Chikungunya ချီကန်ဂွန်ညာ ခေါ် ဆင်ဖြူတော်တုပ်ကွေး

ဆရာ မြစ်ကြီးနားမှာ အသက်အရွယ်မရွေး ကျားမ မရွေးပဲ ဆင်တုပ်ကွေးဖြစ်နေကြပါတယ်။ ခြင်ကနေ တဆင့် ကူးစက်တာလို့ သိရပါတယ်။ သေတဲ့အထိမဖြစ်ပေမယ့်  အဖျားကြီး တကိုယ်လုံး ယောင်ပြီး အဖုအပိန့်တွေ တကိုယ်လုံး ထွက် ယားယံတာကြောင့် အတော်လေး ခံရတာဆိုးပါတယ်။ ၁၀ရက်လောက်ထိဖျားပြီး အဖျား ပျောက်ရင်လည်း ခြေလက်တွေ နာကျင်ပြီးကျန်ခဲ့ပါတယ် ဆရာ ဆင်တုပ်ကွေးရောဂါအကြောင်းသိကောင်းစရာလေး
ပြောပြပေးပါဆရာ။

၁။ မ။ အသက် ၃၈။ အိမ်ထောင်ရှိ။ ၂နှစ်အရွယ်ကလေးရှိ။ ရာသီပုံမှန်လာပါတယ်။ ကျွန်မ အခု ဖျားပြီး တကိုယ်လုံး နာကျင်ကိုက်ခဲနေလို့ ဆေးခန်းပြတော့ ဆင်တုပ်ကွေးလို့ ဆရာဝန်က ပြောပါတယ်။ အဲ့ဒီရောဂါက လူတဦးကနေ နောက်တဦးကို ကူးတတ်ပါသလားရှင့်။ ကျွန်မရဲ့ ၁နှစ် ၁၀ လအရွယ်ကလေးနဲ့ကော ခွဲအိပ်ဖို့လိုပါသလားရှင်။

၂။ ကျွှန်တော်အမျိုးသမီး လေးဘက်နာသွားပြရင်းနဲ့ ဆင်တုပ်ကွေးဆိုတာပါ (တခါမှတော့ မကြားဘူးပါ) တွေ့လို့ ထပ်ကုလိုက်ရသေးတယ်ဆရာ။ ဒီအတိုင်းဆို ၉၆ ပါးကျော်လောက်ပြီ။ ရောဂါအဆန်းတွေများလာပြီဆရာ။

တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း၊ အသံကလည်း မှန်းထွက်ရတဲ့ တုပ်ကွေးရောဂါ။ တမြန်နှစ်က မြန်မာတိုင်းမ်က ဂျပန်တုပ်ကွေးသုံးတယ်။ အိန္ဒိယက ၁၉-၁ဝ-၂ဝ၁ဝ သတင်းစာမှာ မျောက်ပုံနဲ့ ဖေါ်ပြပြန်သေးတယ်။ ရေဒီယိုတွေကရော၊ မြန်မာလိုရေးကြတဲ့ ဆိုဒ်တွေကပါ အများဆုံး သုံးနေကြတာကတော့ ဆင်တုပ်ကွေးတဲ့။ ဆင်ကိုနိုင်ငံရေးလုပ်လို့ ဆင်ဖြူတော်တုပ်ကွေးလို့ နာမည်ပေးလိုက်မယ်။

Chickungunya လို့ အမှတ်မထင် မှားပေါင်းထားတာ ဖတ်ရသေးတယ်။ အပြစ်တင်ဘို့ မရှိပါ။ အင်္ဂလိပ် စကားလုံးလည်း မဟုတ်ဘူး။ အသံထွက်လဲ သူတို့လို မှန်အောင်ထွက်ဘို့ မလွယ်ဘူး။ Chicken guinea လို့ မှားကြသလို အခု CHIKV လို့ အလွယ်ခေါ် ခေါ်နေကြတယ်။

https://www.youtube.com/watch?v=GEzJXSTXKFI အသံထွက်မှန် = ချီကန်ဂွန်ညာ

Chikungunya ဆိုတာ တန်ဇန်နီးယားအရှေ့တောင်ပိုင်းနဲ့ မိုဇမ်ဘစ်မြောက်ပိုင်းနေ လူတွေသုံးတဲ့ Makonde စကားဖြစ်ပါသတဲ့။ ကင်ညာရဲ့တောင်ဘက်ကျပါတယ်။ ၁၉၅၂ တုံးက အဲဒီ တောင်ကုန်းလွင်ပြင်မှာ ကူးစက်ရောဂါ စခဲ့ရာကနေ ဒီနာမည်ရခဲ့တယ်။

ဘယ်လိုခေါ်ခေါ်၊ ဘယ်လိုထွက်ထွက်၊ ဘယ်လိုပေါင်းပေါင်း ရောဂါအကြောင်းကတော့ လွဲမရပါ။ ဗိုင်းရပ်စ်ကနေ ဖြစ်တယ်။ ခြင်ကနေကူးတယ်။ Alphavirus နဲ့ Aedes mosquitoes ခြင်တွေဖြစ်တယ်။ သွေးလွန်တုပ်ကွေးနဲ့ ဆင်တယ်။

ပိုးရှိတဲ့ခြင် အကိုက်ခံရပြီးနောက် ၂-၅ ရက်အတွင်း ဖျားမယ်။ အဖျား ဒီဂရီ ၁ဝ၂ အထိ တက်နိုင်တယ်။ ကိုယ်လက် ကိုက်ခဲတယ်။ အဆစ်တွေနာတာ ထူးခြားတယ်။ ကြွက်သားတွေနာမယ်။ ဝမ်းချုပ်မယ်။ တက်စေ့ရောင်မယ်။ ဗိုက်အောင့်မယ်။ ခေါင်းမူးမယ်။ သွေးလွန်တုပ်ကွေးနဲ့ ဆင်တာက သွေးခြည်ဥ နဲ့ အနီပြင် ထွက်တတ်လို့။ တချို့ ခေါင်းကိုက်နိုင်တယ်၊ မျက်စိနာနိုင်တယ်၊ အားယုတ်နိုင်တယ်၊ ပျို့အန်ချင်မယ်၊ အိပ်မရတာ ဖြစ်နိုင်တယ်။ ၂ ရက်ဆိုရင် အဖျားကျပြီ။ ၅-၇ ရက်ဆို ပျောက်ပါပြီ။ အဖျားပျောက်တဲ့ နောက်မှာပါ အဆစ်က ဆက်နာနေ သေးတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ ကိုယ်ဝန်မှာဖြစ်လဲ ပြဿနာ ထူးမဖြစ်ပါ။

ကျန်းမာရေးဌာနအတွက် Serological tests သွေးစစ်ပြီး ဗိုင်းရပ်စ် ဟုတ်မဟုတ် လုပ်ရသေးတယ်။ မကူးအောင်က ခြင်မကိုက်အောင်သာ ဂရုစိုက်ရတာပါ။ ဆေးကုရတာ လက္ခဏာ သက်သာဆေးသာ ရှိတယ်။ ကာကွယ်ဆေး မရှိသေးပါ။ ငယ်သူတွေက နာလံထတာ မြန်ပါတယ်။ Chikungunya ဗိုင်းရပ်စ်ကို Biological weapon ဇီဝပိုးမွှား လက်နက်အနေနဲ့ စမ်းသပ်မှုတွေ လုပ်ဖူးတယ်။ အရင်ကပါ။

တုပ်ကွေးတွေက တခါနဲ့တခါ မတူတာမျိုးဖြစ်တယ်။ ဒီတခါဖြစ်လို့ မေးကြသူတွေ အဆစ်တွေ ကြွက်သားတွေနာကြသတဲ့။ အနာသက်သာဆေး တမျိုးမျိုး လိုပါမယ်။

1. Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ http://dts-medicaleducation.blogspot.in/2013/10/narcotic-pain-medications.html
2. NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
3. NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.in/2011/11/nsaid.html
4. Painkillers (1) အနာသက်သာဆေးများ (၁) http://dts-medicaleducation.blogspot.in/2012/06/painkillers.html
5. Painkillers (2) အနာသက်သာဆေးများ (၂) http://dts-medicaleducation.blogspot.in/2013/11/painkillers-2.html

Dr. တင့်ဆွေ
၁၆-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး