For your height only အရပ်ရှည်ဆေး တမေးတည်းမေး
အခုပဲ တပြိုင်တည်းရောက်လာတဲ့ မေးခွန်း ၂ ခု။
၁။ ဆရာရေကျွန်တော် အရပ်ရှည်ချင်သေးလို့ပါ အသက်က ၂၉နှစ်ရှိပါပြီ အရပ်ရှည်ချင်သေးလို့ ဘာဆေးသောက်ရမယ်မှန်း မသိလို့ပါ ကြော်ငြာတဲ့ဆေးတွေကလဲ မဝယ်သောက်ရဲလို့ ကျေးဇူးပြုပြီး ဆရာအနေနဲ့ ထောက်ခံပေးတဲ့ဆေးကောင်းလေးရှိရင် လမ်းညွှန်ပြပေးပါအုံး ကျေးဇူးတင်ပါတယ် ဈေးတွေက တယောက်တမျိုးတင်ထားတာဆိုတော့ ဘယ်ဟာက အမှန်မှန်း မသိလို့ပါ ဆရာအနေနဲ့ recommend ပေးနိုင်တဲ့ ဆေးရှိရင် အလင်းပြပါအုံး ပြီးတော့ ဆရာသိတဲ့ စိတ်ချလို့ရနိုင်မယ့် ဝယ်လို့ရမယ့်နေရာလေးကိုလဲ ညွှန်ပြပါအုံး
၂။ ဆရာ မင်္ဂလာပါရှင် သမီးအသက်က၂၅ပါ အရပ်က ၄ပေ ၁၀လက်မရှိပါတယ်ရှင့် အရပ်ရှည်ဆေးသောက်ချင်လို့ပါရှင့် swimming လုပ်ရင်ရောအရပ်ရှည်နိုင်ပါသလားရှင့် ဆရာပြောပြပေးနိုင်မလားရှင် ကျေးဇူးတင်ပါတယ်ရှင့်
အရင်က မီဒီယာတခုကမေးလို့ ဖြေထားပါတယ်။
သမီ့း့ journal ကပါဆရာ။ အရပ်ရှည်ဆေးတွေရဲ့ အကျိုးသက်ရောက်မှုလေးတွေ မေးချင်လို့ပါရှင့်။ တကယ်ပဲ အရပ်ရှည်လာနိုင်သလား။ ဒါမှမဟုတ် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ။ ရေရှည်မှာ ကျန်းမာရေးအတွက် ဘာတွေ ဖြစ်နိုင်မလဲစသဖြင့် မေးခွန်းလေးတွေပါဆရာ။ ပြည်သူတွေအနေနဲ့ သေသေချာချာသိထားဖို့ လိုအပ်မယ်ထင်လို့ပါရှင့်။
Calcium height up နာမည်နဲ့ဆေးကြော်ငြာကို မေးလာသူတွေ အတော်ကို (အတော်ကို) များတယ်။ ဗမာတွေ အရပ်ပုနေကြသလား။ အရပ်ကိုရှိတာထက်ပိုပြီး ဘာလို့ရှည်ချင်နေကြသလည်း။ အဲတာနဲ့ ဆရာဝန်မတတ်နိုင်တဲ့ရောဂါလို့ စာလေးတပုဒ်ရေးထားပါတယ်။
လူတယောက်ရဲ့အရပ်ကို မျိုးဗီဇနောက်ခံနဲ့ ပတ်ဝန်းကျင်အကြောင်းခံတွေကနေ သက်ရောက်တယ်။ လူတယောက်ဟာ အရွယ်ရောက်ချိန်နောက်မှာ အရပ်ပိုမရှည်တော့ပါ။
ဆေးက ကယ်လ်စီယန်ဓါတ်ကိုအဓိကထားတယ်။ ကလေးငယ်တွေ အရိုးပျော့မဖြစ်အောင် အချိန်အဆနဲ့ပေးရတယ်။ အမျိုးသမီးတိုင်း အသက် ၃ဝ-၃၅ ကျော်ရင် နေ့တိုင်းသောက်ရတယ်။ အရိုးပါးမှာကိုကာကွယ်ဖို့ပါ။ လူ့အရပ်ဆိုတာ သူ့အရိုးတည်ဆောက်ထားမှုမှာ မူတည်တယ်။ အရိုးကိုပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ်။ ပိုရှည်စေဘို့ မရပါ။ ကယ်လ်စီယန် မသောက်သင့်သူဆိုတာလည်းရှိတယ်။
လူ့အရပ်ရှည်မှုဟာ အရိုးရှည်တွေ (ပေါင် + ခြေသလုံး) တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက် မရှည်တော့ချိန်မှာ ရပ်တန့်သွားတယ်။ Epiphyseal plates ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။ အရိုးရှည်တွေ ထိပ်မှာရှိတဲ့ အဲဒီအရိုးနုတွေက အရွယ်အလိုက် တဖြေးဖြေးမာလာပြီး အရိုးမာတွေဖြစ်လာတယ်။ ခြေထောက်ပိုင်းက လူ့အရပ်နဲ့ တဝက်လောက်ဆိုင်တယ်။
လူတွေ ပျမ်းမျှအရပ်ဘယ်လောက်ရှည်သလဲဆိုတာ အတော်ကွဲပြားတယ်။ မလွဲနိုင်တာက ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက် ရှည်တယ်။ မိန်းကလေးတွေဟာ သူတို့ ရှိနေတော့မဲ့ အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီး ရောက်လာကြတယ်။ အပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ မျိုးဗီဇက အဓိကကျတယ်။ ၆ဝ-၈ဝ% က မိဘတွေရဲ့ အရပ်နဲ့ဆက်စပ်နိုင်တယ်။ မိခင်ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့လဲ ဆိုင်နိုင်တယ်။ ကလေးဘဝမှာ စားတဲ့နဲ့လဲ ဆိုင်နိုင်တယ်။
မိန်းကလေး ၅-၁၂ နှစ် နဲ့ ယောက်ျားလေး ၅-၁၄ နှစ်တွေမှာ အများဆုံးသော အရိုးတွေက Hard bone အရိုးမာတွေ ဖြစ်ကြပြီ။ ၁၇-၂ဝ နှစ်ရောက်ရင် လက် နဲ့ လက်ပြင်ရိုးတွေမှာဖြစ်ပြီ။ ၁၈-၂၃ နှစ်ရောက်ရင် ခြေထောက်ပိုင်း အရိုးတွေ ဖြစ်မှာဖြစ်ပြီ။ ၂၃-၂၅ နှစ်မှာ ရင်ညွှန့်ရိုး၊ ညှပ်ရိုး နဲ့ ခါးရိုးတွေက ဖြစ်ကြပြီ။ အသက် အစိတ်မှာ အားလုံး ပြည့်စုံသွားမယ်။ အသက် ၂၅ ကျော်ရင် မရှည်ချင်နဲ့တော့။
ဒိနောက်ပိုင်းမှာ နည်းနည်းရှည်လာနိုင်တာတော့ရှိနိုင်ပါတယ်။ အသက်သိပ်ကြီးချိန်မှာတော့ ဆက်မရှည်တော့တာ သေခြာတယ်။ ကျောရိုးမကြီးက အရိုးတွေကြားက အရိုးနုလေးတွေအပေါ်မှာ မူတည်လို့ အဲလိုဖြစ်တယ်။ အားတက်စရာ ပြောရရင် ကြောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမဲ့ ၂၄ ခုက တခုနဲ့တခု ဆက်မသွားကြဘဲနေရစ်တယ်။ ဒီအချက်ကို အရပ်ရှည်ဘို့ အသုံးချနိုင်တယ်လို့ဆိုတယ်။ ကြောရိုးမကြီးဟာ လူ့အရပ်ရဲ့ ၃၅% နဲ့ဆိုင်တယ်။ ဒီအချက်ကို ကောင်းကောင်း အသုံးချရမယ်လို့ ဆိုပါတယ်။
အာဟာရပြည့်ဝဝ စားသုံးပါ။ ကျန်းမာနေစေရမယ်။ ကိုယ်လက်-လေ့ကျင့်ခန်း၊ ဆန့်တန်းမှုပါတဲ့ အားကစား ဥပမာ ရေကူး၊ တင်းနစ် ကစားပေးပါ။ ဘာတန်းကနေ အောက်တွဲလောင်းချနည်းလုပ်ပါ။ အနေအထိုင်ကအစ ပြင်ပါ။ ခါးမတ်မတ်ထိုင်၊ ခါးဆန့်လမ်းလျှောက်ပါ။ တနေ့ ၈ နာရီအိပ်စက်ပါ။ အရပ်ရှည်ချင်သူတွေ စားဘို့ကောင်းတဲ့ဆေးနဲ့ အစာမှာ ဗီတာမင် (ဒီ)၊ (ပရိုတင်း)၊ ဗီတာမင် (အေ)၊ (ကယ်လ်စီယန်) နဲ့ ဓါတ်ဆားတွေ ပါသင့်တယ်။
တိုင်းမ်မဂ္ဂဇင်းမှာ လေ့လာမှုဆောင်းပါးတခုရှိတယ်။ အရိုးအတွက် ကယ်လ်စီယမ်ဆေးပေးရင် အရပ်ပိုရှည်သလား။ အရိုးဆိုတာအသက်ရလာလေလေ အိုမင်းပျက်စီးလေဆိုတာအမှန်ပါ။ အဲလိုဆိုရင် အရိုးအားကောင်းတဲ့ဆေးပေးပြီး အိုမင်းပျက်စီးမှုကိုကာကွယမယ်၊ ကုစားမယ်ဆိုတာ ကျိုးကြောင်းဆီလျှော်တဲ့စဉ်းစားမှုဖြစ်ပါတယ်။ အဲတာမှ အရိုးအားနည်းလို့ တော်တော်တန်တန်ထိခိုက်မှုကြောင့် အရိုးကျိုးတာကိကနေ ကာကွယ်ရာကျမယ်လို့ ဆက်စဉ်းစားပါတယ်။ ပြောသလောက် ဟုတ်ပါရဲ့လား။
ဆွီဒင် (အူပန်ဆာလာ) တက္ကသိုလ်က ဒေါက်တာ (အီဗာ) ကပြောပါတယ်။ ကယ်လ်စီယမ်သိပ်များသွားရင် ဆိုးကျိုး ပေးတယ်တဲ့။ သူ့အဖွဲ့ကနေ ၁၉၁၄ ကနေ ၁၉၄၈ အတွင်းမှာမွေးဖွါးခဲ့ကြတဲ့ အမျိုးသမီးပေါင်း ၆ သောင်းကို လေ့လာပြီးမှ အဲလိုပြောတာပါ။ ၁၉ နှစ်ဆက်တိုက်လေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။ ကယ်လ်စီယမ် 750 mg အောက် နည်းနည်းလေးသာရတဲ့ အမျိုးသမီးတွေမှာ တနေ့မှာ ကယ်လ်စီယမ် 900 mg အထက်ရခဲ့သူတွေထက် ပထမအရိုးကျိုးခြင်း ၁၈% ပိုဖြစ်ကြတယ်။ ဒါပေမယ့် 1,140 mg အထိများများရသူတွေမှာ ပိုကောင်းတယ်လို့ မပြောပလောက်အောင်သာရကြတာတွေ့ရပါ။
၅-၁ဝ-၂ဝ၁၄ နေ့က ဆေးသိပ္ပံသတင်းတပုဒ်ထွက်တယ်။ ရှေးဟောင်းပုံပြင်၊ အရပ်ရှည်ခြင်းရဲ့မျိုးဗီဇတွေ့ရှိ။ ဆိုလိုတာက မျိုးဗီဇဖြစ်တယ်။ ကယ်လ်စီယမ်မဟုတ်ပါ။ တခြားဟာတွေလည်းမဟုတ်ပါ။
- Calcium USA High Up အရပ်ရှည်ဆေး (သို့) စိတ်မရှည်ဆေး https://doctortintswe.blogspot.com/2015/05/high-up-calcium-usa.html
- For your height only အရပ်ရှည်ဆေး တမေးတည်းမေး https://doctortintswe.blogspot.com/2015/09/for-your-height-only.html
- Calcium (ကယ်လ်စီယမ်) http://doctortintswe.blogspot.com/2014/12/calcium.html
- Height အရပ်ရှည်နည်း http://doctortintswe.blogspot.com/2015/03/height.html
Dr. တင့်ဆွေ
၁၁-၉-၂ဝ၁၅
၂ဝ-၁ဝ-၂ဝ၁၇

Comments
Post a Comment