Venus de Milo ဗီးနပ်စ်ကို လက်သစ်မတပ်ပါနဲ့

နာမည်ကျော် ရှေးဟောင်းဂရိလက်ရာ ဗီးနပ်ရုပ်တုကို Aphrodite of Milos လို့လည်းခေါ်တယ်။ ရောမ (ရိုမန်) လိုက ဗီးနပ်စ်ဖြစ်တယ်။ အလှနဲ့ အချစ် ဂရိနတ်ဘုရား (အဖရိုဒိုက်စ်) ပုံကို ထုလုပ်ထားတာလို့ ယူဆကြတယ်။ မာဘယ်လ် ကျောက်နဲ့ လုပ်ထားတယ်။ ၆ ပေ ၈ လက္မမြင့်တယ်။ ၈-၄-၁၈၂ဝ နေ့မှာ စတွေ့ကတည်းက လက်နှစ်ဖက်ကမစုံတော့ပါ။ ပျောက်နေတဲ့လက်နှစ်ဖက်ကို ပညာရှင်တွေအမျိုးမျိုးကြိုးစားပြီး ရှာကြပေမယ့် မတွေ့သေးပါ။

ပုဂံနားက ဘုရားစေတီပုထိုးတွေနဲ့ အဆောင်အအုံတွေသက်တမ်းက နှစ်တထောင်ဝန်းကျင်သာ ကြာသေးတယ်။ ဗီးနပ်စ်ရုပ်တုကို ဘီစီ ၁၃ဝ နဲ့ ၁ဝဝ လောက်ကထုလုပ်ခဲ့တာလို့မှန်းဆရတယ်။ ပန်းပုပညာရှင်တွေက ဒီလောက် လက်ရာကောင်းလှတဲ့ ရုပ်တုက လက်နှစ်ဖက်ကို အသစ်တပ်ဆင်ပေးဘို့ တခါမှမကြိုးစားကြပါ။ ကျွန်တော်တို့နိုင်ငံမှာ ရှေးဟောင်းလက်ရာတွေကို မွမ်းမံနေကြတာကို ကျွန်တော်တော့ နားမလည်ပါ။ ပြိုပျက်နေတာကို နောက်ထပ် မပျက်စီးအောင်လုပ်တာက အကောင်းဆုံးနည်းလမ်းလို့ ထင်မိတယ်။

စစ်ကိုင်းကောင်းမှုတော်ဘုရားကိုရွှေချတာလည်း ကျွန်တော်က တယောက်တည်းသာရှိရှိ သဘောမတူပါ။ သာလွန်မင်းတရားကြီးတည်ခဲ့သလိုသာရှိစေချင်တယ်။ ၁၂-၇-၂ဝ၁၆ နေ့ကသတင်းထွက်တယ်။ ပုဂံအာနန္ဒာဘုရားကြီးကို ကျပ်သိန်း ၁ဝဝဝ ကျော်ကုန်ကျခံ၍ ရွှေထီးတော်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမည်တဲ့။ ရှေးဟောင်း လက်ရာကောင်းတွေကို မူရင်းအတိုင်းထားချင်ပါတယ်။ အာနန္ဒာဘုရားကို ကျန်စစ်သားလက်ထက်ကအတိုင်းသာ ဖြစ်ချင်စိတ်ကို ဖျောက်မရသေးပါ။

ဗီးနပ်စ်ရုပ်တုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Louvre Museum ပြတိုက်မှာ လုံလုံခြုံခြုံခမ်းခမ်းနားနားထားတယ်။ ကျွန်တော်တို့ ရှေးဟောင်း ဘုရားတွေကို နောက်လူတွေက ထုံးသုတ်ကြ၊ ရွှေချကြတယ်။ ဘုရားပရဝုဏ်နဲ့ ဘေးပတ်ဝန်းကျင်မှာတော့ ခြုံနွယ်တွေ အမှိုက်သရိုက်တွေနဲ့။

ဗီးနပ်စ်ရုပ်တုမှာ လက်အသစ်တပ်လိုက်တာနဲ့ ဘုရားပွဲဈေးမှာရောင်းတဲ့အရုပ်အဆင့်ရောက်သွားပါမယ်။

ဒီစာရေးထာတာ ၃ နှစ်တိတိ။ တချို့ အမှားတွေကို ပြင်လာနိုင်ပြီ။ ပြင်စရာတွေ တပုံတခါင်းကြီးကျန်သေးတယ်။ ရင်းစားပြန်မရနိုင်တာတွေလည်း ရှိသွားခဲ့ပြီ။ မြန်မာ့ရှေးဟောင်းအမွေအနှစ်တွေ လက်ပြတ်ခံလိုက်ရတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆
၂၆-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး