Sunday, August 25, 2019

Tropic of Cancer မြောက်ယဉ်စွန်းတန်း

ပို့စ်တခု ထပ်တွေ့လို့ ထပ်ပါတယ်။ ရေးထားတာ ကြာပြီ။ မြန်မာလိုရော အင်္ဂလိပ်လိုပါ မှားနေတဲ့ ကျောက်စာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအစိုးရကို မှန်အောင် ပြင်ပေးဖို့ တဆင့်တင်ပြခိုင်းထားပြီးပြီ။

ကျောင်းသုံးပထဝီစာအုပ်ထဲမှာ အဲဒီနေရာကို အီကွေတာတဲ့။

ဆိုင်းဘုတ်ကျောက်စာမှာ အင်္ဂလိပ်လိုမှားနေတယ်။ Tropic of Cancer လို့ရေးရပါတယ်။ မြန်မာစာသတ်ပုံလည်း မှားနေတယ်။ ယဉ်စွန်းတန်းမှာ ရေးချမပါရပါ။ ယာဉ်ဆိုတာ သွားလာစရာယာဉ်။

ဆိုင်းဘုတ်ဟာ မြန်မာနိုင်ငံ ကလေးမြို့နားမှာရှိတဲ့ မြောက်ယဉ်စွန်းတန်းဖြတ်ရာနေရာဖြစ်ပါတယ်။ အင်္ဂလိပ်လို မှားနေတာကို သိအောင် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျရတ်ပြည်နယ်ကဆိုင်းဘုတ်ကိုဖတ်စေချင်ပါတယ်။ မြောက်ယဉ်စွန်းတန်းကို Tropic of Cancer လို့ရေးရပါတယ်။ တောင်ယဉ်စွန်းတန်းကို Tropic of Capricorn လို့ရေးပါတယ်။ Cancer နဲ့ Capricorn တို့ဟာ ဆယ်နှစ်ရာသီခွင် အမှတ်အသားတွေဖြစ်ကြတယ်။ Cancer ဆိုတာ ပုစွန်လုံး (ကရကဋ်) နဲ့ Capricorn ဆိုတာ (မကရ) ဆိတ်ရုပ်ဖြစ်တယ်။

ကမ္ဘာကြီးဟာ ၂၃့၅ ဒီဂရီစောင်းပြီး လည်နေရင်း နေကို တနှစ်မှာတပတ်ကျ လှည့်ပတ်နေတာမှာ ကမ္ဘာပေါ်နေတည့်တည့် ဖြတ်သန်းရာစက်ဝိုင်းမျဉ်း ၂ ခုရှိပါတယ်။ Tropic of Cancer မြောက်ယဉ်စွန်းတန်း စက်ဝိုင်းမျဉ်းဟာ မြောက်လတ္တီတွတ်  ၂၃့၅ ဒီဂရီမှာဖြစ်တယ်။ နှစ်စဉ် ဇွန်လ (၂၁) ရက်နေ့ မွန်းတည့်ချိန်မှာ နေနဲ့တည့်တည့် ကျရောက်တယ်။ Tropic of Capricorn တောင်ယဉ်စွန်းတန်းကတော့ တောင်လတ္တီတွတ်  ၂၃့၅ ဒီဂရီမှာဖြစ်တယ်။ နှစ်စဉ် ဒီဇင်္ဘာလ (၂၁) ရက်နေ့ မွန်းတည့်ချိန်မှာ နေနဲ့တည့်တည့်ကျရောက်တယ်။

နာမည်ပေးခဲ့တာက နှစ်ပေါင်း ၂ဝဝဝ ကြာပါပြီ။ ယနေ့ခေတ်မှာ အရင်ကထက်တိတိကျကျတိုင်းတာလာနိုင်ပြီဖြစ်လို့ အရင်သတ်မှတ်ချက်တွေ နည်းနည်းလွဲနေတာသိလာရတယ်။ နာမည်ကိုတော့ မပြောင်းပါ။ Tropic of Cancer မြောက်ယဉ်စွန်းတန်းနေရာဟာ တသမတ်တည်းမကျပါ။ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေကိုဖြတ်သန်းတဲ့ စိတ်ကူးယဉ်စက်ဝိုင်းမျဉ်း မြောက်ယဉ်စွန်းတန်းဟာ 23°26′N 93°23′E ဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ် မတ်လ (၂၈) ရက်နေ့တုံးက Tropic of Cancer မြောက်ယဉ်စွန်းတန်း စက်ဝိုင်းမျဉ်းဟာ မြောက်လတ္တီတွတ် 23°26′13.8″ (23.43718°) မှာကျရောက်ခဲ့ပါတယ်။

Tropic of Cancer ဆိုတဲ့ဝတ္တုလည်းရှိတယ်။ လိင်ပိုင်းအရေးအသားတွေပါလို့ ယူအက်စ်မှာ ၂၇ နှစ် ပိတ်ပင်ခံခဲ့ရသတဲ့။

ပညာသုတပြည့်ဝကြစေ။ ဘာသာစကားတွေ စနစ်တကျတတ်မြောက်ကြပါစေ။ ပညာသင်ပေးသူတွေကိုယ်တိုင်လည်း အစစ်အမှန်ပညာတွေ တတ်မြောက်ကြပါစေ။

အဲဒီကျောက်ပြားစိုက်ထူစဉ်ပါခဲ့တဲ့သူနဲ့ ထောင်ထဲမှာဆုံခဲ့သူတယောက်နဲ့ အခုပဲ စကားပြောခဲ့သေးတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၈-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

သစ္စာဆောင်

တမြန်နှစ်က ဒီလိုနေ့မှာ လွန်ခဲ့တဲ့ ၂၈ နှစ်ကသိမ်းထားခဲ့တဲ့ သံသေတ္တာလေးကို ဖွင့်ပါတယ်။ လုံခြုံရေးအတွက် မီးရှို့ ဖျက်ဆီးတာမခံရပဲ ချန်ထားတာလေးေ...