Lydia Post Pill အရေးပေါ်တားဆေး

(ကန်တော့)

အသက် ၂၂ ပါ မိန်းကလေးပါ Ladia သောက်သုံးပြီး ရာသီလာတဲ့ (ကန်တော့) အခါ စောပြီး ပုံမှန်ထက် နဲနေပါတယ် ဆရာ အတာ ဆေးကြောင့်လား ဒါမမဟုတ် တခြားကြောင့်လား သိချင်လို့ပါဆရာ အဲ့ဆေးတေက ၁ လ ၄ ကြိမ် ထက်သုံးမိရင် ကိုယ်ဝန်ရနိုင်ချေ ၂၀% ပိုများလာတတ်တယ်ဆိုတာ ဖြစ်နိုင်ပါသလားဆရာ ပထမလမာ Ladia ကို ၄ သုံးထားမိတယ်ဆိုရင်
ဒုတိယလမာ Ec2 ပြောင်းသုံးတယ် ဆိုပါဆို့ အခါကျရင်ရော ကိုယ်ဝန်ရနိုင်ချေ ၂၀% ပိုများပါသေးလားဆရာ ပြန်လည် ဖြေကြားပေးဖို့ မျှော်လင့်မိပါတယ်ဆရာ။

Ladia ဆေးထဲမှာ ဘာပါမသိ။ ဂူဂယ်လ်မှာ ရှာမရ။ မေးတဲ့သူက ကိုယ်ဝန်ရလိုတာလား မရလိုတာလား မသိ။ တားဆေးလား ဖျက်ဆေးလား မသိ။ အရေးပေါ်တားဆေးမျိုးကို သူများတိုင်းပြည်တွေမှာ ခဏခဏမသောက်ကြလို့ ဆေးသုတေသနလုပ်ထားတာ မပြည့်စုံ။ ဘာဖြစ်နိုင်သလဲ တိတိကျကျ ပြောမရ။ ဟော်မုန်းတွေပြောင်းမယ်။ ရာသီ ပြောင်းမယ်။ ဟော်မုန်းသက်ရောက်မှုတွေရှိပါမယ်။

တားဆေးပါ ကိုယ်ဝန် မရလိုပါ ဆရာ

Lydia ဖြစ်ပါမယ်။ ဆေးစာမှာ စာလုံးပေါင်းလေး တခုလွဲတာနဲ့ ဆေးလွဲနိုင်၊ ရောဂါအမည်လွဲနိုင်တယ်။ Lydia အမည်နဲ့ကလည်း ဆေးတမျိုးမကရှိသေးတယ်။ တမျိုးက Lydia Daily Oral Contraceptive Pills ပုံမှန်တာဆေးနဲ့ တမျိုးက Lydia Post Pill အရေးပေါ်တာဆေး။ Ecee-2 ဆိုတာလည်း အရေးပေါ်တာဆေး။ တခြားအမည်နဲ့ ဆေးတွေကလည်း အများကြီး။

မကြာခဏမေးကြတယ်။ ဖြေရတာတွေကို ပို့စ်အဖြစ်တင်လို့ မကောင်းပါ။ အခုတော့ တင်ချင်လာတယ်။ တားဆေးတိုင်းမှာ ဟော်မုန်းတွေ တမျိုး ဒါမှမဟုတ် ၂ မျိုးပါတယ်။ အမျိုးသမီးတိုင်းမှာ ကိုယ်ပိုင်သဘာဝဟော်မုန်းတွေ ရှိကြတယ်။

အရေးပေါ်ကို ပဲလှော်လို သုံးနေကြတယ်လို့ ငေါ့မိတယ်။ ဆောရီး။ ဘယ်လို ဘေးထွက်သက်ရောက်မှုတွေရှိသလဲ။ သူများတိုင်းပြည်တွေမှာ မြန်မာပြည်လောက် လက်လွတ်စပယ် မသုံးစွဲကြလို့ ဆေးသုတေသန မများပါ။ ကျွန်တော်ကတော့ မေးခွန်းတွေဖတ်ပြီး လေ့လာမှုသုတေသနလုပ်ပါတယ်။ ကောက်ချက်ချလို့ မရသေးပါ။

သေချာတာကတော့ ဘယ်လိုတားဆေးသောက်သောက် ဟော်မုန်းတွေပြောင်းမယ်။ ရာသီရက်လတွေပြောင်းမယ်။ အကြောင်းရှိတဲ့အခါ ရက်တွက်ချက်ရတာ ခက်မယ်။ နောင်တချိန်မှာဘာဖြစ် မပြောနိုင်။ ဘယ်လောက်များများ သောက်ရင်ဘာဖြစ် မပြောနိုင်။ ကိုယ်ပိုင်ဟော်မုန်းရှိနေတာက မတူကြလို့ နောက်ထပ်ဟော်မုန်းပါဆေးသောက်ရင် ပြောင်းလဲမှာတွေ မတူနိုင်ပါ။ ဝက်ခြံ၊ ရင်သားအရွယ်အစား၊ အသားအရေ၊ ကိုယ်အလေးချိန် ပြောင်းလဲတာတွေ မတူကြပါ။

ဟော်မုန်းပါဆေးတွေနားလိုက်ရင် ပုံမှန်ပြန်ရောက်နိုင်တယ်။ ဒါပေမဲ့ ရင်းစားပြန်မရနိုင်တော့တာတွေရှိတယ်။ နောက်ကြောင်း မပြန်နိုင်တော့တာတွေရှိတယ်။ ဆောရီး။

ထက်သုံးမိလို့ရေးတာ မှားတယ်။ ထပ်သုံးမိလို့ ရေးရတယ်။ ထက်ဆိုတာ ဒါးထက်တာ။ တေလို့ရေးထားတာ မှားတယ်။ တွေလို့ရေးရတယ်။ တေဆိုတာ လူပေလူတေ၊ ပေပေတေတေနဲ့ ဗမာတေဆေး။ ပထမလမာနဲ့ ဒုတိယလမာ လို့ ရေးတာလည်း မှားတယ်။ မှာလို့သာ ရေးရတယ်။ မာဆိုတာ မပျော့ထာ။ အဲလိုမှားရေးနေသူတွေ အတော်များတယ်။ တခြားလို့ရေးတာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

မြန်မာစာသတ်ပုံနဲ့ အင်္ဂလိပ်စာ စပယ်လင် တကယ်ကို အရေးကြီးတယ်။ တချို့က အဲလိုပြောတာကို အမြင်ကပ်ကြတယ်။ မတတ်နိုင်။ ပြောစရာလိုရင် ထပ်ပြောပါမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၁-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး