နှစ်စဉ် မတ်လ (၂၂) နေ့ကို ကမ္ဘာ့ရေနေ့လို့ ကုလသမဂ္ဂကနေသတ်မှတ်ထားတာ ၁၉၉၃ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ၁၉၉၂ ကတည်းက ကုလသမဂ္ဂသဘာဝပတ်ဝန်ကျင်ဖွံ့ဖြိုးရေး ကွန်ဖရင့်ကနေ သတ်မှတ်ပေးခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ် အတွက်ဆောင်ပုဒ်ကတော့ ရေဖြုန်းတီးခြင်းနဲ့ နောက်နှစ်အတွက်ကတော့ ရေအတွက်သဘာဝနည်းနဲ့ ဖြေရှင်းခြင်း ဖြစ်ပါတယ်။
၂ဝ၁၆ ခုနှစ် ကမ္ဘာ့ရေနေ့ရဲ့ဆောင်ပုဒ်က ရေနဲ့အလုပ်အကိုင်ဖြစ်ပါတယ်။ ရေအတွက် လမ်းပြကူညီသူတွေကနေ လူတွေရဲ့ဘဝတွေကိုပြောင်းလဲစေဖို့ မျှော်မှန်းပါတယ်။ အလုပ်ဟူသမျှ အကုန်နီးပါးလောက် ရေနဲ့ဆက်စပ်နေပါတယ်။ ဒါပေမယ့် ကမ္ဘာ့အလုပ်သမားပေါင်း ၁့၅ သန်းတို့ဟာ ရေထဲမှာ လုပ်ကိုင်နေရပေမယ့် အခြေခံ အလုပ်သမား အခွင့်အရေးတွေကို ငြင်းပယ်ခံနေကြရတယ်။ အဲတာကိုပြောင်းလဲဖို့ လိုအပ်ပါတယ်။
ရေနဲ့စွမ်းအင်ဟာ အပြန်အလှန်ဆက်စပ်နေကြပြီး အပြန်အလှန်လဲ တော်များများ မှီတည်နေကြပါတယ်။ တခုခုမှာ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ လုပ်ဆောင်ချက်တွေက နောက်တခုအပေါ် အနုတ်သဘောသက်ရောက်တာတွေကို နည်းစေနိုင်တယ်။ အနုတ်သဘောဖြစ်မှာတွေကို စီမံခန့်ခွဲမှု ကောင်းကောင်းလုပ်မှသာ အဲဒီအပြန်အလှန်သဘောကို ကောင်းလာစေနိုင်ပါတယ်။ ရေနဲ့စွမ်းအင်ဟာ ဆင်းရဲ့မှုပပျောက်ရေးကို တိုက်ရိုက်သက်ရောက်စေနိုင်ပြီး၊ ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်တွေထဲက ရေရရှိရေး၊ သန့်ရှင်းရေး၊ ပါဝါနှင့် စွမ်းအင်ပင်ရင်းများကိုလဲ သွယ်ဝှိုက်ပြီး သက်ရောက်စေပါတယ်။ ရေနဲ့စွမ်းအင်ဟာ စီးပွါးရေးတိုးတက်ဘို့အတွက် ပူးတွဲထားတဲ့ အဟန့်အတားတွေလဲ ဖြစ်ကြတယ်။
မြန်မာနိုင်ငံမှာ ရေမပြောနဲ့ ဆီကိုရေချိုးပြီး၊ ဆေးရိုးမီးလှုံဆိုတဲ့ခေတ်ကနေ တရွေ့ရွေ့လျောကျလာနေတယ်။ ရေကို ဝယ်သောက်နေကြရပါပြီ။ မြစ်ရေကိုအားပြုပြီး အသက်မွေးဝမ်းပြုနေသူတွေမှာလဲ လုပ်ကွက်တွေ ကျဉ်းသထက် ကျဉ်းမြောင်း၊ ပျောက်ကွယ်လာနေပါတယ်။ တိုင်းပြည်ရဲ့ အသက်သွေးကြောလို့တင်စားတဲ့ ဧရာဝတီ၊ သံလွင်နဲ့ ချင်းတွင်းမြစ်ကြီးတွေကိုလဲ ရောင်းစားခံနေရပါပြီ။ တချိန်မှာ ကိုယ့်အိမ်ထဲ ကိုယ့်ဖါသာတူးထားတဲ့ရေတွင်းတွေကို အခွန်လာမကောက်ဘူး မပြောနိုင်ပါ။
စွမ်းအင်ဆိုတာတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့အရင်းအမြစ်ဆိုတာ သူများနိုင်ငံအတွက်သာ ဖြစ်နေရတဲ့ဘဝကို ရောက်လာနေပါပြီ။ ကျွန်တော် အိန္ဒိယကိုရောက်ကာစက တဖက်နိုင်ငံ နယ်စပ်ပြည်နယ်နေလူတွေက တချိန်တုံးက မြန်မာပြည်က (ဘီအိုစီ) ကို သူတို့လဲ အားကိုးခဲ့ရတဲ့ခေတ်ကို ပြန်ပြောပြကြတယ်။ အခုတော့ မြန်မာပြည်က ဓါတ်ငွေ့ပိုက်လိုင်းကြီးကို အားကိုးတဲ့ နောက်ထပ်နိုင်ငံတမျိုးခေတ် ရောက်နေပါပကောဗျာ။ သူတို့က ကျေးဇူးစကား ပြော မပြောတော့ မသိပါ။
ဒေါက်တာတင့်ဆွေ
၂၁-၃-၂ဝ၁၇

Comments
Post a Comment