ဝါးကွပ်ပြစ်မှာ ထိုင်ခဲ့ဘူးတယ်

ဒေါက်တာတင့်ဆွေခင်ဗျာ၊ ကျွန်တော် အသက် ၈၀-၈၁ ကျော်လာတော့ အထီးကျန် ဖြစ်မှန်းအသိဖြစ်လာပါတယ်။ ကျွန်တော်တို့လူသားတွေအပါအဝင် သက်ရှိသတ္တဝါတိုင်း ကြုံတွေ့ရမည့် နောက်ဆုံးနေ့ရက် နောက်ဆုံးအချိန် မရောက်မီ ဘယ်လောက်ကျန်မှန်းမသိတဲ့ နောက်ဆုံးအချိန်ကလေးကို အကျိုးရှိရှိ စိတ်အေးချမ်းစွာဖြင့် ဘယ်လိုဖြတ်ကျော် ကုန်ဆုံးရမလဲဆိုတာ အနောက်တိုင်းအမြင်၊ အရှေ့အဖြင် စုံစုံလင်လင်သိလိုပါသည်။ လိုအပ်ရင် နှိုင်းယှဉ် ဖေါ်ပြပေးပါခင်ဗျာ။

ကျွန်တော်လည်း ထူးသိသူမဟုတ်ပါ။ တသက်တာ လေ့လာ ဖတ်မှတ် သင်ယူလာခဲ့တာတွေ အများကြီးရှိကြတယ်။ ဘယ်အရာကက ပိုသင့်မလဲ ချင့်ချိန်ကြရတယ်။ တသမတ်တည်းလည်း မဖြစ်နိုင်ပါ။ စိတ်ဆိုတာ အမြဲမပြတ် ပြောင်းနေတယ်။ တခါတခါ လေးလေးနက်နက်၊ တခါတခါ ပေါ့ပေါ့ပါးပါး။ တခါတရံ လုံးဝလွတ်ချထားနည်းတွေ လုပ်နိုင်ပါတယ်။ ခွင့်လွှတ်သည်းခံ တပါးသူတွေကို ကောင်းစေလိုတဲ့စိတ်ထားနိုင်လေ အကျိုးရှိလေ။ တရားသဘော သူများကိုပြောရတာ အင်မတန်လွယ်တယ်။ တကယ့်ဘဝက အဲလိုမဟုတ်ပါ။

မေးတာကို ပြန်ဖတ်မှ အနောက်တိုင်း အရှေ့တိုင်းဆိုတာ သတိထားမိတယ်။ ဆောရီး။ ကျွန်တော်တို့အိပ်နဲ့ကပ်နေတဲ့ အိမ်မှာ အမေရိကန်လင်မယား နှစ်ယောက်တည်းနေကြတယ်။ ကျွန်တော့်သမီးတို့နေစဉ်က သမီးတို့က သူတို့က ဘေဘီ တဲ့။ ကျွန်တော်တို့ရောက်လာတော့ ကျွန်တော်တို့ကို ကစ်ဒ် တဲ့။ အသက် ၉၀ ဝန်းကျင်တွေ။ သားသမီး မြေးမြစ်တွေက တလနေတခါ မလာကြပါ။ သူတို့နှစ်ယောက် နွေရောက်ရင် ရေကူးကန်မှာ နှစ်ယောက်သား စာလိုက်ကြ သီချင်း နားထောင်လိုက်ကြနဲ့။ ခြံစည်းရိုးကနေ စကေားစမြီပြောဖြစ်တယ်။ သဘောကောင်းတယ်။ အကဲခတ်ရတာ အပူအပင် အတော်နည်းကြပုံရတယ်။ သူတို့စိတ်ထဲတော့ ဝင်မကြည့်နိုင်ပါ။ ကြုံတော့မှာ အခုမေးခွန်မျိုး မေးကြည့်ဦးမယ်။

ကိုယ့်မှာရထားတဲ့ အတွေ့အကြုံနဲ့ အသိပညာသုတတွေကို ပြောပြချင် ရေးပြချင်ကြမယ်။ အဲလို လုပ်ဖြစ်သူ နည်းမယ်ထင်တယ်။ နားထောင်လိုသူနဲ့ နားထောင်ချိန်။ ကိုယ်က ပြောချင်လွန်းသူ မဖြစ်ရပါ။ ဝါးကွပ်ပြစ်စာလေး ရေးဖူးတယ်။

ဝါးကွပ်ပြစ်မှာ ထိုင်ခဲ့ဘူးတယ်။ လှဲနေ၊ အိပ်စက်ခဲ့ဘူးတယ်။
ဝါးကွပ်ပြစ်ပေါ်ထိုင်ရင်း လူကြီးသူမတွေပြောတာကို နားထာင်ခဲ့ဘူးတယ်။

ကြမ်းကြားလေ အေးတာသိတယ်။ ဗူးခါးရေတော့ မသောက်ဘူးပါ။
မိုးခါးရေ မသောက်ဘူးပါ။ မိုးခါးရေသောက်သူတွေကိုတော့ တွေ့နေရတယ်။

ဝါးကွပ်ပြစ်မှာထိုင်ရင်း ငယ်ရွယ်သူတွေကို စကားပြောခွင့်မရသေးပါ။
ဝါးကွပ်ပြစ်မရှိတဲ့နေရာမှာရောက်နေလို့လား၊ လူကြီးသူမစကားကို ကြားလိုသူတွေ မရှိတော့လို့လား မသိပါ။

နေကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး