Sky Wine Bar အမိန့်ရထန်းရည်ဆိုင်
ဆရာကျမ်းမာပါစေ။ ကျမရေးတာ သတ်ပုံမှန်လားတော့ မသိဘူး။
ကျမ္မာလို့အရင်ကရေးသားခဲ့ကြတာ အမှန်ရှိခဲ့တယ်။ အခုတော့ ကျန်းမာလို့သာရေးကြတယ်။ မှားလို့ပြောင်းတာ မဟုတ်ပါ။ ခေတ်ကာလအရ ပြောင်းတာမျိုး။ ပိုပြီးလွယ်ကူအောင်ရေးလာကြတာမျိုးဖြစ်ပါတယ်။ ဥပမာ ဆြာ၊ သ္ခင်၊ ယ္ခင်၊ ဥူး၊ မိုဃ်း၊ စတာတွေလိုပါပဲ။
အခုမေးခွန်းတွေမှာ ခလေးတဲ့။ ကလေးရော ခလေးပါ အရင်ကတည်းက ရေးခဲ့တာရှိတယ်။ သူငယ်တန်းဖတ်စာမှာ ကလေးလို့လုပ်ခဲ့ပြီးသာဖြစ်လို့ ကလေးကသာ သင့်မှန်တယ်ပြောရင် ၁ဝဝ% က ထောက်ခံမယ် မထင်ပါ။
မှန်နေတာကို တမင်တကာ ပလီပြီးပြင်ခိုင်းထားတာတွေရှိတယ်။ တကို တစ်လုပ်တာ မမှန်ပါ။ ပါပြီကို ပါပီလို့ရေးနေကြတာ မှားတယ်။ တွေကို တေလို့ရေးတာ မှားတယ်။ မှာကို မာလို့ ရေးတာ မှားတယ်။ မျှား မှားတယ်။ မြား မှန်တယ်။
မြန်မာစာမှာ ဟိုကတည်းက မူကွဲတွေရှိတယ်။ ပဌမ နဲ့ ပထမ၊ ဒါး နဲ့ ဓါး။ သမတ နဲ့ သမ္မတ။ တရုပ်နဲ့ တရုတ်။ ငြုတ် နဲ့ ငရုတ်။ သံဂါယနာ နဲ့ သင်္ဂါယနာ။ အဲတာတွေကို ပညာနဲ့သာ ဆွေးနွေးငြင်းခုံကြရတယ်။ အဲတာ ကောင်းစေတယ်။
မကောင်းတာကတော့ အမိန့်ထုတ်သတ်ပုံ မဟုတ်ရင် စာမေးပွဲမှာ အမှတ်မပေးတာ၊ ထုတ်ဝေခွင့်မရတာ၊ စာတမ်းကို ပြန်အရေးခိုင်းတာ၊ တလုံးဘယ်လောက်ဆိုပြီး ဒဏ်ငွေတပ်တာ။ အာဏာနဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်နေကြတယ်။
အဲတာကို အမိန့်ရထန်းရည်ဆိုင်မြန်မာစာလို့ ခေါ်တယ်။ အမိန့်ရထားရင် ရောချင်တာရောရောင်းလို့ရတယ်။ အဲလို ထန်းရည် အရက်သောက်ကြတာကြာလာတော့ မှန်နေတဲ့စာအုပ်တွေကို သတ်ပုံပြင်ထုတ်တဲ့ စာအုပ်ရောဂါနဲ့ ဒေါင်းလုဒ် စာအုပ်ရောဂါတွေ ရလာကြတယ်။ မလုပ်ကောင်း မလုပ်အပ်ပါ။ အရက်ချက်တာထဲမှာ ရာဘာဖိနပ်ဟောင်း ရောကြလို့။
ကျွန်တော်ကတော့ သန့်ရှင်းတဲ့မြန်မာစာကိုဖတ်ပြီး ကျန်းမာစေချင်တယ်။
ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆
၂၃-၈-၂ဝ၁၉

Comments
Post a Comment