ကောသလမင်း အိပ်မက် (၁၆) ချက်
၁။ အရပ်လေးမျက်နှာမှ လေးကောင်သော နွားလားဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။ နောင်အခါ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်စီး၍ လူတို့၌ အစာရေစာ ရှားပါးငတ်မွတ်ခြင်း ဖြစ်လတ္တံ့။ ၂။ နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ၊ သီးကြသည်ကို မြင်မက်ပါသည်။ နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်းတိုသော ကာလ၌ ယောက်ျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။ ၃။ နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။ နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သောကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။ ၄။ လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်...