Jaundice မျက်စိ ဝါနေခြင်း။ Oedema ဖေါရောင်နေခြင်း။ Pain လူနာသည် နာကျင်ခြင်း။ Dyspnea အသက်ကောင်းစွာ ရှူ-မရှူ။ Restlessness ဂနာမငြိမ်ဖြစ်နေ-မနေ။ Deformities ကိုယ်အင်္ဂါ ချို့ယွင်းနေ-မနေ။ Surgical Scar ခွဲစိတ်ထား သည့် အမာရွတ်။ Lumps အလုံး၊ အကြိတ်၊ Ulcer/Sore အနာ။ Dyspnea လူနာ၏အသက်ရှူသံ၊ Conciousness သတိ အခြေအနေ။
Palpation လက်ဖြင့်စမ်းခြင်း
Cold extremeties ခြေလက်-အရေပြား အေးစက်နေခြင်း၊ Fever ဖျားခြင်း၊ Anemia မျက်ခွန်လှန်ကြည့်၍ ဖြူနေခြင်း၊ Jaundice ဝါနေခြင်း၊ Glaucoma မျက်လုံးအတွင်း ဖိအား များခြင်း၊ Liver အသည်း၊ Spleen ဘေလုံး၊ Kidney ကျောက် ကပ်ကြီး-မကြီး။ Pregnancy ကိုယ်ဝန်၊ Uterus သားအိမ် အမြင့်။ Tenderness အလုံး-အကျိတ်-အနာတို့အားဖိသည့် အခါနာကျင်ခြင်း။ နေရာ၊ အရွယ်၊ ပုံသဏ္ဌာန်၊ အပြော့အမာ၊ အပူအအေး၊ ချောမွေ့မှု-ကြမ်းတမ်းမှု၊ ရွေ့လျားမှု၊ Pulse လက်ကောက်ဝတ်သွေးခုန်ခြင်း၊ Oedema ကိုယ်ရောင်ခြင်း၊
နောက်ကြောတွင် လက်ဝါး ၂ ဖက် ညီတူညီညာတင်၍ လက်မသည် အသက်ရှူသွင်း-ထုတ်လုပ်စဉ် အလည်မျဉ်းမှ မည်မျှ အကွာအဝေးသို့ ရွေ့သနည်း ကြည့်ပါ။
Percussion လက်ဖြင့်ခေါက်၍စစ်ဆေးခြင်း
လက်ဖြင့်ခေါက်၍ စမ်းခြင်းဖြင့် ထွက်သည့်အသံကို နား ထောင်ရမည်။ အဆုပ်တွင် လေရှိသောကြောင့် လှိုင်သံ Resonant sound ထွက်ရမည်။ အရိုး၊ ကြွက်သား၊ အသည်းတို့သည် Dull sound ထုံသံ ထွက်မည်။ အသည်းသည် ညာဘက် နံရိုးကြား အမှတ်စဉ် မည်သည့် နေရာကစ၍ ထုံသနည်း။ ညာဘက်-ဘယ်ဘက် အသံတူ-မတူ။ Pleural effusion အဆုပ်အိတ်ထဲ ရေအောင်းခြင်း၊ Pneumonia အဆုပ်ရောင်နေလျင် ထုံသံထွက်မည်။ Pneumo-thorax အဆုပ်ထဲ လေများနေလျင် လှိုင်သံပိုထွက်မည်။
Auscultation နားကြပ်ဖြင့် နားထောင်ပြီး စစ်ဆေးခြင်း
Stethoscope နားကြပ်ကို အသုံးပြုပြီး၊ ကိုယ်အတွင်းက ပေါ်ထွက်နေသော အသံများကို နားထောင်ခြင်းဖြစ်သည်။ နေရာကိုရွေးခြယ်ပြီးနောက် မျက်စိမှိတ်လျက် အကြားအာရုံ ကိုသာ ဂရုစိုက် နားထောင်ရမည်။ နှလုံးခုန်အသံ၊ အသက် ရှူသံ၊ အစာအိမ်၊ အူလှုပ်ရှားသံများကို နားထောင်သည်။
အသက်ရှူသံ နားထောင်ပုံ
(၁) Heart sounds နှလုံးခုန်သံများ
နားကြပ်ဖြင့် နှလုံးခုန်သံကို ၄ နေရာမှာ နားထောင်ရသည်။ နှလုံးတွင် အခန်း ၄ ခန်း ပါသည်။ အဆို့ရှင် ၄ ခုရှိသည်။ နှလုံးခုန်းသံ (၁)အား Lubb ဟု၎င်း၊ (၂)အား Dub (Dup) ဟု၎င်း ခေါ်သည်။ First heart sound (Lub) ပဌမနှလုံးခုန်သံ သည် နှလုံး၏ အထက်ခမ်းများနှင့် အောက်ခမ်းများကြား ရှိသည့် အဆို့ရှင် ၂ ခုပိတ်ခြင်း၊ ယင်းကြောင့် သွေးများလှုပ်ရှားမှု၊ Vibration တုံခါမှုကြောင့်ဖြစ်သည်။ Second heart sound (Dub) ဒုတိယနှလုံးခုန်သံသည် သွေးကြောမကြီးနှင့် အဆုပ် သွား သွေးကြောမကြီးတို့၏ အဆို့ရှင်များ ပိတ်ခြင်း၊ ယင်းကြောင့် သွေးများလှုပ်ခါမှု၊ တုံခါမှုကြောင့်ဖြစ်သည်။ အဆို့ရှင် များ၏ ပိတ်သံထက် သွေးများလှုပ်ရှားမှု အသံက ပိုကျယ်ခြင်းသည်။ အတိအကျ သိလိုပါက (အီးစီဂျီ) လုပ်ရမည်။
1. Mitral valve (LV): ဘယ်ဘက်နံရိုးကြား အမှတ်(၅)၊ နို့သီးအောက်နား နေရာ၊
2. Pulmonic valve: ဘယ်ဘက်နံရိုးကြား အမှတ်(၂)၊ ရင်ညွန့်ရိုး၏ ဘယ်ဘက်ဘေး နေရာ၊
3. Tricuspid valve (RV): ညာဘက် နံရိုးကြား အမှတ်(၄)၊ ရင်ညွန့်ရိုး၏ ညာဘက်ဘေး နေရာ၊
4. Aortic valve: ညာဘက်နံရိုးကြား အမှတ်(၂)၊ ရင်ညွန့်ရိုး၏ ညာဘက်ဘေး နေရာ၊
Abnormal heart sounds (Heart murmurs) ပုံမှန်မဟုတ်သော နှလုံးခုန်သံများ (မားမား)
သွေးများ ပုံမှန်စီးဆင်းခြင်းမရှိ၍ ထွက်သောအသံများဖြစ်သည်။ အဆို့ရှင်များ ကောင်းစွာ ပိတ်ခြင်းမရှိ၍ ဖြစ်ရသည်။ အဆို့ရှင် ၄ ခုလုံး၌ အကျဉ်း-အကျယ်တို့ ဖြစ်နိုင်သောကြောင့် (မာမာ)အသံ ၄ မျိုးထွက်မည်။ Mitral Regurgitation, Mitral Stenosis, Aortic Regurgitation, Aortic Stenosis, Tricuspid Stenosis, Tricuspid Regurgitation, Pulmonary Stenosis, Pulmonary Regurgitation
ကလေးငယ်များတွင် မွေးရာပါရောဂါများကြောင့် (မာမာ) များ ရှိနိုင်သည်။ Patent Ductus Arteriosus (PDA), Atrial Septal defect (ASD), Ventricular Septal defect (VSD), Coarctation of the Aorta
(၂) Breath sounds အသက်ရှူသံများ
အသက်ရှူနှုန်း တမိနစ်လျင် ပုံမှန် ၁၂-၂ဝ ရှိသည်။ ပဌမအသံက ဒုတိယအသံထက် ပိုကျယ်သည်။ ပုံမှန်မဟုတ်သည့် အသံများမှာ အသက်ရှူသံ နည်းခြင်း၊ များခြင်း၊ မကြားရခြင်း၊ အခြားအသံများရှိခြင်းတို့ ဖြစ်သည်။ အဆုပ်ထဲသို့ လေ အဝင်နည်းခြင်း၊ အဆုပ်သည် လွန်စွာ တင်းဖေါင်းနေခြင်း၊ အဆုပ်ကို ဖုံးထားသည့်အလွှာ ထူနေခြင်း၊ ယင်းအထဲ အရည် ရှိနေခြင်းတို့ကြောင့် အသံကောင်းကောင်း မကြားရဖြစ်မည်။
ပုံမှန်မဟုတ်သော အသက်ရှူသံများ
၁) Rales, Crepts, Crackles or Popping sounds ဟုခေါ်သည်။ လေလမ်းကြောင်းထဲ အရည်များကြောင့် ကြားရသည်။ လေအဝင်မှာ ပိုကြားရနိုင်သည်။ Pneumonia နူမိုးနီးယား၊ အဆုပ် အင်ဖက်ရှင်၊ Congestive heart failure နှလုံးရောဂါ၊
၂) Rhonchi (ရောင်ခိုင်)၊ Wheezes (ဝှီးစ်) စူးရှသော ကျဉ်းနေသည့်လေပြွန်ထဲ လေတိုးဝင်သည့်အသံ။ လေအထွက်မှာ ပိုကြားရသည်။ Asthma ပန်းနာရောဂါ၊ Tumor ကင်ဆာ၊ Obstructing foreign bodies အခြားပစ္စည်းဖြင့် ပိတ်နေခြင်း၊
(၃) Abdominal sounds ဝမ်းဗိုက်အသံများ
အူများ၏လှုပ်ရှားမှုကြောင့်ဖြစ်သည်။ များသောအားဖြင့် Peristalsis အသံများသည် ပုံမှန်ဖြစ်သည်။ အသံရှိနေခြင်းသည် ပုံမှန်အလုပ် လုပ်နေခြင်းကိုပြသည်။ အသံနည်းခြင်းမှာ အိပ်နေစဉ်၊ ခွဲစိတ်ခံအပြီး၊ ဆေးများကြောင့်ဖြစ်ရသည်။ ဝမ်းချုပ် နေလျင်လည်းနည်းမည်။ Ileus သည် အူမလုပ်မလုပ်သဖြင့် အသံလုံးဝမကြားရခြင်းဖြစ်သည်။ ဝမ်းပျက်ခြင်း၊ အစာစားပြီး ဖြစ်ခြင်းတို့ကြောင့် များများကြားရမည်။ အူပိတ်ခြင်းကြောင့်လည်း များများကြားရမည်။
Pulse လက်ကောက်ဝတ်သွေးခုန်ခြင်း
လူနာ၏ လက်တဖက်ဖက်၏ လက်ကောက်ဝတ်နေရာအား သက်တောင့်သက်သာ ထားပြီး၊ မိမိ၏ လက်တဖက်၏ လက် (၂-၃) ချောင်းဖြင့် ထိန်းကိုင်၍ စမ်းပါ။ လက်သူကြွယ်အား အနည်းငယ်ဖိ၍ လက်ညှိုးနှင့် လက်ခလည်တို့က လူနာ၏ လက်မအထက်၊ လက်ကောက်ဝတ်နေရာ၌ခုန်နေသော သွေးလွှတ်ကြော Radial Pulse အား စမ်းရသည်။
1. Rate တမိနစ်လျင်မည်မျှ။ (60-100/min = normal)
2. Rhythm စည်းချက်ကျကျရှိ-မရှိ။ (Regular or irregular)
3. Volume စမ်း၍လွယ်သည်-ခက်သည်။ (Good or weak)
Blood Pressure (BP) သွေးဖိအားတိုင်းခြင်း
သွေးလွှတ်ကြောကြီးများအတွင်း လှည်လည်နေသည့်သွေးသည် သွေးလွှတ် ကြော နံရံအား မည်မျှဖိအား သက်ရောက်နေသည်အား Sphygmomanometer ဖြင့်တိုင်းသည်။ အထက်ဂဏန်းကို systolic pressure ဟု၎င်း၊ အောက်ဂဏန်းကို diastolic pressure ဟု၎င်းခေါ်သည်။ ပျမ်းမျှ systolic pressure သည် 112.4 mm Hg နှင့် diastolic pressure သည် 64.0 mm Hg ဖြစ်သည်။
ပဌမဦးစွာ BP တိုင်းကရိယာကို လူနာ၏ လက်မောင်းမှာ ပြေပြစ်စွာ ပတ်ပါ။ တံတောင်ဆစ် ရှေ့နေရာကို ချန်လှပ်ထားပါ။ BP တိုင်းကရိယာကို လူနာ၏ နှလုံးနှင့် တတန်းထဲတားပါ။ Pulse ကို စမ်းပါ။ ပြဒါးကို ၁၂ဝ-၁၄ဝ အထိတင်ပါ။ Pulse ပျောက်သွားမည်။ ပြဒါးကို ဖြည်းဖြည်းချင်း လျော့ချပါ။ Pulse ပြန်၍ စမ်းရသည့် ဂဏန်းသည် အကြမ်းအားဖြင့် အထက် သွေးဖိအားဟု မှတ်ပါ။ ထို့နောက် နားကြပ်ကို တံတောင်ဆစ် ရှေ့နေရာပေါ်မှာ တင်ပါ။ ပြဒါးကို ရထားသည့် ဂဏန်း အထက် ၂ဝ ခန့်များသည်အထိ တင်ပါ။ ဖြည်းဖြည်းချင်း လျော့ချပါ။ နားကြပ်မှ နှလုံးခုန်သံကဲ့သို့ အသံကို စကြားရသည့် ဂဏန်းမှာ Systolic အထက်သွေးဖိအား၊ ပျောက်သွားသည့် ဂဏန်းသည် Diastolic အောက်သွေးဖိအား ဖြစ်သည်။
ဝမ်းဗိုက်စမ်းသပ်ခြင်း
ဗိုက် တင်းနေ-မနေ၊ ဝမ်းဗိုက်ထဲရှိ အသည်း၊ ဘေလုံး၊ ကျောက်ကပ်၊ သားအိမ် ကြီး-မကြီး၊ အခြားအလုံး ရှိ-မရှိ။ ရှိလျင် နေရာ၊ အရွယ်အစား၊ နာကျင်မှု ရှိ-မရှိ၊ ရေ (ဖျင်းစွဲခြင်း)၊ ရှိ-မရှိ၊ ထို့ပြင် သီးခြားရောဂါများအတွက် စမ်းသပ်မှုများ၊ ဥပမာ Appendicitis အူအတက်ရောင်ခြင်း၊ Gastric perforation အစာအိမ်ပေါက်ခြင်း၊ Intestinal obstruction အူပိတ်ခြင်း၊
ဒေါက်တာတင့်ဆွေ

Comments
Post a Comment