Myths မဟုတ်တာတွေ ပြောကြရအောင်

(ကန်တော့)

၁။ အသက် ၃၅ ကိုယ်ဝန် တလ ပါ။ အုန်းစိမ်းရည်သောက်ရင် ပျက်ကျ တတ်တယ်ပြောကြလို့ဟုတ်ပါလား ရှင့် ။

ဖျက်ဆေးမေးသူ တနေ့မှာ ၄-၅ ယောက်ရှိတယ်။ အဲဒီဆေးနည်းကို မသိကြလို့လား မပြောတတ်။ အုန်းသီးဈေး တက်ကုန်လိမ့်မယ်။

ဟုတ်ကဲ့ရှင့် နားမလည်လို့ပါဆရာ။

၂။ ကျွန်မအသက် ၂၆ နှစ်ပါ အိမ်ထောင်မရှိအပျိုပါ ရာသီမှန်ပါတယ် အစာအိမ်ရောဂါရှိပါတယ် အစာအိမ်ရောဂါရှိသူများ ရဲယိုသီးစားလို့မရဘူးဆိုတာဟုတ်ပါသလားရှင်

စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်ကပြောရင်တော့ မှန်နိုင်။

၃။ ဆရာရှင့် ကိုယ်ဝန်ဆောင်နေစဉ်မှာ မိတ္တူကူးစက်မှာ မိတ္တူမကူးရဘူးဆိုတာ ဟုတ်ပါသလားရှင့် ကလေးကို ထိတတ်တယ်လို့ပြောနေလို့ပါရှင့် ကျေးဇူးပြု၍ဖြေပေးပါဆရာရှင့်

တခါမှ မကြားဖူးသေး။

၎။ ကျမ အသက် ၂၉ နှစ်။ သားဦးကိုယ်ဝန် ၃၉ ပတ်ပါ။ Due Date January 27 ပါ။ အိုဂျီအပ်ထားပါတယ်ရှင့်။ ကိုယ်ဝန်ဆောင်အားဆေး Obilplus တနေ့တလုံးသောက်ပါတယ်ဆရာ။ ဆရာရေးတဲ့စာတွေ အများအားဖြင့် ဖတ်ပါတယ်ရှင့်။ Multi Level marketing ဆေးတွေအကြောင်းဆရာရေးထားတာတွေလဲ ဖတ်ခဲ့ဖူးပါတယ်။ Brand ကြက်ပေါင်းတို့ ငှက်သိုက်တို့တော့ မဖတ်ဖူးလို့ မေးကြည့်တာပါဆရာ။ ဒါဆို ဒီအားဆေးအရည်ကလဲ ကြော်ကြာတွေပေါ့။ ဒါဆို ဘာစားသင့်ပါသလဲရှင့်။

အိုဂျီက လိုတာပြောထားပြီးလို့ထင်။ ကိုယ်ဝန်နဲ့ ကလေးနို့တိုက်စဉ် ကိုယ်အရင်ကစားသောက်ခဲ့ဖူးတာနဲ့ လူအများ စားသောက်တာ အကုန်နီးပါးသင့်။ အပိုဆိုတာ စမ်းသပ် ကုသပေးနေတဲ့ဆရာဝန်ပြောတာထက် မလိုအပ်။

၅။ မိခင်စားသော အစားအစာမှ နို့စို့နေသော ကလေးငယ်ကို effect ဖြစ်စေပါလားဆရာ။ ဥပမာ မိခင်က မျှစ် မျှစ်ချဉ်၊ ကြက်ဟင်းခါးသီး၊ ဒညင်းသီးစားလို့ ကလေးကို နေမကောင်းတာတခုခု ဖြစ်စေတာမျိုး၊ အဆိပ်အတောက် ဖြစ်စေတာမျိုး။ မိခင်က paracetamol, burmeton သောက်လို့ ကလေးကို effect ဖြစ်စေတာမျိုးတွေ ရှိပါလားဆရာ။ နောက်တခုက မိခင် ပက်လက်လှန် အိပ်လို့ နို့ခမ်းစေတာမျိုးဆိုတာရော ဟုတ်ပါသလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ယေဘုယျ မိခင်နို့ထဲမှာ နို့သာပါတယ်။ အစားအသောက် ဘာစာစာစား နို့သာထွက်တယ်။ အစား မစားနိုင်တာတောင် နို့ထွက်နိုင်တယ်။ ဆေးတချို့ကတော့ နို့ထဲရောက်တယ်။ ဆေးတခုချင်းကိုပြောရတယ်။ မိခင်သွေးထဲမှာ ကူးစက်ပိုး ဥပမာ HIV နဲ့ အသည်းရောင် ဘီပိုး ရှိနေရင် နို့ကနေတဆင့် ကလေးကိုကူးစက်နိုင်မှု ပိုနိုင်တယ်။ အစားအသောက်မှာ မေးခွန်းထဲပါတာတွေကို ဆေးသုတေသနမလုပ်လို့ မဟုတ်ပါဘူးပြောရင် အစွန်းတော့ မလွတ်ပါ။ မိခင်အနေအထားကြောင့် နို့ နည်း-များ မဖြစ်စေပါ။ နို့ထွက်စေဘို့ ဦးနှောက်အောက်ခြေက ထုတ်ပေးနေတဲ့ ပရိုလက်တင်ဟော်မုန်းကလုပ်ပေးနေတာဖြစ်တယ်။ ဟော်မုန်းနည်းရင် နို့ထွက်နည်းမယ်။ ပရိုလက်တင်ဟော်မုန်းများတဲ့သူ အိမ်ထောင်မပြုဘဲ နို့ရည်ထွက်တယ်။

နာနတ်သီးနဲ့ သဘောင်္ာသီးစိမ်းလည်း ဖြေရတာမောပြီ။ အဲလို လူတိုင်းစားသောက်တာကနေ ကိုယ်ဝန်ပျက်တယ်သာဆိုရင် ကိုယ်ဖျက်နည်း မေးကြမှာမဟုတ်ပါ။

ခဏခဏဖြေတာကို တင်ထားတယ်။ ကိုယ်ဝန်ဆောင်နေသူတွေ မဟုတ် မရှိ မကောင်းစကားတွေ နားမထောင်သင့်။ ကျွန်တော်ရေးတဲ့ မူမမှန်ကိုယ်ဝန်စာတွေကိုလည်း ကိုယ့်မှာတကယ်ဖြစ်မနေသူတိုင်းက မဖတ်သင့် ကြပါ။ မဟုတ် မရှိ မကောင်းစကားပြောသူတွေနဲ့ အပေါင်းအသင်း မလုပ်သင့်ကြပါ။

မဖြစ်တာကို စိုးရိမ်ပူပန်နေသူမျိုးဟာ ဖြစ်တာကို မသိဖြစ်တတ်ကြတယ်။

၅။ ဆရာရှင့် သမီးအသက် ၂၆ ကိုယ်ဝန် ၇လနဲ့ ၃ပတ်ပါ ရှင့် ငလျှင်လှုပ်ရင် ကိုယ်ဝန်ဆောင်သည်က အုန်းရည် သောက်ပေးရတာ ဟုတ်လားရှင့် မသောက်ရင် ကလေးမသန်စွမ်းဖြစ်တယ်ပြောလို့ ပြန်ဖြေပေးပါနော် ကလေးအတွက်စိတ်ပူလို့ပါရှင့်

စောစောကတင်ထားတဲ့စာထဲ ထပ်ဖြည့်လိုက်ဦးမယ်။ တကမ္ဘာလုံးမှာ ငလျင်လှုပ်တယ်။ တချို့နေရာတွေမှာ အုန်းပင်မရှိ အုန်းသီးမရှိပါ။ မသန်မစွမ်းကလေးဆိုတာ မျိုးဗီဇနဲ့ ကူးစက်ရောဂါတွေနဲ့ဆိုင်တယ်။ အုန်းခြံအကျယ်ကြီးရှိတဲ့အိမ်မှာလည်း ဖြစ်နိုင်တယ်။

Myths မဟုတ်တာတွေ ပြောကြရအောင် https://doctortintswe.blogspot.com/2019/08/myths.html

ဒေါက်တာတင့်ဆွေ
၃၁-၈-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ