Cereal မနက်စာ

ငယ်ငယ်က မနက်စာဆို ထမင်းကြမ်းစားတယ်။ တမင်းကြမ်းကြော်မှာ နနွမ်းမှုံ့သာပါတဲ့အခါပါ၊ ကြက်သွန်နီ ပါတဲ့အခါပါ။ မဆလာထည့်တဲ့အခါထည့်။ ကြက်ဥကတော့ ရွာပြန်တဲ့ခါသာပါတယ်။ အသား မပါ။ အသီးအရွက်မပါ။ သောက်စရာက ရေနွေးကြမ်းသာ။

ဆရာဝန်ဖြစ်တော့ မနက်စာရဲ့ အာဟာရတန်ဖိုး တွက်တတ်လာတယ်။ အင်နာဂျီ ခေါ် အားရမယ်။ သွားနိုင်လာနိုင်၊ ပြေးနိုင်ဆော့နိုင်တယ်။ လိုတာတွေက ရှိသေးတယ်။

ဘရိတ်ဖတ်
ပြည်ပထွက်ရတော့ ဘရိတ်ဖတ်စ် စားရတယ်။ သူများတိုင်းပြည်အမျိုးမျိုးမှာ ဘရိတ်ဖတ်စ်အမျိုးစုံနဲ့ ကြုံရတယ်။ ဟော်တယ်တွေမှာဆိုတော့ ဘရိတ်ဖတ်စ်တွေက ဘယ်နိုင်ငံရောက်ရောက် ခပ်ဆင်ဆင်တွေချည်းပဲ။ ဖေါ်မြူလာလို လုပ်ထားတယ်။ အသီးဖျော်ရည် တခုခု၊ အများဆုံးကတော့ လိမ်မော်ရည်။ ကြက်ဥပါတယ်။ ပေါင်မုန့်က အမျိုးမျိုး။ ပေါင်မုန့်ကို အရင်က အရောင်ရော အတွေ့အထိပါ နုနေတာကိုသာ ကောင်းတယ်ထင်တယ်။ ခုခေတ်မှာ ပေါင်မုန့်ညိုသာ ခေတ်စားလာတယ်။ ဆန်တို့ ဂျုံတို့ကို ဖွေးသွားအောင်လုပ်မထားမှသာ အာဟာရတန်ဖိုး အပြည့်ရမယ်။ စားပြီးရင် ကော်ဖီလား၊ လက်ဖက်ရည်လားမေးမယ်။ အဲတာမှာလည်း သကြားဖြူက ခေတ်မစားတော့ပါ။ သကြားညိုတာလည်း လူတိုင်းအတွက်မဟုတ်ပါ။ သကြားအစားထိုး အမျိုးမျိုးရှိလာတယ်။ အချိုဓါတ် လျော့စားရမယ့်သူတွေအတွက်ပါ။

အမေရိကန်ဘရိတ်ဖတ်စ်ကတော့ ပုံစံနဲ့။ ပေါင်မုန့်နဲ့ ကြက်ဥ မကျက်တကျက်ကြော်။ ဝက်အူတောင့်။ ဝက်ပေါင်ခြောက် ခေါ် ဘေကွန်ပါတယ်။ အဲတာက ငန်တယ်။ ပေါင်မုန့်ကို ထောပတ်သုပ်မယ်။ သူတို့ဘရိတ်ဖတ်စ်က ကိုလက်စထော များလို့ နှလုံးရောဂါနဲ့ သွေးကြောကျဉ်းသူတွေနဲ့ မသင့်တာကိုပြောလာရတယ်။ ရောဂတ် ခေါ် ဒိန်ချဉ်စားဘို့ အားပေးတယ်။ နွားထွက်အစားအစာကို ပရိုဘိုင်အောတစ်ဖြစ်အောင် လုပ်ထားတာ။ အစာလမ်းအတွက်ကောင်းတယ်။

ဆီရီရယ်
ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘရိတ်ဖတ်စ်ထဲမှာ ဆီရီရယ်ကို အသားပေးလာပါတယ်။ မပါမဖြစ် ဖြစ်လာတယ်။ နွားနို့နဲ့ ဖျော်သောက်ရတယ်။ ကျောင်းတွေမှာလည်း ကျွေးတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကိုလည်း စားစေတယ်။ ဆီရီရယ်အမည်က Ceres ခေါ် ရိုမန် စိုက်ပျိုးရေးနတ်သမီးကနေ လာတယ်။

ဆီရီရယ်ဆိုတာ လူတွေစားသုံးနိုင်တဲ့ ကောက်နှံတွေကိုခေါ်တယ်။ Caryopsis ဖြစ်တယ်။ ရုက္ခဗေဒလို အင်ဒိုစပမ်၊ ဂျမ်နဲ့ ဘရန်တွေပါတဲ့အစေ့အဆံဖြစ်ပါတယ်။ အနှံတခုလုံးနဲ့လုပ်ထားမှသာ ဆီရီရယ်ခေါ်တယ်။ ဗီတာမင်တွေ + ဓါတ်ဆားတွေ + ကာဗွန်ဟိုက်ဒရိတ် ခေါ် ကစီဓါတ် + အဆီနဲ့ဆီ + ပရိုတင်းဓါတ်တွေ အစုံပါတယ်။ ကောင်းတယ်။ ဆန်၊ ဂျုံ၊ ပျောင်းဖူး၊ အနှံစားပျောင်း၊ လူး၊ ဘာလီ၊ ဆပ်တွေကို စားကြတယ်။ ဆီရီရယ်မှာ အဲတာတမျိုးမျိုးကနေ လုပ်ထားတယ်။ ကျွန်တော်တို့ အစဉ်အလာစားသုံးတာတွေက ဖြူဖွေးနေအောင်ချွတ်ထားလို့ အင်ဒိုစပမ်သာကျန်တယ်။ အပြင်က ဂျမ်နဲ့ ဘရန် ခေါ် ဖွဲနုမကျန်တော့လို့ အာဟာရအစုံမရတော့ပါ။ သွားနိုင်လာနိုင်၊ ပြေးလွှားနိုင်ရုံသာရမယ်။ ဗီတာမင်တွေ မစုံတော့။ ခုခံအားနဲ့ အနာကျက်ဘို့ အားနည်းမယ်။

မနက်စာ အရေးပါ
မနက်စာလွတ်သူတွေရှိတယ်။ သူများနိုင်ငံတွေမှာလုပ်တဲ့ ၂ဝ၁၁ ခုနှစ် သုတေသနတခုမှာ အသက် ၃၅ နှစ်ကနေ ၅၄ နှစ်ရှိသူတွေထဲက ယောက်ျား ၁၈% နဲ့ မိန်းမ ၁၃% တို့ မနက်စာမစားကြပါ။ ဆီးချိုရှိလို့ မနက်စာမစားဘဲနေတာ မကောင်းဘူးလို့ သုတေနသတခုက ဆိုပါတယ်။ နှလုံးရောဂါရှိလို့ မနက်စာမစားဘဲ မနေသင့်ပါ။ ကိုယ်အလေးချိန် ချချင်တာနဲ့လည်း မစားပဲနေတာ ပိုမကောင်းပါ။ လေ့လာဆန်းစစ်မှုတခုကို လူပေါင်း ၂၇ဝဝဝ ယောက်ကိုလုပ်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာ စားခြင်းကနေ နှလုံးကို ကာကွယ်ရာကျတယ်လို့ သိလာရတယ်။ လူ ၃ သောင်းကို လေ့လာတော့ ဆီးချိုအမျိုးအစား (၂) ဖြစ်စေမှာ အခွင့်အလမ်းနည်းတာ တွေ့ရတယ်။ မနက်စာစားသူတွေက မစားသူတွေထက် လှုပ်ရှားသွားလာတာ ပိုလုပ်နိုင်ကြတယ်။ မှတ်ဉာဏ်နဲ့ စိတ်ကူးစိတ်သန်းလည်း ပိုကြတယ်။ ကိုယ်အလေးချိန် ပိုမတိုးစေပါ။ မနက်စာကိုတော့ ကျန်းမာရေးနဲ့ညီပါစေ။ လိုတာထက်လည်း မပိုပါစေနဲ့။

တနေ့မှာ ကယ်လိုရီ ၂ဝဝဝ လိုသူတယောက်အတွက် ဘရိတ်ဖတ်စ် ဆီရီရယ်၏ အာဟာရတန်ဖိုးကို ဆီရီရယ် (၈၁) ဂရမ် တခွက်ကိုအခြေခံပြီး တွက်ချက်ပြပါမယ်။
ကလိုရီ = ၃ဝ၇ (၁၅့၎%)
အဆီစုစုပေါင်း = ၅ ဂရမ် (၇%)
ပြည့်ဝဆီ = ဝ့၉ ဂရမ် (၄%)
ပေါ်လီမပြည့်ဝဆီ = ၁့၉ ဂရမ်
မိုနိုမပြည့်ဝဆီ = ၁့၆ ဂရမ်
ဆိုဒီယမ်ဆား = ၅ ဂ၇မ်
ပိုတက်ဆီယမ် = ၂၉၃ မီလီဂရမ် (၈%)
ကာဗွန်ဟိုက်ဒရိတ် = ၅၅ ဂရမ် (၁၈%)
ဖိုက်ဘာ = ၈ ဂရမ် (၃၂%)
သကြား = ဝ့၈ ဂရမ်
ပရိုတင်း = ၁၁ ဂရမ် (၂၂%)
ကယ်လ်စီယမ် = ၄%
သံဓါတ် = ၁၈%
ဗီတာမင် ဘီ-၆ = ၅%
မက်ဂနီဆီယမ် = ၂၈%

ဗီတာမင် အေ၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဗီတာမင်ဘီ-၁၂၊ ကိုလက်စထော မရ။ အဲတာတွေလိုသူတွေက တနည်းနည်းနဲ့ ဖြည့်ရမယ်။ ရာခိုင်နှုန်းတွေက တနေ့တာလိုအပ်ချက်မှာ ရနိုင်တာဖြစ်ပါတယ်။

မြန်မာပြည်မှာ ဆီရီရယ်စားတဲ့အကျင့် ပျိုးထောင်သင့်ကြပါတယ်။ အရည်အသွေးမီတဲ့ ဆီရီရယ်ကို ပြည်တွင်းမှာပါ ထုတ်လုပ်နိုင်တဲ့အဆင့်ထိ ရောက်စေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ကြီးမားတဲ့အားနည်းချက်က စည်းစနစ်နဲ့ အရည်အသွေးကို မလိုက်နိုင်ကြသေးတာဖြစ်တယ်။ အဲတော့ သူများပဲ အားကိုးနေရတုန်းပဲ။ ဈေးကွက်ထဲမှာ နို့ရော၊ နှံစားသီးနှံတွေကောပါဆိုတဲ့ Bear Brand စီရီရယ်ကိုတွေ့ရလို့ ဒီစာရေးဖြစ်တာပါ။

ကျန်းမာသန်စွမ်းတဲ့မျိုးဆက်တွေကို တိုင်းပြည်က အားထားချင်နေတယ်။ ဘုန်းတော်ကြီးတွေမှာ ဆွမ်းတကာ မရှိတဲ့အခါ အာရုံဆွမ်းအဖြစ် ဆွမ်းနဲ့ ပဲပြုပ်သာဘုန်းပေးကြရတယ်။ ဘုန်းကြီးကျောင်းတွေ လှူစရာမှာ ဆီရီရယ်ပါသင့်တယ်။ အရပ်သားတွေက ထမင်းကြမ်းခဲနဲ့ စစ်သားတွေက ကုလားပဲစိမ်းသာစားကြရတဲ့ခေတ်ကို ကျော်ဖြတ်ကြရအောင်။

ဒီစာကို ဆီရီရယ်ကုမ္ပဏီတခုအတွက် ရေးပေးတာ။ သူတို့ကြော်ငြာမှာ သတ်ပုံကို ကျွန်တော့်မူနဲ့ မတူ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၇
၁၅-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး