Exercise after Surgery ခွဲစိတ်ထားပြီးသူ လေ့ကျင့်ခန်းလုပ်ခြင်း

Exercise after Surgery ခွဲစိတ်ထားပြီးသူ လေ့ကျင့်ခန်းလုပ်ခြင်း

၁။ ဆရာ မင်္ဂလာပါ။ ကျွန်မအသက် ၃၂နှစ်ပါ။့ မှာနေပါတယ်။ ကလေး ၅လရှိပါပြီ။ ဗိုက်ခွဲမွေးထားတာပါ။ ကလေးမွေးပြီး ဘယ်လောက်နေရင် အားကစားလုပ်လို့ရပါသလဲဆရာ။ ဝိတ်အရမ်းတက်ပြီး ဗိုက်လဲပူလာလို့ပါ။ အိပ်-ထ-မတင်တို့ အပြေးလေ့ကျင့်တာတို့က လုပ်လို့ရပါသလားဆရာရှင့်။ ကလေးနို့တိုက်နေလို့ အစားမရှောင်ဖြစ်ပါဘူးဆရာ။

၂။ ဆရာ သမီးအသက် ၃၈ နှစ်ပါ ။ ကလေးခွဲမွေးတာ ၄၅ ရက်ပြည့်ပါပြီဆရာ။ လေ့ကျင့်ခန်းပြန်လုပ်လို့ရပြီလားဆရာ။ အဓိကစက်မှာပြေးတာနဲ့ ခါးလှည့်တဲ့ကွင်းနဲ့ ခါးလှည့်တာပါပဲဆရာ။ ဆရာအချိန်ရရင် ကျေးဇူးပြု၍ ဖြေကြားပေးပါနော်ဆရာ။ သမီးကလေးမွေးပြီးမှ အရမ်းဝလာလို့ပါဆရာ။ ရိုသေလေးစားစွားဖြင့်။

၃။ ဆရာ သမီးအသက်က ၂၆ နှစ်ပါ။ ရန်ကုန်မှာနေပါတယ်။ သမီးဗိုက်ခွဲပြီးကလေးမွေးထားတာ ၂ လရှိပါပြီ။ အဲဒါသမီးက အခု အားကစားလေ့ကျင့်ခန်းမမှာ သွားကစားနေပါပြီ။ တခြားလူတွေကပြောကြပါတယ် ဗိုက်ခွဲမွေးထားရင် အနည်းဆုံး ၆ လလောက်မှ သွားကစားလို့ရတယ်ပြောပါတယ်ဆရာ။ ချုပ်ရိုးကွဲတတ်တယ်လို့လဲပြောကြတယ်ဆရာ။ သမီးကအခု ၂ လ လောက်တည်းက လေ့ကျင့်ရေးခန်းမစင်တာမှာ သွားကစားနေတာဆိုတော့ ဘယ်နှစ်လလောက်နေမှ ကစားလို့ရမလည်းဆရာ။

၎။ ဗိုက်ခွဲပြီးကလေးမွေးပြီးရင် Gym ဘယ်နှစ်လဆိုကစားလို့ရပါသလည်းရှင့်။ ကျွန်မအသက်က ၂၄ ပါ၊ ဗိုက်ခွဲမွေးတာ ၂ယောက်ရှိပါပြီ။ ဝိတ်တွေတအားတက်လာလို့ပါ။ နို့တိုက်မိခင်အနေနဲ့ အစားလျော့လို့လည်းမဖြစ်တော့ ဘယ်နည်းနဲ့ ဝိတ်ချရင် အဆင်ပြေဆုံးပါလည်းဆရာ။

၅။ ဆရာရှင့် ကျွန်မ ခွဲမွေးထားတာ ၂ လပြည့်ပါပြီ။ ကျွန်မ ဘယ်လိုလေ့ကျင့်ခန်းလုပ်ချင်လို့ရပြီလား သိချင်လို့ပါဆရာ။ စလုပ်လို့ရရင် ဘယ်လိုလေ့ကျင့်ခန်းမျိုးကို စလုပ်ရမလဲလို့ ပြောပြပေးပါဆရာရှင့်။

၆။ သမီးအသက် ၂၄ နှစ်ပါ။ ကလေးဗိုက်ခွဲမွေးထားတာ ၆ လကျော်ပါပြီ။ ခုသမီး gym နဲ့ပက်သက်ပြီး လေ့ကျင့်ကစားလို့ ရပါပြီလားဆရာ။

၇။ ဆရာရှင့် ဗိုက်ခွဲပြီး ကလေးမွေးထားတဲ့ အမျိုးသမီးတယောက်အနေနဲ့ ဘယ်အချိန်လောက်မှာ လေ့ကျင့်ခန်း စလုပ်နိုင်ပါသလဲ။ ဝိတ်ချတာဘယ်လိုနည်းနဲ့ချနိုင်ပါမလဲ။ အခု ဒုတိယကလေးကို ခွဲမွေးတာ အတွင်းအနာက အခု ၂ လခွဲအထိ သိပ်မကျက်ချင်ဘူး ဖြစ်နေတယ်။ စမ်းမိရင်နာနေတုန်းပါပဲ။ အတွင်းချုပ်ရိုးက အနားစပ်မှာ လုံးလုံးလေး ဖြစ်နေတယ်။ ပြဿနာများရှိနိုင်မလားဆရာ။ သားဦးတုန်းကတော့ ဘာမှမနာခဲ့သလိုပါပဲ။ သူငယ်ချင်းလဲ ဒုတိယကလေး ၂ နှစ်ကျော်တာတောင် နာနေတုန်းလို့ပြောပါတယ်။ ပြီးတော့ ဗိုက်ခွဲကလေးမွေးတဲ့အခါ ချုပ်ရိုး ၃ ခါ ချုပ်ရတယ်လို့ ကြားဖူးပါတယ်။ အသေးစိတ်ဖြေကြားပေးနိုင်မလားရှင့်။

ဗိုက်ခွဲတာတိုင်းမှာ အရေပြား၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး၊ ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရတယ်။ ကလေးဖွါးတာဆိုရင် သားအိမ်ကိုလဲ ၃ ထပ်ချုပ်ပေးရတယ်။ နာတာမှာ ခံစားမှုမတူတာရှိတယ်။ ဗိုက်ကို တခါမက ခွဲရသူတွေဆိုရင် သတိထားစရာတခုရှိတယ်။ တခါခွဲတိုင်း တွယ်ကပ်ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှုဖြစ်တယ် စာတပုဒ်သပ်သပ် ရေးထားပါတယ်။ လိုအပ်ရင် စစ်ဆေးပြုပြင်ပေးမယ်။

ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားရှိတယ်။ ဗိုက်ခွဲရရင်တော့ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ခွဲရတာတွေလဲ အကြီးစားလို့ ယေဘုယျ ပြောနိုင်တယ်။ အနာ၊ ဒဏ်ရာနဲ့ ခွဲစိတ်နာတွေက အပေါ်ယံအရေပြား ကျက်ဘို့ (၈) ရက်ထက်မစောင့်ရပါ။ ခေါင်းပိုင်းဆို (၅) ရက်သာ ကြာတယ်။ ချုပ်ရိုးဖြေတဲ့ရက်တွေဖြစ်ပါတယ်။ အရိုးကျိုးထားတာက အချိန်ပိုယူပါမယ်။ အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရက်တူလောက်မှာ အနာကျက်ပါတယ်။ အကြမ်းဖျဉ်း နှစ်ပါတ် (၁၄ ရက်) ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ ပြောနိုင်တယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်းဟသွားတာ၊ ပွင့်သွားတာ မဟုတ်ရင်ပြောတာဖြစ်ပါတယ်။

ဗိုက်ကိုအကြီးစားခွဲစိတ်မှုလုပ်ပြီး ချုပ်ရိုးကြောင်းတခုလုံး ဟထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုးဖြေတဲ့ရက်မှာဘဲ ဖြစ်တယ်။ ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်း အနည်းဆုံး (၃) ယောက်လောက်တွေ့ရဘူးတယ်။ အဲလိုလူမျိုးကတော့ ပိုစောင့်ရမယ်။ ခွဲစိတ်ပြီးနောက် မေ့ဆေး၊ ထုံဆေးပျယ်တာနဲ့ လှုပ်ရှားမှုစနိုင်တယ်။ စလည်းစသင့်တယ်။ (ဟာနီယာ) အူကျတာကို ခွဲစိတ်တာ၊ (ပလပ်စတစ်) ခွဲစိတ်တာစတဲ့ တချို့ ချွင်းချက်ကလွဲရင် ပြောတာဖြစ်ပါတယ်။
အသက်ကြီးသူတွေဆိုရင် ခြေထောက်လှုပ်ရှားမှုကို မဖြစ်မနေလုပ်စေတယ်။ လမ်းလျှောက်နိုင်တာလဲ ရက်မကြာပါ။
လေ့ကျင့်ခန်းလုပ်တာမျိုးအတွက် အနည်း-အများနဲ့ အပြင်း-အပျော့ကွာမယ်။ ဘာလုပ်လုပ် ဖြေးဖြေး၊ နည်းနည်းကနေ စသင့်တယ်။

၎ ပါတ်ဆိုရင် မခွဲစိတ်ခင်ကလို လုပ်နိုင်ပါပြီ။ ခွဲထားတဲ့နေရာအတွက်သာ စောင့်ကြရတာဖြစ်ပါတယ်။ လက်ကို ခွဲထားသူက ဗယ်လီလေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။ အမျိုးသမီးတွေ တင်ပါးဆုံနေရာ၊ မွေးဖွါးလမ်းမှာ ခွဲစိတ်ရသူဆိုရင် (ကီဂယ်လ်) လေ့ကျင့်ခန်းလိုမျိုးကတော့ (၂) ပါတ်ထက်ပိုပြီး စောင့်စရာမလိုပါ။ သားအိမ်နဲ့ မွေးလမ်း၊ ဆီးလမ်းအားကောင်းစေဘို့ လုပ်နည်းကို ဆိုလိုတာပါ။ စာတပုဒ် သပ်သပ်ရေးထားပါတယ်။ လေ့ကျင့်ခန်းနဲ့အတူ၊ အစားအသောက်နဲ့ လိုမဲ့ဆေးတွေလဲ ကူသင့်တယ်။ ဥပမာ မျှတလုံလောက်တဲ့ အာဟာရ စားသောက်ရမယ်။ (တစ်ရှူး) တွေ အသစ်ဖြစ်စေအောင် (ပရိုတင်း) ဓါတ် မနည်းစေရပါ။ ကြွက်သား အားကောင်းအောင် (ပိုတက်ဆီယမ်) အပိုဆောင်းလိုနိုင်တယ်။ ဗီတာမင် (စီ) လဲ ၅ဝဝ မီလီဂရမ် သောက်တာ ကောင်းပါတယ်။

- Kegel Exercise for Women (ကီဂယ်လ်) လေ့ကျင့်ခန်း http://doctortintswe.blogspot.com/2015/01/kegel-exercise-for-women.html
- Exercise after giving birth ကလေးမွေးပြီး လေ့ကျင့်ခန်းလုပ်ခြင်း http://doctortintswe.blogspot.com/2015/12/exercise-after-giving-birth.html 
- Exercise after Surgery ခွဲစိတ်ထားပြီးသူ လေ့ကျင့်ခန်းလုပ်ခြင်း http://doctortintswe.blogspot.com/2014/12/exercise-after-surgery.html 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ